close

မဲခွဲဆုံးဖြတ်

close

February 24, 2023

ရုရှားတပ်များ ယူကရိန်းမှ ပြန်ရုပ်သိမ်းရန် ကုလသမဂ္ဂတွင် မဲခွဲဆုံးဖြတ် အတည်ပြု

ရုရှားအနေနဲ့ ယူကရိန်းနိုင်ငံထဲက တပ်တွေ ပြန်ရုပ်သိမ်းထွက်ခွာပြီး တိုက်ပွဲတွေရပ်တန့်ဖို့၊  တရားမျှတမှုနဲ့ ရေရှည်ငြိမ်းချမ်းရေးကို အပြည့်အဝဖော်ဆောင်ဖို့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။

ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု တနှစ်ပြည့်ခါနီး တရက်အလို ဖေဖော်ဝါရီ ၂၃ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၄၁ မဲ၊ ကြားနေ ၃၂ မဲနဲ့ လက်ခုပ်သြဘာသံတွေနဲ့အတူ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အစည်းအဝေးအတွင်း မဲရလဒ်ထွက်ပေါ်လာချိန်မှာ လက်ခုပ်တီး အားပေးသံတွေ အများအပြား ထွက်ပေါ်လာခဲ့သလို ဒီမဲရလဒ်ကြောင့် ရုရှားအတွက် ပိုမိုအထီးကျန်ဆန်စေခဲ့ပါတယ်။

မလိုက်နာရင် အပြစ်ပေးအရေးယူတာတွေ လုပ်မယ်ဆိုတာ မပါဝင်တဲ့ ဒီဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ရာမှာ ဘီလာရုစ်၊ မြောက်ကိုရီးယား၊ အီရီထရီးယား၊ မာလီ၊ နီကာရာဂွါနဲ့ ဆီးရီးယား စတဲ့ ၆ နိုင်ငံကတော့ ရုရှားဘက်မှာ ရပ်တည်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ် စတင်ကတည်းက ကုလသမဂ္ဂ မဲခွဲဆုံးဖြတ်မှုတွေအတွင်း တရုတ်နိုင်ငံကတော့ မဲမပေးဘဲ ကြားနေအဖြစ် ရပ်တည်လာခဲ့တာ လေးကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အဆင့်မြင့်သံတမန် ဝမ်ယိက မော်စကိုမြို့ကိုသွားရောက်ပြီး သမ္မတပူတင်နဲ့ တွေ့ဆုံခဲ့ကာ ရုရှားနဲ့ ပိုပြီး နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့ပြီးနောက် တရက်အကြာမှာ ကုလသမဂ္ဂရဲ့ ဒီမဲခွဲဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာပါ။

1 min Ago

December 20, 2022

မြန်မာ့အရေးဆုံးဖြတ်ချက် ကုလလုံခြုံရေးကောင်စီတွင် မဲခွဲဆုံးဖြတ်နိုင်

အကျဉ်းကျခံနေရတဲ့ နိုင်ငံ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကိုပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ စစ်ကောင်စီကိုတိုက်တွန်းတောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို လာမယ့်ဗုဒ္ဓဟူးနေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်နိုင်ခြေရှိတယ်လို့  သံတမန်တွေကပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဗြိတိန်ကတင်ပြလာတဲ့ ဒီဆုံးဖြတ်ချက်မူကြမ်းကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကနေ စတင်ကာ ဆွေးနွေးခဲ့ကြတာလို့ဆိုပါတယ်။

ကနဦးဖတ်ရှုခွင့်ရတဲ့ အဲဒီဆုံးဖြတ်ချက်မူကြမ်းရဲ့ အစပိုင်းမှာ မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု ချက်ချင်းရပ်တန့်ဖို့နဲ့  ကုလသမဂ္ဂရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ဖို့ကို ဖော်ပြထားခဲ့ပေမဲ့ နောက်ပိုင်းမှာ အဲဒီစာသားတွေကို ဖယ်ရှားလိုက်ကြတယ်လို့ ရိုက်တာသတင်းက ပြောပါတယ်။

အခု ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီမှာ အတည်ပြုနိုင်ရေးအတွက် အနည်းဆုံး ထောက်ခံမဲ ၉ မဲ ရရှိရမှာဖြစ်ပြီး ရုရှား၊ တရုတ်၊ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့ကလည်း ဗီတိုအာဏာသုံး ဖယ်ရှားခြင်းမရှိမှသာ အတည်ပြုနိုင်မှာဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံတမန် ဗက်ဆီလီ နီဗင်းဇီးယား  “ကျနော်တို့ ဆွေးနွေးနေကြပါတယ်။ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်က မြန်မာအာဏာပိုင်တွေ လက်မခံနိုင်တာမျိုးဖြစ်နေခဲ့ရင် သူတို့က ပူးပေါင်းဆောင်ရွက်မှာမဟုတ်တာကြောင့် မြန်မာနိုင်ငံက လုပ်ငန်းစဉ်တွေအပေါ်မှာ ထိခိုက်မှာကိုလည်း စိုးရိမ်မိပါတယ်” လို့ ပြောပါတယ်။

ဒီမူကြမ်းနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာကိုယ်စားလှယ်ကို မေးမြန်းရာမှာတော့ ပြန်လည်ဖြေကြားခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

ရိုက်တာက မြင်တွေ့ဖတ်ရှုခွင့်ရခဲ့တဲ့ ဒီမူကြမ်းထဲမှာ အာဏာလုပြီးနောက် အခုချိန်ထိ မြန်မာစစ်တပ်က အရေးပေါ်အခြေအနေကြေညာထားဆဲ ဖြစ်နေတာနဲ့ မြန်မာစစ်တပ်ကြောင့် နိုင်ငံသားတွေ ထိခိုက်သေဆုံးရတဲ့အထိ ဆိုးရွားပြင်းထန်တဲ့အကျိုးဆက်တွေအပေါ်မှာ အလေးအနက်စိုးရိမ်မိကြောင်း ရေးသားထားတယ်လို့ ဆိုပါတယ်။

အဲဒီမူကြမ်းမှာ အာဆီယံအဖွဲ့နဲ့ ဘုံသဘောတူညီထားတဲ့ အချက် ၅ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်အတိုင်း အချိန်မဆိုင်းခိုင်ခိုင်မာမာ လိုက်နာဆောင်ရွက်ရေး ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်ထွန်းစေရေး၊ ပြည်သူလူထုရဲ့ သဘောဆန္ဒနဲ့ ကိုက်ညီတဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရေးတို့ကို တိုက်တွန်းထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ အာဏာလုယူခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားနိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပြီး ဆန္ဒပြသူတွေကိုလည်း ပြင်းပြင်းထန်ထန် ဖမ်းဆီးသတ်ဖြတ် ဖြိုခွင်းခဲ့တာတွေကြောင့် မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ အရေးယူမှုတွေချမှတ်ဆောင်ရွက်ခြင်းကနေ တရုတ်နဲ့ ရုရှားတို့က ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာ့အရေးမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားက ကွဲလွဲနေတာ ကြာခဲ့ပါပြီ။

အခုချိန်ထိ  ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးအပေါ် တုံ့ပြန်တဲ့ ထုတ်ပြန်ချက်တွေကိုပဲ  လုံခြုံရေးကောင်စီမှာ သဘောတူညီမှုရရှိထားသေးတယ်လို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

Ref- ရိုက်တာ 

2 months Ago
Up