အမေရိကန် ဆေးဝါးထိန်းချုပ်ရေးဌာနဟာ မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေ မြင့်မားတယ်လို့ ဆုံးဖြတ်ထားတဲ့ အသက် ၁၈ နှစ်နဲ့အထက် လူတွေအတွက် အရေးပေါ်ထိုးဆေးအဖြစ် ဘာဗာရီးယန်း နော်ဒစ် ဆေးကုမ္ပဏီရဲ့ ဘာဗာကို ဂျင်နီယိုစ် ကာကွယ်ဆေးကို အသုံးပြုဖို့ သြဂုတ် ၉ ရက်မှာ ခွင့်ပြုခဲ့ပါတယ်။
သူတို့အတွက် ဂျင်နီယိုစ် ဆေးပမာဏ တဖုံစာကို အရေပြားအလွှာတွေကြား ထိုးသွင်းဖို့ တရားဝင် ခွင့်ပြုပေးလိုက်တာဖြစ်ပြီး လေးပတ်ခြားပြီး ကာကွယ်ဆေး ၂ ကြိမ်ထိုးဖို့ လိုအပ်နေသေးတယ်လို့ အေဂျင်စီက ပြောပါတယ်။
အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ရဲ့ ခွင့်ပြုချက်နဲ့ သုံးစွဲနိုင်တဲ့ စုစုပေါင်း ဆေးအရေအတွက်ကို ငါးဆအထိ တိုးပေးမှာဖြစ်ပါတယ်။
အိမ်ဖြူတော်ရဲ့ မျောက်ကျောက်ရောဂါတုံ့ပြန်ရေး ညှိနှိုင်းရေးမှူး Bob Fenton ရဲ့ ရှင်းလင်းပွဲအတွင်း ဝေမျှထားတဲ့ ခန့်မှန်းတွက်ချက်မှုတွေအရ အင်္ဂါနေ့အထိ လက်ကျန် ဆေး ၄ သိန်းကနေ ဆေး ၂ သန်းအထိ ရရှိနိုင်တယ်လို့ ဆိုလိုတာပါ။
မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေ မြင့်မားတယ်လို့ ဆုံးဖြတ်ခံရတဲ့ အသက် ၁၈ နှစ်အောက် တဦးချင်းစီကိုလည်း အရေပြားအောက်ထိုးရတဲ့ ကာကွယ်ဆေးကို ထိုးခွင့်ပြုထားပါတယ်။
ဒီဆောင်ရွက်ချက်ဟာ FDA ကော်မရှင်နာကို မျောက်ကျောက်ကာကွယ်ဆေး အရေးပေါ်သုံးစွဲခွင့် ပြုပေးလိုက်တဲ့ ဘိုင်ဒင်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာတာလည်း ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ပြီးခဲ့တဲ့သီတင်းပတ်က မျောက်ကျောက်ရောဂါကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး ဒီရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရာမှာ သူ့ရဲ့တုံ့ပြန်မှုကို အားကောင်းလာစေဖို့ လုပ်ဆောင်ခဲ့ပါတယ်။
ဗြိတိန်နိုင်ငံမှာ မျောက်ကျောက်ရောဂါအတွက် ကာကွယ်ဆေးထိုးဖို့ လန်ဒန်မြို့ရှိ စိန့်ဂိုင်စ် ဆေးရုံအပြင်ဘက်မှာ ဇူလိုင် ၃၀ ရက်က လူတွေတန်းစီနေကြပါတယ်။
အင်မ်-ဗာ-နက်ခ်စ် IMVANEX အမျိုးအစားကာကွယ်ဆေးထိုးပေးနေတာဖြစ်ပြီး ဒီကာကွယ်ဆေးဟာ ကျောက်ရောဂါကို ကုသဖို့ အရင်က အသုံးပြုခဲ့ဖူးတဲ့ ဇီဝနည်းပညာကုမ္ပဏီ Bavaria Nordic ကနေ ထုတ်လုပ်ထားတာပါ။
ဗြိတိန်အစိုးရ ဝက်ဘ်ဆိုက်မှာတော့ ဒီကာကွယ်ဆေးကို အကန့်အသတ်နဲ့ ထိုးပေးမှာဖြစ်ပြီး အမျိုးသားချင်း လိင်ဆက်ဆံသူတွေနဲ့ မျောက်ကျောက်ရောဂါ ဝေဒနာရှင်တွေကို ပြုစုစောင့်ရှောက်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ကူးစက်အန္တရာယ်အရှိဆုံးသူတွေကို ဆေး တစ်ကြိမ်ထိုးပေးမယ်လို့ ဖော်ပြထားပါတယ်။
အစိုးရက ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ဇူလိုင် ၂၈ ရက်အထိ ယူကေမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု ၂,၅၄၆ ခုရှိကြောင်း အတည်ပြုထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ လျင်လျင်မြန်မြန်ကို ပြန့်ပွားနေတဲ့ မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ ပြီး တစ်ကမ္ဘာလုံးမှာ ရောဂါဖြစ်ပွားသူပေါင်း ၁၈,၀၀၀ ကျော်နဲ့ သတိပေးချက် အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။