close

မော်လူးရဲစခန်း

close

September 24, 2022

မော်လူးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂ ဦး စစ်ဆေးမခံဘဲ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးမှာ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်း PDF တပ်ဖွဲ့ဝင်တွေက  ရဲတပ်ဖွဲ့ဝင် နှစ်ယောက်ကို  စစ်ဆေးနေစဉ် ခုခံထွက်ပြေးလို့  ပစ်ခတ်ရာမှာ အဆိုပါ ရဲနှစ်ယောက်စလုံး ဒဏ်ရာရပြီး သေဆုံးသွားတယ်လို့  PDF တပ်ဖွဲ့ကပြောပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်ဟာ မော်လူးစခန်းက ရဲတပ်သား မျိုးဇော်လတ်နဲ့  မိုးကျော်တို့ ဖြစ်တယ်လို့ သိရတယ်။

PDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက “ စိတ်မကောင်းပါဘူး သုံ့ပန်းအနေနဲ့ ကောင်းမွန်စွာထိန်းသိမ်းဖို့က ကြိုးစားခဲ့တာပါ " လို့  ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါပစ်ခတ်မှုနဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်သေဆုံးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးသလို နယ်မြေခံရဲတပ်ဖွဲ့ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။ 

အကြမ်းဖက်စစ်အုပ်စုလက်အောက်မှာနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအနဲ့ စစ်ကောင်စီရဲ့ လက်ကိုင် တုတ်အဖြစ်နဲ့ပဲ မနေကြတော့ဖို့ စဥ်းစားချိန်တန်ပါပြီလို့ PDF တပ်ဖွဲ့က သတိပေး‌ကြောင်းထပ်မံ ပြောဆိုခဲ့ပါတယ်။

စစ်‌ကောင်စီတပ်တွေဟာ မော်ဟန်ဘက်အထိ စစ်ကြောင်းထိုးလာနေလို့ ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြပြီး သတိနဲ့စောင့်ကြည့်နေရတယ်လို့ PDF အဖွဲ့ တာဝန်ရှိသူ တယောက်ကလည်း ပြောပါတယ်။

2 mins Ago
Up