စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ဧပြီ ၂ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးသွားပါတယ်။
လေပြင်းတိုက်ခိုက်ခဲ့တဲ့အတွက် မော်လူးမြို့မှာရှိတဲ့ လူနေအိမ်နဲ့ ကျောင်းတွေ အမိုးလန်တာ၊ ပြိုလဲပျက်စီးတာ၊ လမ်းဘေးဓာတ်တိုင်တွေ ပြိုလဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မင်းရာဇာရပ်ကွက်မှာ နေထိုင်သူတဦးက “ညနေ ၄ နာရီလောက်က လေပြင်းစတိုက်တာ၊ အတော်ကြမ်းတယ်။ လေပြင်းတိုက်လို့ ယိုင်သွားတဲ့အိမ်တွေ၊ အမိုးလန်သွားတဲ့အိမ်တွေ အတော်များတယ်။ ကျနော်တို့ရပ်ကွက်က စာသင်ကျောင်းဆို အမိုးလန်သွားတယ်။ တခြားရပ်ကွက်တွေက အိမ်တွေလည်း အမိုးလန်တာ အများကြီးပဲ။ အမိုးလန်တာ၊ အိမ်ယိုင်သွားတာ အားလုံးဆို ၄၀ လောက်ရှိမယ်။ ဓာတ်တိုင်တွေလည်း လဲတာပဲ” လို့ ပြောပါတယ်။
လေပြင်းတိုက်ခိုက်ခဲ့တဲ့အတွက် မော်လူးမြို့ အနီးနားက ကျေးရွာတွေဖြစ်တဲ့ ဟဲနူ၊ ကရင်၊ အုန်းဒုတ်၊ မင်းသာ ကျေးရွာတွေမှာလည်း လူနေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
မော်လူးမြို့ဟာ ရွှေဘို-မြစ်ကြီးနား ကားလမ်းမကြီးဘေးမှာ တည်ရှိပြီး အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့အတွက် ၂၀၁၈ ခုနှစ် မေလ ၁၀ ရက်က မြို့အဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ မော်လူးမြို့နဲ့ နန့်စီးအောင်ကြားလမ်းပိုင်းမှာ အင်အား ၃၀ ခန့်နဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဇွန် ၁၂ ရက် မနက် ၁၀ နာရီလောက်က ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သား ၂ ယောက်လောက်သေဆုံးပြီး ၉ ယောက်လောက် ဒဏ်ရာရရှိနိုင်ကာ စစ်တပ်ပိုင်ကားနဲ့ မိုးညှင်းဘက်ကို ပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်သူကပြောပေမဲ့ ထိခိုက်ကျဆုံးစာရင်းကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဒေသခံတယောက်က “ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစပြီး အင်းတော်၊ နဘား၊ ကသာလမ်းတလျှောက်(စ.. )တွေနေရာအနှံ့ ကင်းပုန်းဝပ်တယ်။ ဒီဘက်ကိုအင်အား အလုံးအရင်းဖြည့်နေတယ်"လို့ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ခရီးသွား ကား၊ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးနေတယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ထားပါတယ်။