ကမ္ဘောဒီးယားနိုင်ငံ၊ မဲခေါင်မြစ်မှာ အသက်ရှူဖို့ မြစ်မျက်နှာပြင်ပေါ် တက်လာတဲ့ ဧရာဝတီလင်းပိုင်တွေကို ခရီးသွားတွေက လာရောက်ကြည့်ရှုကြပေမဲ့ အခုအခါမှာတော့ မျိုးသုဉ်းလုနီးပါး နို့တိုက်သတ္တဝါ အရေအတွက် လျော့နည်းလာတာကြောင့် သူတို့ကို ထိန်းသိမ်းဖို့ ကြိုးပမ်းရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
ကမ္ဘောဒီးယားအစိုးရက ပိုက်ကွန်အတွင်းသေဆုံးတဲ့ လင်းပိုင်အရေအတွက်ကို လျှော့ချဖို့ မြစ်အတွင်း ငါးဖမ်းခြင်းဆိုင်ရာ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေကို ကြေညာခဲ့ပေမဲ့ ငွေကြေးအရင်းအနှီး ကန့်သတ်ချက်ရှိပြီး မီတာရာနဲ့ချီရှည်တဲ့ မြစ်တလျှောက်မှာ စည်းကမ်းလိုက်နာဖို့က ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေပြီး “သူတို့ကို အကာအကွယ်မပေးနိုင်မှာ ကြောက်တယ်” လို့ မြစ်စောင့် ဖွန်ဖာရွန်က ဆိုပါတယ်။
မဲခေါင်မြစ်ဝှမ်းမှာရှိတဲ့ လင်းပိုင်တွေ သေဆုံးရတဲ့ အဓိကအကြာင်းအရင်းက ငါးတွေကို သိမ်းကျုံးဖမ်းတာကြောင့် ဖြစ်တယ်လို့ ထိန်းသိမ်းရေးပညာရှင်တွေက ပြောပါတယ်။
Kratie လင်းပိုင်ထိန်းသိမ်းရေး အစောင့်တွေကို ဦးဆောင်နေတဲ့ ငါးလုပ်ငန်း ဦးစီးဌာနအရာရှိ Mok မွတ်ခ်ဟွန်လော့ခ်က ၈၅ ကီလိုမီတာအရှည်ရှိ မြစ်ကိုစောင့်ကြည့်ဖို့ အစောင့် ၄၄ ယောက်ရှိပြီး ထိထိရောက်ရောက် စောင့်ကြည့်ဖို့အတွက် လူ ၆၀ ထက်မနည်း လိုတယ်လို့ ဆိုပါတယ်။
ဧရာဝတီလင်းပိုင်တွေဟာ တချိန်က မဲခေါင်မြစ်ကိုဖြတ်ပြီး ဗီယက်နမ်မြစ်ဝကျွန်းပေါ်ထိ ကျက်စားခဲ့ကြပေမဲ့ တရားမဝင် ငါးဖမ်းတာနဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကြောင့် အများအပြား သေဆုံးခဲ့ပြီး လင်းပိုင်တွေနေတဲ့ မြစ်အထက်ပိုင်းမှာ ရေကာတာတွေ တည်ဆောက်တာနဲ့ ရာသီဥတု ဖောက်ပြန်တာကြောင့်လည်း ရေပမာဏကို များစွာ ထိခိုက်စေခဲ့ပါတယ်။
၁၉၉၇ ခုနှစ်က ကောက်ခဲ့တဲ့ စာရင်းအရ မဲခေါင်မြစ်မှာ ဧရာဝတီလင်းပိုင် အကောင်ရေ ၂၀၀ ရှိခဲ့ပေမဲ့ ၂၀၂၀ ခုနှစ်မှာတော့ ၈၉ ကောင်အထိ လျော့နည်းသွားခဲ့ပါတယ်။ ဧရာဝတီ လင်းပိုင်တွေဟာ မြန်မာနိုင်ငံဧရာဝတီမြစ်နဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ မဟာကမ်မြစ် နှစ်ခုမှာပဲ နေထိုင်ကြပြီး မျိုးသုဉ်းမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့(WWF) ကထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာလည်း ဧရာဝတီလင်းပိုင်တွေကို ရှော့တိုက်ဖမ်းဆီးတဲ့ တရားမဝင် ငါးဖမ်းသမားတွေကို ဒေသခံ PDF တပ်ဖွဲ့တွေက ဖမ်းဆီးအရေးယူတဲ့ ဖြစ်စဉ်တွေ ဖေဖော်ဝါရီလမှာ ဖြစ်ခဲ့ပါတယ်။
မဲခေါင်မြစ်အတွင်းမှာ တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း ၄ နိုင်ငံ ပူးပေါင်းပြီးတော့ ၁၂၅ ကြိမ်မြောက် မဲခေါင်မြစ်ကြောင်း ပူးတွဲကင်းလှည့်မှုခဲ့ကြတယ်လို့ တရုတ်အစိုးရ အာဘော်သတင်းတွေမှာ ဒီကနေ့ ဖော်ပြပါတယ်။
အဆိုပါ ပူးတွဲကင်းလှည့်မှုကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကစတင်ပြီးတော့ ၃ ညအိပ် ၄ ရက်တာကာလအတွင်း ကီလိုမီတာ ၆၂၀ ကျော် လှည့်လည်ခဲ့ကြပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျင်းဟာ ဆိပ်ကမ်းဆီ တရုတ်ရေယာဉ် ၂ စင်းဟာ ဗုဒ္ဓဟူးနေ့မှာ ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
ဒီပူးပေါင်းကင်းလှည့်မှုမှာတော့ မြစ်ကြောင်းတလျှောက် ဘေးကင်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့အတွက် နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ၄ နိုင်ငံက သင်္ဘောတွေ သွားလာခဲ့ကြတယ်လို့ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနက ပြောပါတယ်။
တရုတ်နိုင်ငံက လန်ကန်မြစ်လို့ လူသိများတဲ့ မဲခေါင်မြစ်ဟာ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးအတွက် အရေးပါတဲ့ ရေလမ်းဖြစ်ပါတယ်။
တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကတည်းက မြစ်ကြောင်းပူးတွဲကင်းလှည့်ခဲ့ကြတာ ဖြစ်ပါတယ်။