စစ်ကိုင်းတိုင်း ကနီနဲ့ ဘုတလင်မြို့နယ်မှာ ဒီဇင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းက စတင်ပြီး ညနေအထိ စစ်ကောင်စီတွေကို ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တခုဖြစ်တဲ့ ဘကျောက်လုံးကြီးတပ်မဟာ တာဝန်ရှိသူက ပြောပါတယ်။
“ချင်းတွင်းမြစ်အတွင်းကနေ ကနီကို ဆန်တက်လာတဲ့ စစ်ကောင်စီကို အပြန်မှာ နေရာ ၃ နေရာက နေ ညနေ ၃ နာရီခွဲကျော် ၄ နာရီလောက်က ပစ်ခတ်ခဲ့တယ်။ ပထမနေရာက မင်းကုန်းရွာဆိပ်ကမ်းက တလုံး၊ ညောင်ဝန်းကျေးရွာနား ဆိပ်ကမ်းက တလုံးနဲ့ တဇယ်ချောင် မြစ်ရေဝင် အင်းပေါက်က တလုံး ပစ်လိုက်တာ မော်တော်ကတော့ ပျက်ပြီး မျောသွားတယ်။ စစ်ကောင်စီဘက်က အကျဆုံးများနိုင်တယ်။”
အခုလို ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်လို့ စစ်ကောင်စီတပ်က ည ၉ နာရီလောက်မှာ မုဌေါကျေးရွာကနေ သမင်ခြံကျေးရွာဘက်ကို လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့ ပေမဲ့ ရွာအတွင်း ကျရောက်ခြင်း မရှိခဲတာကြောင့် ဒေသခံတွေ အထိခိုက် မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ဘုတလင်မြို့နဲ့ မုံရွာဘက်ကို သွားတဲ့လမ်းပေါ်မှာ စစ်ကောင်စီတပ်တွေကို ဒီဇင်ဘာ ၃၀ ရက် နေ့လယ် ၂ နာရီလောက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
Chindwin Brothers ခေါင်းဆောင်က “ဘုတလင်မြို့တောင်ဘက်အထွက်မှာ စစ်ကောင်စီကားကို မိုင်းဆွဲခဲ့တာ။ မိုင်းကတော့ ထိထိမိမိကို ဆွဲမိတယ်။ ဒါပေမဲ့ အသေစာရင်းကိုတော့ အတိကျ မသိရဘူး။ ဒဏ်ရာရတဲ့သူကတော့ များနိုင်တယ်လို့ ခန့်မှန်းတယ်။ ကျနော်တို့ဘက်က အကျအဆုံး မရှိခဲ့ဘူး”လို့ ဆိုပါတယ်။
အခုတိုက်ခိုက်တာကို ဘုတလင်မြို့ Chindwin Brothers၊ Anonymous Heroes ၊ bo Tite Maung မဟာမိတ်အဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မုံရွာမြို့ဘက်ကို စစ်အင်းအာဖြည့်တင်ဖို့ရာ ထွက်လာတဲ့ စစ်ကောင်စီကားတစီးကို ဒီဇင်ဘာ ၃၀ ရက် ညနေ ၃ နာရီ ၄၉ မိနစ်က မြင်းမူမြို့နယ် ဝမ်းပြည့်နဲ့ အလ္လကပ္ပရွာ ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။
People's Army To Fight Dictatorship အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ဒီကောင်တွေ စစ်ကိုင်းကနေ မြင်းမူအထိ စစ်ကားနဲ့လာတယ်။ မြင်းမူ အထက ၁ ထဲဝင်ပြီး ခရီးသည်ယာဉ် Express ကားကို သုံးပြီး မုံရွာဘက်ကို ထပ်ပြီးထွက်လာတယ်။ အဲဒီလို ထွက်လာတာကို သိလို့ မိုင်း ၂ ကြိမ်ဆွဲခဲ့တာ။ အသေအပျောက်ကတော့ မသိရသေးဘူး။ မိုင်းဆွဲခံရတဲ့ စစ်ကောင်စီ ကားကတော့ အတော်လေးပျက်စီးသွားတယ်” လို့ ပြောပါတယ်။
စစ်ဆင်ရေးကို People's Army To Fight၊Dictatorship(PAFD)တပ်ခွဲ၊ DK PDF(MMU)၊ People's knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF)နဲ့ D.B.B.F-MMU မဟာမိတ်အဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း အောက်တိုဘာ ၂၀ ရက် ည ၇ နာရီခွဲလောက်က မုံရွာကိုသွားတဲ့ စစ်ကောင်စီယာဉ်တန်းကို ၃ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ယောက် သေဆုံးပြီး အများအပြားဒဏ်ရာရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး မဟာ မိတ်တပ်ဖွဲ့တွေက ပြောပါတယ်။
စစ်ကိုင်းတပ်မ ၃၃ ကနေ မုံရွာသွားတဲ့ ကား ၃ စီးပါ စစ်ကောင်စီယာဉ်တန်းကို မြင်းမူမြို့နယ် နပဲကြူးဇရပ်ကျေးရွာနား၊ ကန်ဖျားဇရပ်ကျေးရွာနားနဲ့ ကန်ဖျားဇရပ်နဲ့ ထီးဆောင်းကျေးရွာကြားတို့မှာ မိုင်း ၂၅ လုံးအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ပါတယ်။
ဒေသကာကွယ်ရေးအဖွဲ့ Moe Nyo Revolation Force တာဝန်ရှိသူက “ပထမ မိုင်း ၅ လုံး၊ ဒုတိယနဲ့ တတိယအကြိမ်က မိုင်း ၁၀ လုံးစီ အသုံးပြုခဲ့တယ်။ အဲဒီစစ်ဆင်ရေးနေရာ ၃ ခုမှာ ကားပေါ်က ၁၀ ကောင်ကတော့ ပွဲချင်းပြီးသေတယ်လို့ ကနဦးသိရတယ်” လို့ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်စဉ် ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့ပြီး သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရတဲ့ စစ်သားတွေကို စစ်ကောင်စီတပ်က မြင်းမူမြို့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မိုင်းမဆွဲခင်အချိန်ကတည်းက ဘေးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်နေပြီး မိုင်းဆွဲလိုက်တဲ့အချိန်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပေမဲ့ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ သေဆုံးထိခိုက်ဒဏ်ရာရတာနဲ့ပတ်သက်လို့ သီးခြားအတည် မပြုနိုင်ပါဘူး။
အောက်တိုဘာ ၁၇ ရက်ကလည်း မြင်းမူမြို့နယ် ကန်ဖျားဇရပ်နဲ့ ထီးဆောင်းကျေးရွာကြားမှာ စစ်ကိုင်းဘက်က ထွက်ခွာလာတဲ့ စစ်ကား ၁၁ စင်းယာဥ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။