close

မဲလ်ဘုန်းမြို့

close

October 27, 2022

မသောက်မိသော မိုးခါးရေ ရုပ်ရှင် မဲလ်ဘုန်းမြို့တွင် ပြသ

ဒါရိုက်တာကိုပေါက်ရဲ့ မသောက်မိသော မိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းတိုကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့လယ်က nova cinema ရုပ်ရှင်ရုံမှာ အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက အချိန် ၂ ခုခွဲပြီး ပြသသွားပြီး ပွဲစဥ် ၂ ခုလုံး ပရိသတ် ရုံပြည့်အားပေးမှုကို ရခဲ့ပါတယ်။

မူလက ပွဲစဥ်ထဲမှာ ဒါရိုက်တာကိုပေါက်နဲ့ ပရိသတ်တွေ တိုက်ရိုက်စကားပြောဖို့ စီစဥ်ခဲ့ပေမဲ့ ကိုပေါက်ရဲ့ လမ်းခရီးအခြေအနေအရ ကျေးဇူးတင်စကား အသံဖိုင်ကိုပဲ ပေးပို့ဖွင့်ပြခဲ့သလို ပွဲစဥ်အစပိုင်းမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ညီမဖြစ်သူ ဒေါက်တာ ယုယုချစ်က အဖွင့်စကား ပြောကြားခဲ့ပါတယ်။

မသောက်မိသော မိုးခါးရေ ရုပ်ရှင်ကို အစက တနိုင်ငံ တမြို့ ပုံစံနဲ့ ပြသဖို့ဖြစ်ပေမဲ့ မြို့ခံပရိသတ်တွေ တောင်းဆိုမှုအရ ဆစ်ဒနီ၊ မဲလ်ဘုန်းအပြင် တခြား သြစတြေးလျ မြို့ကြီးတွေမှာလည်း ဆက်ပြသွားဖို့ရှိတယ်လို့ ပွဲစီစဥ်သူတဦးဖြစ်တဲ့ ကိုရောဘတ်လင်းထွန်းက ပြောပါတယ်။

မသောက်မိသော မိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာ ကိုပေါက်က တောတွင်းတနေရာမှာ iPhone 11 ကင်မရာနဲ့ ရိုက်ကူးခဲ့ပြီး CDM စစ်ဗိုလ်တဦးရဲ့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

မသောက်မိသော မိုးခါးရေ ရုပ်ရှင်ကို လတ်တလောမှာ အမေရိကား၊ လန်ဒန်၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ သြစတြေးလျနဲ့ နိုင်ငံတကာမြို့ကြီးတွေမှာ လှည့်လည်ပြသနေတာ ပရိသတ်အားပေးအောင်မြင်မှုတွေ ရရှိနေပါတယ်။

12 hours Ago

October 12, 2022

“မသောက်မိသော မိုးခါးရေ”ရုပ်ရှင်ဇာတ်လမ်းတို မဲလ်ဘုန်းမြို့တွင် ပြသမည်

အာဏာဖီဆန် CDM ဗိုလ်ကြီးတဦးရဲ့  ဖြစ်ရပ်မှန်ကို  အခြေခံပြီး ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ နွေဦးတော်လှန်ရေးရန်ပုံငွေ ရုပ်ရှင်ဇာတ်လမ်းတို-“မသောက်မိသော မိုးခါးရေ” ကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ထပ်တိုးပြသတော့မယ်လို့ ကြေညာထားပါတယ်။

ဒီရုပ်ရှင်ဇာတ်လမ်းတို နိုင်ငံတကာမြို့ကြီးတွေ လှည့်လည်ပြသနေရာမှာ မူလက သြစတြေးလျနိုင်ငံအတွက် ဆစ်ဒနီမြို့မှာပဲ ပြသဖို့ရည်ရွယ်ခဲ့ပြီး အောက်တိုဘာ ၆ ရက်နေ့က ပြသခဲ့ရာမှာ ရုံပြည့်ရုံလျှံအားပေးခဲ့ကြပါတယ်။

အခုတော့ မဲလ်ဘုန်းမြို့လယ်နားက Cinema Nova (Theater 1)မှာ လာမယ့် အောက်တိုဘာ ၂၇ ရက်နေ့ကျရင် ညနေပိုင်း ၂ ချိန်ခွဲပြဖို့ ထပ်တိုးကြေညာလာတာပါ။

အင်္ဂလိပ်စာတန်းထိုး subtitle ပါဝင်တဲ့ ရုပ်ရှင်လက်မှတ်တွေကို သြစတြေးလျဒေါ်လာ ၄၀ နဲ့ https://mokharyay.floktu.com အွန်လိုင်ဝက်ဆိုက်ကတဆင့်၀ယ်ယူနိုင်ပြီး အခုချိန်ထိ လက်မှတ် ထက်ဝက်ကျော်ရောင်းကုန်နေပြီလို့  သိရပါတယ်။

ဒီရုပ်ရှင်ဇာတ်လမ်းတိုကိုတော့ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တော်လှန်နေကြတဲ့ အနုပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ ဒါရိုက်တာ ကိုပေါက်က တောတွင်းတနေရာမှာ အိုင်ဖုန်းတလုံးနဲ့သာ ရိုက်ကူးထားခဲ့တာဖြစ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေ၊ ပြည်သူတွေက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“မသောက်မိသော မိုးခါးရေ” ဇာတ်လမ်းတိုဟာ လန်ဒန်၊ တိုကျို၊ ဆစ်ဒနီမြို့တွေမှာ ပြသခဲ့တာ ရုံပြည့်အောင်မြင်ခဲ့ပြီး အမေရိကန်နိုင်ငံ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကိုမြို့၊ တောင်ကိုးရီးယားနိုင်ငံ အင်ချွန်း၊ ဂျာမနီနိုင်ငံနဲ့ ဆွစ်ဇာလန်နိုင်ငံတွေမှာ ဆက်လက်ပြသသွားဦးမယ်လို့ သိရပါတယ်။

2 weeks Ago
Up