စစ်တပ်အာဏာသိမ်းပြီးနောက် ခုခံတွန်းလှန်စစ်ဆင်နွှဲဖို့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါ်လာပြီး စစ်အာဏာရှင်ဖြုတ်ချရေး နည်းပေါင်းစုံနဲ့ တော်လှန်ခဲ့တာဟာ အခုဆို တော်လှန်ရေးကာလ ၂ နှစ်လောက်ရှိပြီ ဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက အခြေအနေတွေနဲ့ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ Myaung Eagle People Defence Force အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုတိုးကြီးကို ဒီဗွီဘီက မေးမြန်းထားပါတယ်။
မေး-သတင်းတွေအရ စစ်ကိုင်းတိုင်းဟာ တော်လှန်ရေးအဖွဲတော်တော်များများ စိုးမိုးနေပြီလို့ ဆိုကြတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီကလည်း မြို့နယ်တချို့ကို စစ်အုပ်ချုပ်ရေး ကြေညာ ထားတယ်။ ဆိုတော့ လက်ရှိအခြေအနေမှာ မြောင်မြို့နယ်က ရွာပေါင်း ၅၂ ရွာမှာ ရွာဘယ်လောက် စိုးမိုးနိုင်ပြီလဲ။
ဖြေ- “စစ်ကိုင်းတိုင်းမှာ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေနဲ့ အတော်လေးအဆက်သွယ်များများ ရှိပါတယ်။ စိုးမိုးထားနိုင်တဲ့နယ်မြေတွေလည်းများပါတယ်။ မြောင်မြို့နယ်ကတော့ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတယ်။ ကျေးရွာတွေကို ဘယ်လောက်အထိ စိုးမိုးထားနိုင်ပြီလဲ ဆိုတော့ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ရော၊ NUG အနေနဲ့ရော ရွာပေါင်း ၅၂ ရွာ ရှိတဲ့ အထဲက ရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင် ၉၀ ရာခိုင်နှုန်းအထိ လွှမ်းမိုးထားနိုင်ပါတယ်။ ကျေးရွာအနေနဲ့ပြောမယ်ဆိုရင် စကစက ကျေးရွာ ၃ ရွာကို အထိုင်ချထားတာရှိပါတယ်။ အဲဒီ ၃ ရွာကိုလည်း သူတို့က အုပ်ချုပ်ရေးအပိုင်းမှာ လုံးဝစိုးမိုးထားနိုင်တယ်လို့ ပြောလို့ မရဘူး။ သူတို့ အထိုင်ချထားတဲ့စခန်းအတွင်းကနေ စခန်းအပြင်ဘက်မထွက်ရဲဘဲ ကျီးလန့်စာ စားနေရတဲ့ အဖြစ်မျိုးနဲ့ နေထိုင်နေရတယ်။ အဲဒါကြောင့် ကျေးရွာတွေကို NUG အစိုးရက လွှမ်းမိုး အုပ်ချုပ်ထားတယ်လို့ ပြောရမှာပါပဲ။”
မေး-တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်နဲ့ ဒေသကာကွယ်ရေးတွေဘက်က ကျဆုံးထိခိုက်မှု အခြေအနေ (အရေအတွက်) နှစ်ဖက်စလုံးမှာ ဘယ်လောက်ရှိပြီလဲ။
ဖြေ- “တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ နှစ်ဖက်စလုံးမှာတော့ အကျအဆုံးရှိကြတာပါပဲ။ စာရင်းပြုစုထားတာ ဆိုတာကတော့ တချို့ တဝက်တော့ရှိပါတယ်။ အလုံးစုံတော့ စာရင်းပြုစုထားတာတော့ မရှိဘူး။ စစ်ကောင်စီဘက်က သေဆုံးစာရင်းကတော့ အတော်များများစာရင်းထဲမှာရှိပါတယ်။ သို့ပေမဲ့ စစ်ကောင်စီဘက်က သေဆုံးသွားတဲ့ တပ်သားတွေကို စစ်ကြောင်းထိုးရင်း ကျေးရွာအတွင်းက အိမ်တွေနဲ့ ပေါင်းပြီး မီးရှို့သွားတာရှိသလို သူတို့ စခန်းစီကို သယ်သွားတာတွေလည်း ရှိပါတယ်။ ကျနော်တို့ ကာကွယ်ရေးအဖွဲ့အနေနဲ့လည်း အကျဆုံးတော့ ရှိပါတယ်။ အရေအတွက် စာရင်းပြုစုထားတာရှိပေမဲ့ ဒါကိုတော့ ပြောပြလို့ မရနိုင်ပါဘူး။”
မေး - အခုဆို ဒေသထဲမှာ တိုက်ပွဲကာလ ၂ နှစ်လောက်ရှိလာပြီးဆိုတော့ မြောင်မြို့နယ်ထဲမှာရော ဒေသခံတွေရဲ့ လူမှုစီးပွားဘဝတွေ အခြေအနေက ဘာတွေပြောင်းလဲသွားပြီလဲ။
ဖြေ- “လူမှုဘဝပြောင်းလဲမှုကတော့ မြေပြင်အခြေအနေကို မြင်နေ၊ ကြားနေရတာပဲ။ အဓိကတော့ မြောင်နယ်အတွင်း ကျန်းမာရေးတစ်ခုခုဖြစ်တယ်ဆိုရင် အရင်လို ကောင်းမွန်တဲ့ ဆေးဝါးနဲ့ ကုသခံယူဖို့ နည်းသွားရတာပေါ့။ အဲဒီတချက်ရယ် စီးပွားရေးအနေနဲ့ကတော့ ဒီနယ်မှာ စားရရင် ပြီးတာပဲ။ စားနိုင်ရင်ပြီးတာပဲဆိုတဲ့ အနေအထား တခုနဲ့ ရပ်တည်နေကြရတယ်။ စီးပွားရေးက ကူးသန်းမှုနဲ့ လုပ်ကြရတာဆိုတော့ စစ်ကောင်စီက ဟောဒီနယ်မြေတွေကို ဖြတ် လေးဖြတ်နဲ့ လုပ်ဆောင်နေတယ်။ အဲဒီလို လုပ်ဆောင်လို့ ဒီတော်လှန်ရေးကာလမှာ ဆုတ်ယုတ်တဲ့ ပြောင်းလဲမှု လို့ပြောလို့ရပါမယ်ဗျ။”
မေး - စစ်ကောင်စီဟာ အကြမ်းဖက်သူတွေလို့ NUG တို့ CRPH တို့နဲ့ ပြည်သူတွေက နားလည် ထားတဲ့အချိန်မှာ ဒါကို တော်လှန်ဖို့ PDF ဆိုတဲ့ အင်အားစုတွေပေါ်လာတယ်။ တချိန်တည်းမှာပဲ သတင်းပေးဒလန်တွေကို ရှင်းလင်းတာတွေလည်းရှိခဲ့တယ်။ တချို့ ဒေသတွေမှာ ဒလန်လို့ ဆိုပြီး သတ်ဖြတ်မိတဲ့ အခါမှာ နောက်မှ မှားယွင်းကြောင်း စိတ်မကောင်းဘူးဆိုတဲ့ စာထုတ်တာမျိုးတွေ တခြား တော်လှန်ရေးအဖွဲ့တွေမှာ တွေ့ရတယ်။ အဲဒီအပေါ်ကို ဘယ်လို ပြောချင်လဲ။
ဖြေ- “တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒလန်တွေကို ရှင်းတဲ့အခါမှာ အဖွဲ့အစည်းတွေအနေနဲ့ သတင်းတည်ဆောက်မှုကို အရင်လုပ်ကြရတာပေါ့။ တခုရှိတာက မှားယွင်းခံရတဲ့သူတွေက ရှင်းရှင်းပြောရရင် အုတ်ရောရော၊ ကျောက်ရောရောပေါ့။ သာပေါင်း ညာစားနေရာတွေ ဖြစ်ဖို့ များပါမယ်။ သတင်းရယူတဲ့အဖွဲ့တွေနဲ့လည်း အဲဒါကြောင့် မှားယွင်းသွားတာလို့ ထင်ပါတယ်။
အဖွဲ့အစည်းတွေအနေနဲ့လည်း သတင်းရယူတဲ့နေရာမှာ သတင်းတိတိကျကြကြရယူဖို့ လိုမယ်လို့ ထင်ပါတယ်။ ပြည်သူတွေကလည်း အုတ်ရောရော၊ ကျောက်ရောရော မနေဖို့ ပြတ်သားစွာ ရပ်တည်ဖို့ လိုပါမယ်။ အဲဒီလို ပြတ်ပြတ်သားသားမနေလို့ ပြည်သူကာကွယ်ရေးအဖွဲ့ဘက်က မှားယွင်းသတ်ဖြတ်မိတယ်ဆိုရင် ဘာရမလဲဆိုတော့ Sorry တစ်လုံးပဲ ပြန်ရမယ်။ သူတို့ ကိုယ်တိုင်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ သတင်းတည်ဆောက်ချိန်မှာ ပြတ်ပြတ်သားသားနေ ဖို့ လိုပါမယ်။”
မေး - နောက်ပြီ စစ်ကောင်စီတပ်တွေအတွက် ရည်ရွယ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုတွေမှာ အရပ်သား တွေ ထိခိုက်မိတာတွေနဲ့ ပတ်သက်လို့ရော ဘယ်လို ပြောမလဲ။
ဖြေ - “နယ်မြေခံအဖွဲ့တွေနဲ့ မိုင်းနဲ့ ပတ်သက်လို အရပ်သားတွေကို အသိပညာပေးတာတွေ ပြုလုပ်ပေးပြီးသား။ အစဉ်တစိုက်ပြုလုပ်ပေးနေပါတယ်။ စစ်ကြောင်းထိုးလာပြီဆိုရင် အရပ်သားတွေအနေနဲ့ ဘယ်လို ရှောင်ရ၊ တိမ်းရမယ်ဆိုတာ နယ်မြေခံအနေနဲ့ သိရှိပြီး ဖြစ်ပါလိမ့်မယ်။ တချို့ညပိုင်းတွေမှာ စစ်ကြောင်းထိုးလာရင်လည်း ကာကွယ်ဖို့ရာဆိုပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြိုတင်မိုင်းထောင်တာတွေ ရှိပါတယ်။ အဲဒါကို ပြည်သူတွေ မသိဘဲ မှားယွင်းစွာသွားမိလို့ မိုင်းမိတာလည်း ဖြစ်နိုင်ပါတယ်။ ကာကွယ်ရေးအဖွဲ့အနေနဲ့လည်း မိုင်းကွင်း တွေကို ရပ်ရွာတွေအနေနဲ့ အထူးသတိပြုထောင်ကြဖို့နဲ့ ထောင်ပြီးရင်လည်း အရပ်သားတွေကို အသိပေးဖို့ လိုမယ်။”
မေး-ပြီးခဲ့တဲ့ရက်က ဗိုလ်ချုပ်မွေးနေ့ကို အစဉ်အလာအနေနဲ့ မမေ့မလျော့လုပ်တာ ရှိပါတယ်။ ညောင်ကားယားမှာ တဖက်က နေ့စဉ် လက်နက်ကြီးပစ်တဲ့ အခြေအနေရှိနေတာကိုတောင် လုပ်ခဲ့တယ်။ တကယ်လို့များ အဲဒီလက်နက်ကြီး ပွဲလုပ်တဲ့အပေါ် ကျသွားရင် ဘယ်လိုမျိုးတွေ ဖြစ်လာနိုင်မလဲလို့ စိုးရိမ် ဝေဖန်ကြတာတွေ ရှိတဲ့အပေါ် ဘယ်လို တုံ့ပြန်ချင်ပါသလဲ။
ဖြေ- “ပွဲပေါ်ကျရင်တော့ လူတွေသေမှာပေါ့ဗျာ။ အလုပ်တခုလုပ်ပြီဆိုရင် ဝေဖန်မှုတွေကတော့ ရှိကြမှာပဲ။ တချို့ကလည်း ဒီလို ပွဲမျိုးလုပ်တာ ကောင်းတယ်။ တချို့ကလည်း မကောင်းဘူး။ နေစဉ်နဲ့အမျှ စစ်ကောင်စီက လက်နက်ကြီးပစ်တဲ့ဒဏ်တွေ ခံစားနေရတာ ဒီလိုပွဲမျိုးလုပ်တာ သေမယ်မှန်းသိတယ်။ အဲဒီလို သေမယ်မှန်းသိသိနဲ့ အခုလိုပွဲလုပ်တဲ့ ပြည်သူတွေရဲ့ သတ္တိကိုကြည့်ပြီး တချို့ဝေဖန်နေတဲ့သူတွေ မဝေဖန်နဲ့လို့ပဲ ပြောချင်တယ်။ ဒါပေမဲ့ ပြည်သူအများရဲ့ သဘောထားအရ ဒီပွဲကိုလုပ်ပြီး အောင်မြင်စွာပြီးဆုံးသွားပြီလို့ပဲ ပြောပါရစေ။”
မေး-စစ်အာဏာရှင်ကို ပြုတ်ကျအောင် ဘက်ပေါင်းစုံက လုပ်နေပေမဲ့ နေပြည်တော်မှာ စစ်ခေါင်းဆောင်တွေက လုပ်စရာရှိတာကို ပုံမှန်အတိုင်း လုပ်နေတာ တွေ့ရတယ်။ အောက်ခြေ စစ်သားတွေသေတာ၊ ဒလန်တွေ သေတာလောက်နဲ့ စစ်အာဏာရှင်တွေ ပြုတ်ကျနိုင်မလား။ ဒါကို ဘယ်လို မြင်လဲ။
ဖြေ- “နေပြည်တော်မှာ စစ်ခေါင်းဆောင်တွေက သူတို့ ပုံမှန်ထက်ကို ပိုလုပ်ဆောင်နေရတာ။ ဘာလို့ လုပ်နေရတာလဲဆိုတော့ ပြည်သူ့ကာကွယ်အဖွဲ့တွေက ခံစစ်ဆင်တယ်။ နောက်ပြီး ပြောက်ကျား စနစ်တိုက်တဲ့အခါမှာ သူတို့အောက်ခြေ စစ်သားတွေ သေဆုံးတယ်။ အဲဒီလို သေဆုံးလိုလည်း ပုံမှန်ထက်အလုပ်ကို လုပ်ဆောင်နေရတယ်။ အောက်ခြေ စစ်သားတွေသေတာ၊ ဒလန်တွေ သေတာလောက်နဲ့ စစ်အာဏာရှင်တွေ ပြုတ်ကျနိုင်မလားဆိုရင် ပြုတ်ကျ နိုင်ပါတယ်။ ဘုရင်ဆိုတာလည်း အခြွေအရံရှိမှ ဘုရင်ဆိုတာ ဖြစ်တာ။ ဆရာဆိုတာလည်း တပည့်ရှိလို ဆရာဖြစ်တာ။ အာဏာရှင်ဆိုတာလည်း အောက်ခြေစစ်သားနဲ့ ဒလန်တွေရှိလို အာဏာရှင် ဖြစ်နေရတာ။ သူတို့ကျနော်တို့ စိုမိုးနယ်ထဲကို သွားမယ်ဆိုရင် ဒလန်တွေ၊သတင်းပေးတွေ ရှိနေလို့ သွားရဲလာရဲနေကြတယ်။ အဲဒီမှာ အောက်ခြေစစ်သားနဲ့ ဒလန် မရှိရင် အာဏာရှင်ပြုတ်ကျမှာ အသေချာပဲ။”
မေး-စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီစစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်တာ ထိတွေ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိပေမဲ့ တိုင်းအတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါင်းပြီး နမခလိုမျိုး အဲဒီအောက်မှာရှိတဲ့ ခလရ ၊ ခမရလိုမျိုးကို ဝင်ရောက် စီးနင်းတိုက်ခိုက်တာတွေ ဝင်စီးနိုင်တဲ့ အင်အားနဲ့ အခြေအနေ ရှိနေပြီလား။
ဖြေ - “နမခ၊ခမရလိုမျိုးတပ်တွေကို စီးနင်းတိုက်ခိုက်တာတွေ ဝင်စီးနိုင်တဲ့ အင်အားနဲ့ အခြေအနေ ရှိပါတယ်။ သို့ပေမဲ့ မြေပြင်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ၊ တော်လှန်ရေးတပ်ပေါင်းစုတွေ အားလုံးဟာ ကျနော်တို့ အစိုးရဖြစ်တဲ့ NUG အစိုးရရဲ့ COC အစီအစဉ်တိုင်း သွားနေကြပါတယ်။ ဒီ COC Plan အောက်က သွားနေကြတော့ NUG ရဲ့ ဘာညွှန်ကြားချက်မှ မရဘူးဆိုရင် ဘာမှ လုပ်ကိုင်လို့ မရပါဘူး။ ကျနော်တို့ အနေနဲ့ ဘယ်လောက်ပဲ အင်အားရှိရှိ၊ လက်နက်ပြည့်စုံနေပါစေ NUGနဲ့ MODတို့ရဲ့ Change Of command မရရင် ဘာမှလုပ်လို့မရဘူးလိုပဲ ဖြေပါရစေ။”
မေး-တော်လှန်ရေးစတဲ့အချိန်နဲ့ အခု ၂ နှစ်ကြာမှာ လူထုဆီက အကူငွေ ထောက်ပံ့မှုတွေရတဲ့ အခြေအနေ ဘယ်လို ကွာခြားသွားပြီလဲ။
ဖြေ- “အဲဒါကတော့ အတော်လေးကို ကွာခြားပါတယ်။ တော်လှန်ရေး မစခင်က ပြည်သူတွေ စုဆောင်းထားတဲ့ အရာတွေ ရှိတော့ အများကြီး လှူဒါန်းနိုင်ကြတယ်။ အခုတော်လှန်ရေး အချိန်ကြာမြင့်လာတာ တကြောင်းရယ်၊ စစ်ကောင်စီရဲ့ ပြည်သူအိမ်တွေ မီးရှို့ ဖျက်ဆီးတာကြောင့် ပြည်သူတွေအခက်အခဲတွေ များလာလို့ လှူဒါန်းတာတွေ အခုနောက်ပိုင်းအတော်လေး နည်းလာတယ်။”
မေး - NUG နဲ့ စစ်ကောင်စီ အားသာချက် အားနည်းချက် ဘာတွေကွဲလဲ မြင်သလောက်ပြောကြည့် ပါလား။
ဖြေ- “ကွာတာပေါ့။ NUG အစိုးဆိုတာ ပြည်သူရင်က ပေါက်ဖွားလာတဲ့ အစိုးရလေ။ NUG အစိုးရဆိုပြီး စာတန်းလေးချိတ်ပြီးတက်လာတဲ့ အစိုးရ မဟုတ်ဘူး။ ပြည်သူရဲ့ထောက်ခံမှု၊ ပြည်သူရဲ့ ပံ့ပိုးထောက်ပံ့တာတွေနဲ့ ဖြစ်တည်လာတဲ့ အစိုရးပါ။ စကစကဆိုတာ လူ တစု ကောင်းစားဖို့ အများပြည်သူစတေးခံနေရတယ်လို့ပဲ ပြောချင်တယ်။”
မေး- အခုမေးခွန်းက နောက်ဆုံးပါပဲ။ ကျနော်တို့ မြန်မာပြည်သူလူထုတွေ တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ ဆန္ဒတွေ ဘယ်တော့ ပြည့်ဝမယ်ထင်ပါသလဲ။
ဖြေ- “ကျနော်တို့ တော်လှန်ရေး ဘယ်နေ့ ပြည်ဝမယ်လို့ ဆိုတာကတော့ NUG အစိုးရကလည်း ၂၀၂၃ ဟာ တော်လှန်ရေးရဲ့ အဆုံးဖြတ်နှစ်လို့လည်း ပြောထားတယ်ဆိုတော့ ကျနော်အနေနဲ့ ထပ်ပြီး မပြောတော့ပါဘူးလို့ ပြောချင်ပါတယ်။”
မေး- အခုလိုဖြေပေးတာ ကျေးဇူးပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက် တနင်္လာနေ့က တူရကီနဲ့ ဆီးရီးယားနယ်စပ်ဒေသမှာ အားပြင်းငလျင်တွေ လှုပ်ခတ်ခဲ့ပြီး ဒီနေ့အထိ နိုင်ငံတကာသတင်းတွေမှာ သိရသလောက် လူပေါင်း သုံးသောင်းခွဲနီးပါး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
ငလျင်ဗဟိုချက်အနီးက ဂါဇီယံတပ်မြို့က တက္ကသိုလ်မှာ ပညာသင်ယူနေကြတဲ့ မြန်မာကျောင်းသား တော်တော်များများရှိနေပြီး ငလျင်ဒဏ်နဲ့ သူတို့ကြုံတွေ့နေရတဲ့ အခြေအနေတွေအကြောင်း မြန်မာကျောင်းသားတယောက်ဖြစ်တဲ့ ကိုရဲမင်းနိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ မြေငလျင်ကြီးစလှုပ်ခဲ့တဲ့နေ့က အခြေအနေကို ပြောပြပါဦး။
ဖြေ။ “ကျနော်တို့က ဂါဇီယံတပ်တက္ကသိုလ်မှာ ကျောင်းတက်နေကြတာပါ။ ကျောင်းရဲ့ အရှေ့ဘက်က တိုက် ၃ လွှာမှာနေကြတယ်။ အဲဒီညက အခန်းထဲမှာ မြန်မာ ကျောင်းသားတွေရော တခြားကျောင်းသားတွေပါရှိနေကြတယ်။ ငလျင်လှုပ်တာက ၁ မိနစ်ခွဲလောက်ကြာတယ်။ အဲဒီလိုမျိုး တခါမှ မကြုံဖူးဘူး။ အသေလှုပ်တာ။ ဗီရိုတွေဘာတွေဆို ယိမ်းနေတဲ့အထိလှုပ်တာ။ ဒါနဲ့ ကျနော်တို့လည်း တချို့အိပ်နေတဲ့သူတွေကိုပါဆွဲပြီး ဆင်းပြေးကြတယ်။ အဲဒီညက ရာသီဥတု အခြေအနေက ၆ ဒီဂရီလောက်ရှိတယ်။ နှင်းတွေလည်း ကျနေတယ်။ ရုတ်တရက် ဆင်းပြေးလာကြတော့ တချို့ဆို ဖိနပ်မပါ၊ အင်္ကျီမပါကြဘူး။”
“လှုပ်ပြီး ခဏနေတော့ အခန်းပေါ်ပြန်တက်ပြီး အင်္ကျီတွေဘာတွေ ရသလောက် ယူကြတယ်။ ငလျင်တွေက ထပ်လှုပ်လာတော့ လန့်ပြီး အရေးကြီးတဲ့ စာရွက်စာတမ်းတွေပါ ရသလောက်ယူပြီး ပြန်ဆင်းတယ်။ ကျောင်းဝင်းထဲက ၂၄ နာရီ ဖွင့်တဲ့ ကော်ဖီဆိုင်ထဲထိုင်နေကြတယ်။ တချို့ကလည်း ကျောင်းရှေ့မြက်ခင်းထဲမှာ၊ အားကစားရုံထဲမှာ၊ ပြီးတော့ ဗလီတွေထဲမှာ ထိုင်နေကြတယ်။ အဲဒီတညလုံးပေါ့။”
“အဲဒီညက ပထမဆုံးလှုပ်တဲ့ငလျင်က ပြင်းအား ၇ ဒသမ ၈ ရှိတယ်။ ညနေပိုင်းမှာ နောက်ထပ်လှုပ်တဲ့ ငလျင်က ၇ ဒသမ ၅ ရှိတယ်။ ဒါကတော့ နောက်မှ သိလာရတာပါ။ အဲဒီဗဟိုချက်က ကျနော်တို့နဲ့ ၇ ကီလိုမီတာ (၄ မိုင်ကျော်)ကွာတယ်။”
မေး။ ငလျင်ကြောင့် အဆောက်အအုံက ဘာဖြစ်သွားလဲ။ နောက်နေ့ကျတော့ရော။
ဖြေ။ ကျနော်တို့နေတဲ့တိုက်တွေက ဘာမှမဖြစ်ဘူး။ မြို့ထဲမှာက တိုက်အသစ်တွေ များတယ်။ မပြိုဘူး။ ဒါပေမဲ့ တိုက်တိုင်းလိုလိုမှာက အက်ရာတွေရှိတယ်။ တိုက်တိုင်း လိုလိုမှာပဲ။ ဒါကြောင့် လူတွေက တိုက်ထဲမှာ မနေကြတော့ဘဲ Shelter တွေမှာ လာနေကြတာ။ ကျနော်တို့လည်း နောက်ရက်မှာ Shelter (ကယ်ဆယ်ရေးစခန်း) ကိုရောက်သွားတယ်။ မဖွင့်ရသေးတဲ့ Museum မှာ လုပ်ထားတာပေါ့။ ဒီမှာက လူ ၅၀၀၀ လောက်နေတယ်။
နေရတာကတော့ အဆင်ပြေပါတယ်။ မနက်ဘက်ကို တူရကီစွပ်ပြုတ်နဲ့ ပေါင်မုန့်နဲ့ စားရတယ်။ ညနေဆိုရင်တော့ ထောပတ်ထမင်းပေါ့။ အခက်အခဲတွေရှိပေမယ့် အဆင်ပြေအောင်နေခဲ့ရတာပေါ့။ စစချင်းတုန်းကတော့ ခက်ခဲတာပေါ့လေ။ ဒါပေမဲ့ ဒီမှာက စီစဉ်ပေးတာတွေက ဖြစ်နေတာနဲ့စာမယ်ဆိုရင် တော်တော်ကို အဆင်ပြေပါတယ်။
မေး။ မြန်မာကျောင်းသားတွေထဲမှာ ထိခိုက်ဒဏ်ရာရတာတွေ ရှိသေးလား။ ဘယ်လိုလဲ။
ဖြေ။ “ကျနော်တို့ထဲက ကျောင်းသားတွေကတော့ မထိခိုက်ကြပါဘူး။ တိုက်တွေလည်း ဘာမှမဖြစ်ခဲ့လို့ပါ။ ဒါပေမဲ့ နှင်းတွေကျနေတဲ့ ရာသီဥတုထဲမှာ အနွေးမပါဘဲ တနာရီလောက်နေခဲ့ကြရတယ်၊ နောက်ထပ် ၁၂ နာရီလောက် ကဖေးထဲမှာနေခဲ့ကြရတော့ တော်တော်ကိုဖျားနာတာ၊ အသံဝင်သွားတာမျိုး ဖြစ်ကြတယ်။ အခုတော့ သက်သာလာကြပါပြီ။”
မေး။ အဲဒီမှာ မြန်မာကျောင်းသားဘယ်လောက်ရှိလဲ။
ဖြေ။ “မြန်မာကျောင်းသားက ဒီနှစ်တော်တော်များတယ်။ အယောက် ၅၀၊ ၆၀ လောက် ရှိမယ်။ ဂါဇီယံတပ် တက္ကသိုလ်မှာက ကျောင်းသားပေါင်း ၁ သိန်းလောက်ရှိမယ်။ ကျနော်တို့တွေထဲက တချို့က အဆောင်တွေမှာ နေကြတယ်။ တချို့ကတော့ အခန်းငှားပြီး စုပေါင်းနေကြပါတယ်။”
မေး။ ငလျင်အခြေအနေကိုလည်း သိသလောက် ပြောပြပါဦး။
ဖြေ။ “ငလျင်လှုပ်ပြီးနောက်ပိုင်း ကျနော်တို့လည်း App တွေကနေ ကြည့်ကြတယ်။ လှုပ်ပြီးနောက်နေ့မှာဆို ပြင်းအား ၃ ကနေ ၅ အထိရှိတဲ့ ငလျင်တွေက ၁၅ မိနစ် တခါလောက်လှုပ်နေတာ။ တခါတခါ ၅ ကျော်တဲ့ ငလျင်တွေလည်းလှုပ်တယ်။ ဒါက နိုင်ငံတဝန်းမှာပေါ့။ တူရကီအစိုးရရဲ့ ဝက်ဘ်ဆိုက်တွေမှာလည်း ဝင်ကြည့်လို့ရတယ်။ အခုတော့ ၁ နာရီ၊ ၂ နာရီလောက်မှာ တကြိမ်လောက်လှုပ်နေသေးတယ်။
“ကျနော်တို့နေတဲ့ ဂါဇီယံတပ်မှာက တိုက်အသစ်တွေပဲ ရှိတော့ သိပ်မပျက်စီးဘူး။ ဒါပေမဲ့ တချို့ ၁၂ ထပ်တိုက်ကြီးတွေ အလယ်ကနေ ထက်ခြမ်းကွဲသွားတာမျိုးတွေ့ရတယ်။ Old city ကျနော်တို့ခေါ်တဲ့ ဂါဇီယံတပ်မြို့ဟောင်းပေါ့၊ အဲဒီမှာက တိုက်အဟောင်းတွေရှိတယ်။ အဲဒီမှာတော့ ပြိုကျတာတွေရှိတယ်။ အထိခိုက်ဆုံးကတော့ ခါရာမန်မရတ်ရှ်မြို့ပေါ့။ အဲဒီမှာက မြို့တဝက်လောက် ပျောက်သွားတယ်။ သတင်းတွေထဲမှာက အဲဒီမြို့အကြောင်းပဲ တွေ့နေရတယ်။ ကျနော်တို့မြို့က သိပ်ထိခိုက်တာမရှိတော့လေ။ အခုထိတော့ လူ ၁၅၀၀၀ လောက် သေတယ်လို့ သိရတယ်။” (နောက်ဆုံးသတင်းတွေအရတော့ လူ ၂ သောင်းလောက် သေဆုံးတယ်လို့ သိရပါတယ်)
မေး။ အခု ငလျင်ကြီးလှုပ်ခတ်အပြီးမှာ ဘာဆက်လုပ်မလဲ။
ဖြေ။ “နိုင်ငံမှာ အရေးပေါ်အခြေအနေ ၃ လ ကြေညာထားတယ်။ ကျောင်းကတော့ ဘယ်လိုနေမလဲမသိဘူး။ သူလည်း ပိတ်မှာပါပဲ။ ကျနော်တို့ကတော့ အန်ကာရာမြို့ကို သွားဖို့ပြင်နေတယ်။ ဒီမှာက အခုလမ်းကြောင်းတွေပြန်ဖွင့်နေပြီ။ အစိုးရက လေကြောင်းလိုင်းတွေ အခမဲ့ဆွဲပေးတယ်။ တခြားပုဂ္ဂလိကလိုင်းတွေကလည်း ဆွဲပေးတယ်။ ဒါကတော့ သက်ကြီးရွယ်အိုတွေနဲ့ မကျန်းမာ ထိခိုက်သူတွေကို ဦးစားပေးတာပေါ့လေ။ နောက်ပြီး ဘတ်စ်ကားတွေလည်း ပြေးပေးနေပြီ။ သူက ဆက်သွယ်ရေး လမ်းကြောင်းစုံတော့ အဲဒီကနေတဆင့် အစ္စတန်ဘူလ်ကိုသွားမယ်။ အစိုးရ စီစဉ်ပေးတဲ့ အခမဲ့လေယာဉ်နဲ့ သွားရမှာပါ။ ဘတ်စ်ကားလမ်းကြောင်းကတော့ အန္တရာယ်များတယ်။ လမ်းမှာ အက်ကွဲတာတွေ ရှိနေတယ်။ ဒါပေမဲ့ ရှေ့က မြန်မာကျောင်းသားတဖွဲ့ရောက်သွားပြီ။ ဟိုမှာက လောလောဆယ်နေဖို့ စားဖို့ ကူညီပေးမယ့် မြန်မာ အစ်ကိုအစ်မတွေရှိနေကြတယ်။ ပြီးတော့ တခြားနိုင်ငံက အစ်ကိုအမတွေကလည်း လှမ်းကူညီကြတယ်။ အဆင်ပြေမှာပါ။”
မေး။ တခြား အခက်အခဲတွေကရော ဘာတွေရှိလဲ။ ဘာများဖြည့်စွက်ပြောချင်လဲ။
ဖြေ။ “ငလျင်နဲ့ မဆိုင်ပေမယ့် အမြဲတမ်းကြုံနေရတဲ့ အခက်အခဲတွေကို ပြောပြချင်ပါတယ်။ ကျနော်တို့ မြန်မာကျောင်းသားတွေ ကြုံရတာပေါ့။ ဒီမှာက ပညာရေးကောင်းလို့ လာတက်ကြတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က အဆင်မပြေတာတွေကြုံရတယ်။ သူတို့ဘက်ကလိုတဲ့ စာရွက်စာတမ်း အထောက်အထားတွေ Denklik (Equivalent Certificate) တောင်းတဲ့အခါ မပေးနိုင် တာမျိုးပေါ့။ အဲဒါကလည်း ကျနော်တို့(မြန်မာ)ဘက်မှာ ပုံစံတောင်မရှိတာမျိုး။ အဲဒီလိုဆိုတော့ မပေးနိုင်တော့ အဆင်မပြေဘူး။ ဒါမျိုးတွေ အများကြီးပဲ။ ကျောင်းသားတွေ ရာနဲ့ချီလာပြီး ရာနဲ့ချီပြန်သွားကြရတယ်။ ဒီမှာက ကျောင်းသားတွေက တခြားကိစ္စတွေမှာ အဆင်ပြေပေမယ့် စိတ်ဓာတ် တော်တော်ကျကြရတယ်။ အဓိက Mental support (စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု) လိုပါတယ်။”
မေး။ အခုလို အချိန်ပေးပြီး ဖြေတာကို ကျေးဇူးတင်ပါတယ်။