close

မံစီမြို့နယ်

close

April 30, 2023

မံစီမြို့နယ်တွင် တိုက်ပွဲများကြောင့် ကျေးရွာ ၃ ရွာက ဒေသခံအချို့ စစ်ရှောင်နေရ

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ နမ့်အူကြီး၊ ခဲမနိုင်၊ နမ့်သဲ ကျေးရွာတွေဘက်မှာ ဧပြီ  ၂၇ ရက်က စစ်တပ်နဲ့ ကချင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် KIA/PDF ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်နေတာကြောင့် ကျေးရွာဒေသခံတွေ စစ်ရှောင်နေရပါတယ်။

အဲဒီရွာတွေက ဒေသခံ ၂၀၀ ထက်မနည်းဟာ မံစီနဲ့ ဗန်းမော်မြို့နယ်ထဲက ဘုရားကျောင်းတွေ မှာရှိတဲ့ စစ်ရှောင်စခန်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာနေရာမှာတွေ စစ်ရှောင် နေကြ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ရှောင်လာသူ တဦးက “တိုက်ပွဲစဖြစ်တာ  ၂၆ ရက်ကတည်းကပဲ။ ဒါပေမဲ့ အခုက ပိုဆိုး လာတယ်။ လက်နက်ကြီးတွေနဲ့ လည်း ပစ်ကြတော့ မနေရဲကြတော့ဘူး။ ရွာက  ကျွဲ နွားတွေ စပါး တွေလည်း ဒီအတိုင်း ထား ခဲ့ရတယ်။ တနိုင်ပဲသယ်လာတော့ တိုက်ပွဲ ရက်ရှည်ဆို မလွယ်ဘူး”လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကြောင်းဟာ ဗန်းမော်မြို့နယ်မှာ စခန်းချနေတဲ့ တပ်နဲ့ မံစီမြို့နယ်ဘက်က တပ်အပါအဝင် အမြောက် တပ်တခုပါ ထပ်တိုးပါဝင်လာပြီး  စင်းခန်း ၇ မိုင် လမ်းကြောမှ ဝင်ရောက်စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

လတ်တလော စစ်တပ်နဲ့ KIA/PDF ပူးပေါင်းတပ်တွေဟာ  စင်းခန်း ၇ မိုင် ကျေးရွာနဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး နှစ်ဘက် ထိခိုက် သေဆုံးမှုကိုတော့ မသိရသေးပါဘူး။

3 mins Ago

April 25, 2023

မံစီမြို့နယ် အင်ခေါင်းပါဒေသတွင် မြေရှားသတ္တုတူးဖော်မှုများ ဆက်လုပ်နေ

ကချင်ပြည်နယ်၊ မံစီမြို့နယ် ကေအိုင်အေ ထိန်းချုပ်ရာဒေသ ဒိန်ဆိန်းပါဒေသမှာ မြေရှား သတ္တုတူးဖော်မှုတွေကို ပိတ်သိမ်းလိုက်ပေမဲ့ အင်ခေါင်းပါဒေသက မြေရှားတူးဖော်မှုတွေကိုတော့ ပိတ်သိမ်းလိုက်တာမရှိပဲ ဆက်လက်ပြီး တူးဖော်နေကြတယ်လို့ ဒေသခံထံက သိရပါတယ်။

ဒါ့အပြင်  အင်ခေါင်းပါဒေသမှာ မြေရှားသတ္တု တူးဖော်ဖို့အတွက် စမ်းသပ်ထားတဲ့ နေရာတွေလည်း ၇ နေရာဝန်းကျင် ထပ်ရှိနေတယ်လို့ အင်ဘာပါဒေသက ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ အင်ခေါင်းပါကဆက်ပြီးတူးနေတုန်းပဲ၊ ဒိန်းဆိန်းဘက်က ညီညီညွတ်ညွတ်နဲ့ ပိတ်သိမ်းလိုက်နိုင်ပေမဲ့  ကျနော်တို့က အဲလို မလုပ်နိင်သေးဘူး။ ဆက်တူးနေကြတုန်းပဲ တူးနေတဲ့အပြင်ဆက်ပြီး တူးဖို့ စမ်းသပ်ထားတဲ့ နေရာလည်း ၇ နေရာလောက်ထပ်ရှိနေသေးတယ်၊ တချို့က စတောင်တူးတော့မယ်။

အင်ခေါင်းပါဒေသမှာ ကောင်ရာဇွပ်၊ ဘလောင်ကောင်၊ ခင်ဒစ်၊ ခိုင်ဘန်၊ လွယ်လုံ၊ မုန်ခါပါစတဲ့ ကျေးရွာပတ်ဝန်းကျင်တွေမှာ တူးဖော်နေကြတာ ဖြစ်ပါတယ်။

မြေရှားသတ္တုတူးဖော်မှုတွေကြောင့် ထွက်ရှိလာတဲ့ စွန့်ပစ်ရည်တွေကလည်း ချောင်းတွေထဲ စီးဝင်တာကြောင့် ငါးတွေ သေကျေပျက်စီးကုန်တာရှိသလို၊ စွန့်ပစ်ရည်တွေ ပျော်ဝင်နေတဲ့ ရေကို သောက်သုံးမိတဲ့ ကျွဲ၊ နွားတွေကလည်း ကျန်းမာရေး ထိခိုက်နေပြီး ဒေသခံတွေက ချောင်းရေတွေကို သုံးစွဲမိရင် အရေပြားယားယံတာတွေ၊ အပူလောင်သလိုဖြစ်တာတွေကို ခံစားနေရတယ်လို့ အင်ခေါင်းပါကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

အင်ခေါင်းပါဒေသက ပြည်သူတွေက မြေရှားတူးဖော်မှုကို ပိတ်သိမ်းချင်ပေမဲ့ ကျေးရွာလူကြီးတွေနဲ့ ဘာသာရေးခေါင်းဆောင် တတချို့က မြေရှားတူးဖော်မှုမှာ ပါဝင်ပတ်သက်နေတာကြောင့် ပိတ်သိမ်းဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။

ဒိန်ဆိန်းပါဒေသမှာတော့ မြေရှား သတ္တုတူးဖော်မှုတွေကို ဒေသခံပြည်သူတွေ ကန့်ကွက်တားဆီးမှုတွေကြောင့် ဧပြီ ၁၅ ရက်နေ့ မိုင်ဂျာယန်မှာ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ ဒိန်ဆိန်းပါဒေသက ပြည်သူတွေ တွေ့ဆုံခဲ့ပြီးနောက် ပိတ်ပင်လိုက်တာကြောင့် မြေရှားတူးဖော်တဲ့ ကုမ္ပဏီတွေ စတင်ထွက်ခွာနေပါတယ်။

မြေရှားတူးဖော်မှုပိတ်သိမ်းတာကြောင့် မြေရှားတူးဖော်မှုကုမ္ပဏီတွေဟာ ဧပြီ ၁၇ ရက်နေ့ ကနေစတင်ထွင်ခွာနေတာလို့  ဒေသခံတဦးက ပြောပါတယ်။

“ပစ္စည်းတွေ သယ်ထုတ်နေတာတော့ ၁၇ ရက်နေ့ လောက်ကနေ စတင်ပြီး သယ်နေကြတာတွေ့တယ်။ တချို့ကုမ္ပဏီတွေက ခေါင်းဆောင်ကြီးနဲ့ မတွေ့ခင်ကတည်းကနေ ပစ္စည်းတွေ သိမ်းနေတာတွေတော့ ရှိတယ်။ အဲဒီရက်တွေကနေ ကုမ္ပဏီတွေက သိမ်းနေပြီ၊ ကုမ္ပဏီတွေ သိမ်းကုန်တာ သေချာပြီ” လို့ ပြောပါတယ်။

ဒိန်ဆိန်းပါဒေသခံတွေက မြေရှားတူးဖော်မှုကို ဒေသက ပြည်သူတွေ ညီညွတ်စွာ တားဆီးနိုင်တာကြောင့် မေလ ၃ ရက်နေ့မှာ စုပေါင်းပြီး ကျေးဇူးတင် ဆုတောင်းတဲ့ အစီစဉ်တွေ ပြုလုပ်သွားဖို့ ရှိပါတယ်။

5 days Ago
Up