၁၄၇ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဇွန်လ ၂၅ ရက်မနက်က ကျင်းပသွားပါတယ်။
စစ်အာဏာရှင်အောက် လက်ရှိကရင်နီပြည်မှာ လူဦးရေထက်ဝက်ကျော်လောက် အိုးအိမ်စွန့်ခွာ ဒုက္ခရောက်နေရတဲ့အခြေအနေတွေကို ကရင်နီအဖွဲ့အစည်းခေါင်ဆောင်တွေက ဒီအခမ်းအနားမှာ ထုတ်ဖော်ပြောဆိုသွားသလို တခြားတိုင်းရင်းသားတွေနဲ့တန်းတူ တော်လှန်ရေးကို ကျရာနေရာကနေ ဆက်လက်ပါဝင်သွားကြဖို့ တိုက်တွန်းသွားပါတယ်။
ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမှာ အစုလိုက်အပြုံလိုက်ဖြတ်မှု၊ ချင်းပြည်နယ် ထန်တလန်မြို့မီးရှို့မှုစတဲ့ စစ်အာဏာရှင်တွေရဲ့ စစ်ရာဇဝတ်မှုတွေကို တရားစွဲဆို အရေးယူနိုင်အောင် သြစတြေးလျ အာဏာပိုင်တွေနဲ့ ဆွေးနွေးလုပ်ဆောင်သွားမယ်လို့လည်း NUG သြစတြေးလျကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ပြောပါတယ်။
အခမ်းအနားမှာ ကရင်နီ ရိုးရာအသုံးအဆောင်တွေ ခင်းကျင်းပြသခဲ့သလို ကရင်နီဒေသခံတွေရဲ့ ရိုးရာအကတွေနဲ့လည်း ဖျော်ဖြေတင်ဆက်သွားပါတယ်။
ဒီပွဲကို ဗစ်တိုးရီးယားအနီးတဝိုက်က တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေအပါအဝင် လူ ၂၀၀ ကျော်လောက်တက်ရောက်ခဲ့ပါတယ်။
ကရင်နီပြည်ကို သီးခြားလွတ်လပ်တဲ့တိုင်းပြည်အဖြစ် ၁၈၇၅ ခု ဇွန်လ ၂၁ ရက်မှာ ဗြိတိသျှအစိုးရနဲ့ ဗမာဘုရင်တို့အကြား သဘောတူလက်မှတ်ထိုးစာချုပ်ချုပ်ဆိုခဲ့တာကို အစွဲပြုပြီး ကရင်နီအမျိုးသားနေ့ကို နှစ်စဉ် ကျင်းပလာတာ အခုနှစ်ဆိုရင် ၁၄၇ နှစ်ရှိလာပြီ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ သြစတြေးလျနိုင်ငံသား ရှောင်တာနာအပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ မြန်မာအသိုင်းအဝိုင်းက စုပေါင်းတောင်းဆိုခဲ့ကြပါတယ်။
ဇွန် ၁၉ ရက်နေ့ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်ပြည့်မွေးနေ့ကို မဲလ်ဘုန်းမြို့မှာ NUG/CRPH Support Group Australia က ဦးစီးကျင်းပပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲကိုလည်း ပြုလုပ်သွားတာပါ။
ဒီပွဲမှာ မြန်မာ့အရေး ထောက်ခံအားပေးသူ ဒေသအခြေစိုက် လွှတ်တော်အမတ်တွေလည်း တက်ရောက်ပြီး အာဏာရ လေဘာပါတီက မြန်မာ့ဒီမိုကရေစီအရေး အရင်ကထက် ပိုထိရောက်အောင် လုပ်ဆောင်ပေးသွားဖို့ ပြောဆိုသွားပါတယ်။
ဒီပွဲကို အနီးတဝိုက်က မြန်မာနိုင်ငံသား ၁၀၀ ကျော် လာရောက်ကြပြီး မြန်မာအစားအစာတွေနဲ့ ဧည့်ခံသလို ဒေါ်အောင်ဆန်းစုကြည်အတွက် အမှတ်တရ မွေးနေ့ဆုတောင်း ရေးသားတာတွေနဲ့ တေးသီချင်း သီဆိုဖျော်ဖြေမှုတွေ ပြုလုပ်သွားကြပါတယ်။