close

မြင့်မြတ်သူ

close

October 27, 2022

လုံခြုံမှုမရှိတဲ့ မြို့ရန်ကုန်

“ကိုရဲက အရမ်းတော်တာ။ မိသားစုကိုရော ညီမလေးကိုရော ဂရုစိုက်တယ်။ အသက်ပေးပြီး မိသားစုကို ရှာကျွေးသွားတာ”လို့ ကိုရဲဇော်ရဲ့ ညီမဖြစ်သူက ပြောပါတယ်။ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းက Delivery လိုက်ပို့တဲ့ ကိုရဲဇော်ကို အမည်မသိသူတွေက ဓားနဲ့ထိုးသတ်ပြီး ဖုန်းနဲ့ပိုက်ဆံ လုယက်ခဲ့ပြီး အခုချိန်ထိ တရား ခံဖမ်းမမိသေးဘူးလို့ ညီမဖြစ်သူက ဒီဗီဘီကိုပြောပါတယ်။

BeeXprss Courier Service Myanmar မှာ Delivery ပို့ဆောင်သူအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ ကိုရဲဇော်ဟာ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ဧရာကျေးရွာမှာ နေထိုင်ပြီး မွေးချင်းလေးယောက် ရှိတဲ့အနက် တတိယမြောက်သားဖြစ်တယ်လို့ ညီမဖြစ်သူက ဒီဗွီဘီ ကိုပြောပါတယ်။

“မောင်နှမ လေးယောက်ရှိတယ်။ အစ်ကိုကြီးနဲ့ အစ်မကြီးက အိမ်ထောင်ကျသွားပြီ။ ကိုကြီးက အိမ်ထောင်မပြုသေးဘဲ ရန်ကုန်မှာ အလုပ်လုပ်ပြီး ညီမလေးကို ကျောင်းထားပေးနေတာ။ ကိုကြီးက ဘွဲ့ယူခါနီးပြီ အမေဆိုရင် ဖြစ်တဲ့နေ့ကစပြီး ထမင်းတောင် မစားနိုင်ဘူး” လို့ ရှင်းပြပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ အခုလို လုယက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပြီး တရားခံတွေကို မမိတာကြာမြင့်နေပြီလို့ ရွှေပြည်သာမြို့ခံတစ်ဦးက ဒီဗွီဘီကို အခုလို ပြောပြပါတယ်။

“လုယက်မှုဆိုတာ အခုဆို ရိုးသွားပြီ ရွှေပြည်သာမှာဆို နေ့ရော ညပါ လုယက်မှုတွေဖြစ်နေတာ မဆန်းတော့ဘူး။ ရဲစခန်းတိုင်တော့လည်း မထူးဘူး။ အရေးယူမှုမရှိတော့ ဒုစရိုက်မှုတွေ ပိုပြီးပေါ်လာတယ်”လို့ ဆိုပါတယ်။ 

ရန်ကုန်ဟာ စက်ရုံအလုပ်ရုံများပြားပြီး လူဦးရေအထူထပ်ဆုံးမြို့တော် ဖြစ်တဲ့အပြင် နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရသူတွေဟာ အာဏာသိမ်းပြီးတဲ့နောက်မှာ နေ့စဉ် ခိုး၊ ဆိုး၊ လုယက်သူတွေရဲ့ ပစွည်းလုယက် သတ်ဖြတ်တာကို ခံနေရတာဖြစ်တယ်လို့ လှည်တန်းမှာ နေထိုင်တဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဒီဗွီဘကို ပြောပါတယ်။

“မနက်ဘက် အလုပ်သွားရင် YBS အပေါ်မှာ အုပ်စုလိုက် ခါးပိုက်နှိုက် YBS ပေါ်မှာ နှိုက်မရခင် ကားအောက်အထိ လိုက်နှိုက်တယ်။ မြင်နေပေမဲ့ ဘယ်သူမှ မကူညီရဲဘူး”လို့ ပြောပါတယ်။ ဒီလို ရန်ကုန်မြို့ထဲကို အလုပ်သွားဆင်းတဲ့ ကုမ္ပဏီဝန်ထမ်းတွေကိုသာမက မြို့နယ်ဆင်ခြေဖုံးကနေ စက်မှုဇုန်တွေမှာ အလုပ်သွားလုပ်နေသူတွေကို လုယက်သူတွေက ရိုက်နှက်ပြီး ဖုန်းလု၊ ပိုက်ဆံလုတဲ့သူတွေလည်း ရှိတယ်လို့ လှိုင်သာယာစက်မှုဇုန်က အလုပ်သမားတစ်ဦးက ဒီဗွီဘီကို ပြောပြပါတယ်။

“ညီမသူငယ်ချင်းဆိုရင် စက်ရုံက လစာထုတ်ပြီးပြန်လာတာ မျက်နှာကို ဖြတ်ရိုက်ပြီး လစာထုတ်တဲ့ အိတ်ကို လုတယ်။ ကောင်မလေးက ပြန်လုတော့ လက်ကို ဓားနဲ့ခုတ်သွားတယ်” လို့ ပြောပါတယ်။ စက်ရုံ အလုပ်ရုံတွေသာမက ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေ ကယ်ရီသမားတွေကို ဆိုင်ကယ်လုယက် လူသတ်တဲ့အထိ ဖြစ်လာတယ်လို့ တောင်ဒဂုံမှာ နေထိုင်တဲ့ ကယ်ရီသမားတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော့်ဦးလေး သုံးလမ်းဆုံကို ကယ်ရီပါသွားတာ။ ပြန်မလာလို့ စိတ်ပူလို့ လိုက်သွားတာ။ မတွေ့ဘူး။ နှစ်ရက်လောက်ကြာတော့ အင်းစိန်ဆေးရုံမှာ အလောင်းပြန်တွေ့တယ်။ ဓားနဲ့ထိုးပြီး ဆိုင်ကယ်ယူသွားတာ” လို့ ပြောပါတယ်။ 

နေ့စဉ် နေအိမ်ပြင်ပသို့ထွက်ကာ စီးပွားရှာနေရသူတွေသာမက အိမ်မှာနေထိုင်ရင်း အုပ်စုဖွဲ့ ဓားပြတိုက် လုယက်ခဲ့လို့ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့ခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်

“အိမ်မှာနေလည်း ဝင်ပြီး အုပ်စုလိုက် ဓားပြတိုက်တာပဲ။ စက်ဆန်းဝန်ထမ်းအိမ်ရာထဲမှာ ဦးလေးဖြစ်သူနဲ့ တူမကို ရိုက်နှက်ပြီး လုသွားလို့ ရွှေတွေရော ငွေတွေ ပါသွားတယ်”လို့ သူက ပြောပါတယ်။ အုပ်စုဖွဲ့ လုယက်သူတွေကို ပြန်လည်ခုခံပါက အသက်သေတဲ့အဆင့်ထိ ကျူးလွန်လာပြီး လုယက်သူတွေကို ဖမ်းဆီးရမိတယ်ဆိုတာ မရှိဘူးလို့ သာကေတမြို့နယ် နေသူတဦးက ပြောပါတယ်။

“စစ်တပ် အုပ်ချုပ်တဲ့ကာလမှာ လုယက်မှုဘယ်လောက်ဖြစ်လဲဆိုတာ အသိသာကြီး။ Taxi ကားသမားတွေ ဘယ်လောက်အလုခံနေရလဲ ကျနော်အသိဆုံး ကျနော့်ဦးလေးဆိုရင် ဓားနဲ့ အထိုးခံရပြီးသေသွားတယ်၊ နောက်တယောက်ဆို ဆေးရုံတင်ရတယ်။ ကျနော် သိတာတောင် ကိုးယောက်လောက်ရှိပြီ” လို့ ပြောပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုတွေအပြင် တရားဥပဒေစိုးမိုးမှုမရှိတာကြောင့် အခြေခံလူတန်းစားတွေရဲ့ဘဝဟာ ဘေးကျပ်နံကျပ်ဖြစ်နေတယ်လို့ မြောက်ဒဂုံမြို့ခံတစ်ဦးက ကြုံတွေ့နေရတဲ့ အခက်အခဲကိုပြောပြပါတယ်။

“အလုပ်ကမရှိ ကုန်ဈေးနှုန်းကကြီး လုယက်မှုတွေကများ၊ ဥပဒေကမရှိတော့ ကြာရင် ထမင်းငတ်ပြီး သေနိုင်တယ်” လို့ ဆိုပါတယ်။ 

ရန်ကုန်တိုင်းကို ခရိုင် ၁၄ ခု မြို့နယ် ၄၅ မြို့နယ်၊ မြို့ ၂၀၊ ရပ်ကွက် ၇၄၃၊ ကျေးရွာအုပ်စု ၆၁၉၊ ကျေးရွာ ၂၁၆၂ ရွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ခန့်မှန်းသန်းခေါင်စာရင်းအရ လူဦးရေ ၈ ဒသမ၇ သန်းရှိတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းမှာ ၄၅ မြို့နယ်ရှိတဲ့အနက် ကိုကိုးကျွန်းမြို့နယ်ကလွဲရင် ကျန် ၄၄ မြို့နယ်မှာ နေ့စဉ် လုယက်မှု၊ ခိုးမှု၊ ဓားပြတိုက်မှုတွေနဲ့ ကြုံနေရတယ်လို့ ဒဂုံဆိပိကမ်းနေသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“အရင်အစိုးရလက်ထက်က ညအချိန်မတော်သွားလို့ရတယ် အခုဆို ည ၈ နာရီဆို အပြင်မထွက်ရဲဘူး။ လူရှင်းတဲ့နေရာ မသွားရဲဘူး။ လုတာက တော်သေးတယ် ပစွည်းယူပြီး သတ်လိုက်မှာစိုးတာ”လို့ ပြောပါတယ်။

သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ရှာဖွေလုပ်ကိုင်စားသောက်နေရသူတွေဟာ ဝမ်းဝရုံလောက်သာရမဲ့ ငွေကြေးအတွက် အသက်ဆုံးရှုံးခံပြီး ရုန်ကန်ရှာဖွေနေရပေမဲ့ လုယက်သူတွေကြောင့် အသက်ဆုံးရှုံးရတဲ့အခါ မိသားစုတွေမှာ ဦးတည်မဲ့ဖြစ်ရပါတယ်။ 

“ညီမကတော့ ညီမအစ်ကိုကို သတ်တဲ့သူတွေကို အမြန်ဆုံးဖမ်းပြီး ဥပဒေအရ အရေးယူ ပေးစေချင်တယ်။ ဒါပေမဲ့အခုချိန်ထိ ဘာသတင်းမရဘူး” လို့ ကိုရဲဇော်ရဲ့ ညီမဖြစ်သူက ပြောပါတယ်။

တချိန်က ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ မြို့ရန်ကုန်ရဲ့လမ်းတွေဟာ အခုဆိုရင် ချောက်ချားမှုတွေ၊ စိုးရိမ်ထိန့်လန့်မှုတွေနဲ့ ပြည့်နှက်လို့နေပါတော့တယ်။

မြင့်မြတ်သူ

5 mins Ago

September 23, 2022

ဆင်းရဲမွဲတေမှုရဲ့နောက်ကွယ်က ကြိုး

စစ်တပ်က အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံက အခက်အခဲအကျပ်တည်းတွေကို ရင်ဆိုင်လာရတဲ့ ပြည်သူတွေဟာ ကြံရမရတဲ့အဆုံး ရေထဲခုန်ချပြီးသေတာ၊ မိမိကိုယ်ကိုယ် ဆွဲကြိုးချပြီး သေတာတွေ ပြုလုပ်လာကြပါတယ်။

ဒီလို မိမိကိုယ်ကိုယ် အဆုံးစီရင်ကြသူတွေဟာ ကုန်စျေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှု၊ အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြင့်တက်မှု၊ လုပ်ငန်းခွင်အတွင်း ဖိအားပေးခံရမှု၊ စားဝတ်နေရေး အဆင်မပြေမှု စတဲ့ ပြဿနာတွေကို ရင်ဆိုင်ရပြီးနောက် အခုလိုပြုလုပ်လာတာ ဖြစ်ပါတယ်။

ဆွဲကြိုးချတာ၊ ရေထဲခုန်ချတာနဲ့ မိမိကိုယ်ကိုယ် သေကြောင်းကြံသူတွေထဲမှာ ဒုရဲမှူးကြီး၊ ခရိုင်ဦးစီးအရာရှိ၊ ရဲတပ်သား၊ CDM ဝန်ထမ်းတွေနဲ့ အခြေခံလူတန်းစားတချို့ ပါဝင်ပါတယ်။

မောင်တောမြို့နယ်မှာ ဇူလိုင်လ ၁၆ ရက်နေ့ မနက်ပိုင်း ပြန်ဆက်ဦးစီးအရာရှိ ဦးဦးစိုးလွင် ခရိုင်ပြန်ဆက်ရုံးမှာ မိမိကိုယ်ကိုယ် ဆွဲကြိုးချသတ်သေခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“သူဆိုဗျာ ဦးစီးအရာရှိ၊ အပြင်ပန်းကကြည့်ရင် စိတ်ချမ်းသာတယ်လို့ ထင်ရပေမဲ့ သတ်သေလောက်တဲ့အထိ စိတ်ဆင်းရဲစရာ ဘယ်လောက်ရှိသလဲ ဘယ်သိကြမလဲ” လို့ ပြောပါတယ်။

စစ်ကောင်စီလက်ထက်မှာ စစ်တပ်ရဲ့ ဖိအားပေးမှုတွေကြောင့် ရေဦးခရိုင်က ဒုရဲမှူးကြီးတဦးနဲ့ ဟိုင်းကြီးကျွန်းရဲစခန်းက ရဲတပ်သားတဦးတို့လည်း ဆွဲကြိုးချပြီး မိမိကိုယ်ကိုယ် သတ်သေခဲ့ပါတယ်။

အလုပ်ဌာနအတွင်း ဖိအားပေးမှုကြောင့် သတ်သေခဲ့သူတွေရှိသလို အိမ်က စီးပွားရေး အဆင်မပြေလို့ အလုပ်လိုက်ရှာရင်း အလုပ်မရလို့ ငဝန်မြစ်ကူးတံတားပေါ်ကနေ ငသိုင်းချောင်းမြို့နယ်က လူငယ်လေးတဦး ခုန်ချသတ်သေခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“တံတားပေါ်က ခုန်ချတဲ့ကောင်လေးဆို အိမ်က အဆင်မပြေဘူး။ အလုပ်လုပ်ချင်လို့ မြို့တက်ရှာတာ မရလို့ ညည်းတာ ခဏခဏပဲ။ နောက်ရက် သတင်းကြားတော့ တံတားပေါ်က ခုန်ချသွားတယ်လေ” လို့ ပြောပါတယ်။

အလုပ်ရှိပေမဲ့ မိသားစုများတာကြောင့် ကုန်စျေးနှုန်းကြီးမြင့်လာမှုနဲ့ စားဝတ်နေရေး အဆင်မပြေတဲ့ အခက်အခဲတွေ ကြုံရာက စိတ်ညစ်ပြီး အမျိုးသားကြီးတဦး ကမ္ဘာအေး လူကူးခုံးတံတားပေါ်က ခုန်ချခဲ့ပေမဲ့ ကံကောင်းပြီး အသက်မသေဘဲ ခါးဆစ်ရိုး ကျိုးသွားခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် လက်အောက်မှာ အလုပ်မလုပ်ချင်လို့ ဝန်ထမ်းဘဝကို စွန့်လွှတ်ခဲ့တဲ့ CDM ဝန်ထမ်းနှစ်ယောက်ကလည်း သြဂုတ်လအတွင်းက မိမိကိုယ်ကိုယ် ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ CDM ဝန်ထမ်းတဦးက ပြောပါတယ်။

“တမူးက အလယ်ပြတန်းပြဆရာမနဲ့ မန္တလေးက မီးရထားဝန်ထမ်း၊ နှစ်ဦးစလုံး CDM တွေချည်းပဲ။ သူတို့မှာ သေလောက်မယ့် စိတ်ဆင်းရဲစရာတွေရှိမှာပဲ။ ကိုယ်တွေတောင် တခါတလေ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တယ်။”

ဒီလို တံတားပေါ်က ခုန်ချသူတွေထဲမှာ သြဂုတ်လ ၂၉ ရက် ညနေပိုင်း ပြည်မြို့ နဝဒေးတံတားပေါ်က အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦးဟာ အသက်သုံးနှစ်အရွယ် ကလေးဖြစ်သူကို ချီကာ ရေထဲကို ခုန်ချသတ်သေခဲ့တဲ့ ဖြစ်စဥ်ဟာလည်း ဟိုးလေးတကျော် ဖြစ်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ကလေးကိုချီပြီး ခုန်ချတာ။ သူချည်းပဲသေသွားရင် ကလေးကို စိတ်မချလို့ဖြစ်မယ်။ စိတ်ဒဏ်ရာတွေ ဘယ်လောက်ရှိလဲမှ မသိတာ။ အခုထိ အလောင်းရှာမတွေ့သေးဘူး။”

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ရေထဲခုန်ချပြီး သတ်သေသူ ၅ ဦး၊ သေနတ်နဲ့ပစ်လို့ သေဆုံးသူ ၁ ဦးနဲ့ ဆွဲကြိုးချသေဆုံးသူ ၂၂ ဦး ရှိပါတယ်။

ဒီလိုဖြစ်စဥ်တွေကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်မှ စက်တင်ဘာလ ၁၅ ရက် မြို့နယ် ၂၅ မြို့နယ်မှာ ဖြစ်ခဲ့ပြီး လူဦးရေ စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပါတယ်။

ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေကတော့ စစ်ကိုင်း၊ မုံရွာ၊ တမူး၊ နမ္မတူ၊ လားရှိုး၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ပြည်ကြီးတံခွန်၊ ဝမ်းတွင်း၊ စစ်တွေ၊ မောင်တော၊ ရေကြည်၊ မအူပင်၊ ငါးသိုင်းချောင်း၊ ပုသိမ်၊ ငပုတော၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ သာကေတ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံတို့ ဖြစ်ပါတယ်။

ဘက်ပေါင်းစုံက အခက်အခဲ အကျပ်အတည်းတွေကို ရင်ဆိုင်လာရတဲ့သူတွေဟာ ကြံရာမရတဲ့အဆုံး မိမိကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေခဲ့ပေမဲ့ ပတ်ဝန်းကျင်ရှိလူတွေ သိရှိလို့ အသက်ဘေးမှ လွတ်ခဲ့သူ အမျိုးသမီးတဦးက သူ့ရဲ့ ခံစားနေရတဲ့ ဒုက္ခတွေကို ပြောပြပါတယ်။

“အဖေက သေတယ်၊ ယောကျ်ားကို စစ်တပ်က ဖမ်းသွားတယ်။ စက်ရုံက လူလျှော့တဲ့အထဲမှာ ကျမပါသွားတယ်။ ကျမနေရာမှာ ဝင်ကြည့်၊ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လုပ်မိတာ ကျမမှားလား။ ဒါပေမဲ့ ကံကြမ္မာက ကျမကို သေခွင့်မပေးဘူး” လို့ ပြောပြပါတယ်။

မိမိကိုယ်ကိုယ် ဆွဲကြိုးချသတ်သေဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးဟာ မင်္ဂလာဒုံစက်မှုဇုန်က အထည်ချုပ်တခုမှာ အလုပ်လုပ်ကိုင်ပြီး မိဘနှစ်ပါးနဲ့အတူ နေထိုင်ကာ ဖခင်ဖြစ်သူကတော့ လေဖြတ်နေပြီး သူ့မှာ အသက်လေးနှစ်အရွယ် သားလေးတယောက်ရှိပါတယ်။ သူ့ရဲ့ ခင်ပွန်းဖြစ်သူကတော့ အငှားယာဥ်မောင်းတဦး ဖြစ်ပါတယ်။

စစ်တပ် အာဏာမသိမ်းမီက မိသားစုတွေ စားဝတ်နေရေးပြေလည်ပြီး ဖခင်ဖြစ်သူလည်း ကျန်းမာရေးကောင်းသလို မိခင်ဖြစ်သူမှာ လှိုင်သာယာ ၆ ရပ်ကွက်က ဝေဖြိုးဟိန်းစျေးမှာ စျေးရောင်းချလို့ မချမ်းသာပေမဲ့ လူတန်းစေ့နေထိုင်နိုင်ပြီး ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပါတယ်။

“စစ်တပ်က အာဏာသိမ်းပြီး ကိုဗစ်ဒုတိယလှိုင်းမှာ အဖေလေဖြတ်သွားတယ်။ အမေရောင်းနေတဲ့ ဝေဖြိုးဟိန်းစျေးကို စစ်တပ်က ကျူးဆိုပြီး ဖျက်လိုက်တယ်။ အဲ့ကနေစပြီး ဒုက္ခရောက်တာ” လို့ စန္ဒာအေးက ပြောပါတယ်။

ကိုဗစ်ဒုတိယလှိုင်းမှာ မိခင်ဖြစ်သူက အလုပ်လက်မဲ့ဖြစ်သွားပြီး ဖခင်ဖြစ်သူရဲ့ ဆေးဖိုးကလည်း ကုန်ကျမှုများလာလို့ အဆင်ပြေစဥ်ကလုပ်ထားတဲ့ လက်ဝတ်လက်စားတွေ ထုခွဲရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလိုအဆင်မပြေမှုတွေကြားထဲက အခက်အခဲတွေကို ရင်ဆိုင်ပြီး ဖြတ်ကျော်ခဲ့ပေမဲ့ ခင်ပွန်းဖြစ်သူကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ဖခင်ဖြစ်သူသေဆုံးပြီး မိမိမှာလည်း စက်ရုံက လူလျှော့တဲ့အထဲ ပါသွားလို့ အလုပ်မရှိဖြစ်ကာ အကြွေးများတင်နေတာကြောင့်  သတ်သေဖို့ ကြိုးစားခဲ့တာလို့ ဆိုပါတယ်။

“အဲ့နေ့ညက တညလုံးစဥ်းစားတယ်။ မနက်ကျတော့ အမေနဲ့သားလေးကို အပြင်ကိုသွားခိုင်းပြီး မီးပလပ်ခုံကကြိုးနဲ့ ဆွဲကြိုးချတာ အမေကသိပြီး ပိတ်ထားတဲ့တံခါးကို လူတွေလှမ်းခေါ် သံတူးရွင်းနဲ့ဖွင့်ပြီး လူတွေက ကြိုးကိုဖြတ်ချပြီး ကယ်လိုက်တာ ကြိုးဖြတ်သွားရော ကျမလည်း မေ့သွားရော” လို့ ပြောပြပါတယ်။

“အမေကအော်၊ လူတွေက ဝိုင်းပြီး တံခါးကို သံတူးရွင်းနဲ့ဖွင့်၊ ကြိုးကို ဓားနဲ့ခုတ်ပြီး ဖြတ်ချလိုက်ပြီး ကျမ မသေတော့ အမေဆိုတာ ငိုလိုက်တာ၊ အဲ့ဒီကြိုးကို ချောင်းထဲလွှင့်ပစ်လိုက်တာ။”

မိမိကိုယ်ကိုယ် သတ်သေသူအများစုဟာ စိုးရိမ်စိတ်လွန်ကဲနေတာ၊ စိတ်ဓာတ်အလွန်အမင်း ကျဆင်းနေတာ၊ မျှော်လင့်ချက်ကင်းမဲ့နေကြတဲ့သူတွေ၊ အရက်စွဲ မူးယစ်ဆေးစွဲနေတဲ့သူတွေ ဖြစ်နေတတ်တယ်လို့ ဆရာဝန်တဦးက ပြောပါတယ်။

“ဒါက ယေဘုယျအားဖြင့် ခန့်မှန်းလို့ရတာပေါ့။ အခုခေတ်က ပိုဆိုးတယ်။ အလုပ်မရှိတာတွေရော ကုန်စျေးနှုန်းတက်တာတွေရော ကူရာမဲ့ပြီး အဆုံးစီရင်ကျတာ” လို့ ရှင်းပြပါတယ်။

အခုလိုဖြစ်ရပ်တွေကို ကာကွယ်နိုင်ဖို့ လူမှုပတ်ဝန်းကျင်အတွင်း တဦးနဲ့တဦး စာနာစိတ်နဲ့ ဖေးမဖို့လိုတယ်လို့ ပရဟိတ လုပ်ကိုင်နေသူတဦးက ပြောပါတယ်။

“အခုချိန်က ကိုဗစ်နဲ့ကိုစစ် ဖြစ်နေတာ၊ စီးပွားရေးကျပ်တည်းတယ်၊ လူတွေ အလုပ်မရှိဘူး၊ ငတ်နေကြတယ်။ အဲ့အချိန်မှာ ကိုယ့်ပတ်ဝန်းကျင်မှာ အဆင်မပြေတဲ့သူကို ဖေးမရမယ်။ တတ်နိုင်သလောက် ကူညီရမယ်။ ဒီလိုတွေ ကူညီမှ စိတ်သက်သာရာရပြီး သတ်သေမှုတွေနည်းမှာ” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းပြည်ဟာ အဘက်ဘက်က ယိုယွင်းနေပြီး ပြည်သူတွေဟာ စားဝတ်နေရေးအတွက် ပင်ပန်းကြီးစွာ ရုန်းကန်နေရကာ ထမင်းကို မနက်နဲ့ည ပေါင်းစားရတဲ့သူတွေပင် ရှိနေပါတယ်။

“လူတွေက မကြုံဘူးလို့ သတ်သေတဲ့သူတွေကို အပြစ်တင်ချင်ကြလိမ့်မယ်။ ကိုယ်တိုင် သေလောက်တဲ့အထိ ဒုက္ခတွေ ကြုံဖူးမှသိတာ။ ကျမဆို သေချင်လို့လုပ်တာ မသေခဲ့ပေမဲ့ ခုချိန်ထိ ကြိုးမြင်ရင် ကြောက်နေတုန်း” လို့ ပြောရင်း ဆွဲကြိုးချသတ်သေခဲ့တဲ့ အမျိုးသမီးရဲ့ မျက်ဝန်းတွေက ကြေကွဲမှုတွေကို တွေ့ရပါတယ်။

မြင့်မြတ်သူ

1 month Ago
Up