မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဇွန်လ ၂၃ ရက်နေ့မနက်က အသံဗုံး ၃ လုံး ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမနက် ၁၁ နာရီလောက်က အမှတ် ၁၂ ရပ်ကွက်၊ အထက်ဆန်တန်းလမ်း၊ မြို့မကျောင်းအနီးမှာ အသံဗုံးတစ်လုံး၊ မွန်းတည့် ၁၂ နာရီလောက်က အထက ၂ အနီးနဲ့ ချောင်းဒေါင်းလမ်းဆုံအနီးမှာ အသံဗုံးတစ်လုံးစီ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
အသံဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ပေမဲ့ လူထိခိုက်မှု မရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဇွန် ၂၃ ရက် ဒီနေ့မနက်က မြင်းခြံနည်းပညာကောလိပ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နဲ့ ဒေသခံ ပြည်သူလူထုဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါတယ်။
၂၀၀၈ ခြေဥ ဖျက်သိမ်းရေး၊ ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ် ဒီမိုကရေစီဖွဲ့စည်းပုံသစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်၊ ဖိရင်ကြွမယ် ထိရင်ချမယ်၊ ဖက်ဆစ် စစ်တပ် အမြစ်ဖြတ် စတဲ့ ကြွေးကြော်သံတွေနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ ဇွန် ၂၀ ရက် ည ၉ နာရီလောက်က ချိန်ကိုက်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။
မြင်းခြံ အမှတ် (၆) ရပ်ကွက် သုံးဆူဘုရားအနီး ခံတပ်နေရာမှာ စစ်ကောင်စီက ဒေသခံလူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့ အဖြူရောင် ကားတစ်စီးကို ဗုံးနဲ့ ဖောက်ခွဲခဲ့တာလို့ ဒေသခံက ပြောပါတယ်။
ကားပေါ်မှာ စစ်ကောင်စီဘက် လူတချို့ လိုက်ပါလာပေမဲ့ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။