အာဖဂန်နစ္စတန်နိုင်ငံမှာ တကျော့ပြန် အာဏာရလာတဲ့ တာလီဘန်အစိုးရက အမျိုးသမီးတွေကို အိမ်အပြင်ထွက်ရင် မျက်နှာကို အဝတ်နဲ့ မဖြစ်မနေ ဖုံးကွယ်ထားဖို့ အမိန့်ကို မေ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ ၁၉၉၈ ကနေ ၂၀၀၁ ခုနှစ်အထိ တာလီဘန် ခေတ်တုန်းက ရှိခဲ့ဖူးတဲ့ အမျိုးသမီးတွေအပေါ် စည်းကမ်းတင်းကြပ်တဲ့ အမိန့်ကို ပြန်လည်အသက်သွင်းလိုက်တာပါ။
အမိန့်ကို တာလီဘန်အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဟာဘာတူလာ အက်ခ်ဟန်ဇာဒါက ထုတ်ပြန်လိုက်တာဖြစ်ပြီး အမျိုးသမီးတွေ ဒီစည်းကမ်းကို မလိုက်နာဘူးဆိုရင် အုပ်ထိန်းသူ ဖခင်၊ ဒါမှမဟုတ် ဆွေမျိုးအနီးစပ်ဆုံး အမျိုးသားကို ထောင်ဒဏ် ဒါမှမဟုတ် အစိုးရ အလုပ်ကနေ ဖြုတ်ပစ်တဲ့ ပြစ်ဒဏ်မျိုးတွေ ချမှတ်မယ်လို့ ဆိုပါတယ်။
တာလီဘန်အစိုးရအဖွဲ့၊ သုစရိုက်တရားထွန်းကားရေးနှင့် ဒုစရိုက်မှုတားဆီးရေးဝန်ကြီးဌာန ဝန်ကြီး မွတ်ဟာမက် ခါလစ် ဟာနီဖီက တာလီဘန် ဘာသာရေးခေါင်းဆောင်ကြီးက နိုင်ငံတွင်းမှာ ရှိတဲ့ ညီအစ်ကို မောင်နှမတွေအားလုံး ဘေးကင်း၊ ပျော်ရွှင်ပြီး၊ ဂုဏ်သိက္ခာရှိတဲ့ဘဝကို ရရှိပိုင်ဆိုင်ဖို့ လိုလားတယ်လို့ ကဘူးလ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
အာဖဂန်နစ္စတန်မှာ ဘာသာရေးကိုင်းရှိုင်းတဲ့ အမျိုးသမီးအများစုဟာ မျက်နှာကို ပုဝါစတဲ့ ဖုံးအုပ်ပြီးမှ အိမ်အပြင်ထွက်ကြလေ့ရှိပေမယ့် ကဘူးလ်လို မြို့ကြီးတွေမှာတော့ အမျိုးသမီးတွေ က ဒီလို ဘာသာရေးဆန်တဲ့ အလေ့အထကို မလိုက်နာကြတော့ပါဘူး။
တာလီဘန်တွေဟာ ရှေးရိုးစွဲ ဘာသာရေးစည်းကမ်းချက်ကို အမျိုးသမီးတွေကို လိုက်နာခိုင်းတဲ့ အတွက် အနောက်နိုင်ငံတွေသာမက၊ ခေတ်မီတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ တခြား အစ္စလာမ္မစ် နိုင်ငံတွေက ဝေဖန်တာ ခံနေရပါတယ်။
အထူးသဖြင့် အမျိုးသမီးငယ်တွေကို အထက်တန်းပညာ သင်ခွင့်မပေးတာဟာလည်း အရင် တာလီဘန်ခေတ်မှာ ရှိခဲ့တဲ့ စည်းကမ်းတခု ဖြစ်ခဲ့ပါတယ်။
အခုတခေါက် အာဏာရလာတဲ့အချိန်မှာ တာလီဘန်တွေက အရင်တုန်းက ရှိခဲ့တဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေကို ပြောင်းလဲလိုက်ပြီးလို့ ပြောပေမယ့် ဒီလတွေအတွင်းမှာပဲ အမျိုးသမီးတွေကို အမျိုးသားတွေမပါဘဲ အပြင်ထွက်ခွင့် ပိတ်ပင်လိုက်သလို၊ အမျိုးသားနဲ့ အမျိုးသမီး အတူတွဲပြီး ပန်းခြံထဲ အလည်သွားတာကိုလည်း ခွင့်မပြုတော့တဲ့ စည်းကမ်းတွေကို ပြန်လည် ထုတ်ပြန်ထားပါတယ်။