စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မာဃရပ်ကွက်၊ မုံရွာ-မန္တလေး ကားလမ်းမဘေးက ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁ နာရီကျော်က မီးအားမြှင့်စက်ကနေ မီးစတင်လောင်ကျွမ်းခဲ့ကာ လူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂၀၀ ခန့်ရှိတယ်လို့ မြင်းမူမြို့နယ်မီးသတ်ဌာနက ပြောပါတယ်။
အဆိုပါနေရာဟာ မြင်းမူ CB ဘဏ်အနီးမှာရှိတဲ့ ကုန်စုံဆိုင်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဲဒီညက မီးပျက်နေတာကြောင့် မီးစက်နှိုးပြီး မီးအားမြှင့်စက်သုံးရာကနေ အပူလွန်ကဲ လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
ကုန်စုံဆိုင် နှစ်ထပ်အဆောက်အဦရဲ့ အပေါ်ထပ်မှာ မိသားစု ၃ ဦး အိပ်ပျော်နေချိန် မီးလောင်ခဲ့တဲ့အတွက် မီးသတ်ဌာနက ရှာဖွေကယ်ဆယ်ခဲ့ပေမဲ့ အသက် ၆၇ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသမီး ၁ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြင်းမူမီးသတ်ဌာန တာဝန်ရှိသူတဦးက“အပေါ်မှာ အိပ်ပျော်နေတဲ့ မိသားစု ၃ ယောက်မှာ ၂ ယောက်ကိုတော့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်တာပေါ့။ အသက်ရှူမွန်းကြပ်ပြီးတော့ ၁ ယောက် သေဆုံးသွားတယ်။ အမျိုးသမီး အသက် ၅၈ နှစ်၊ ဆိုင်က အဓိကတော့ ကုန်စုံဆိုင်ပေါ့။ အပေါ်ထပ်မှာ လူနေတာ၊ အောက်ထပ်က ရောင်းတာ၊ ထိခိုက်သူ ၂ ဦးက မစိုးရိမ်ရဒဏ်ရာ ရပါတယ်။ မီးလောင်တာက မီးပျက်နေတဲ့အချိန်မှာ သူတို့က အော်တိုမီးစက် မောင်းထားတာ။ မီးအားကမနိုင်တော့ မီးအားမြှင့်စက် ခံသုံးတာ၊ အဲ့စက်က အပူလွန်ကဲပြီးတော့မှ လောင်တာပါ” လို့ ပြောပါတယ်။
အခုမီးလောင်မှုကို မြင်းမူမီးသတ်ဌာနက မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီး၊ မြို့မအရန်မီးသတ်က မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး မနက် ၂ နာရီခွဲမှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မြင်းမူက လေဆာကျောင်းဝင်းအတွင်းက စစ်ကောင်စီလုံခြုံရေးကင်း နိုဝင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီကျော်လောက် လက်ပစ်ဗုံးနဲ့ အပစ်ခံရတယ်လို့ မြင်းမူဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကောင်စီလုံခြုံရေးကင်မှာ စစ်သားနဲ့ ရဲ ပုံမှန် ၆ ဦး ကင်းစောင့်လေ့ရှိတယ်လို့ ဆိုပါတယ်။
“ပေါက်ကွဲသံက ကျယ်တယ်ဗျ။ အလိုလို သူတို့ဘက်ကပစ်တဲ့အသံမျိုး မဟုတ်ဘူးဗျ။ မြေပါတုန်သွားတယ်။ ဘာတွေဖြစ်မလဲတော့ မသိဘူး။ ပေါက်ကွဲအသံကတော့ လေဆာကျောင်းဝင်းထဲက အသံပဲ” လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။
မြင်မူမြို့ပေါ် စစ်ကောင်စီဂိတ်နဲ့ လုံခြုံရေးကင်းတွေကို ပြည်သူကာကွယ်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်တာတွေ အကြိမ်ကြိမ် ပြုလုပ်ခံနေရပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်ကောင်စီတွေ လက်ပစ်ဗုံးနဲ့ ဝင်ရောက်ပစ်ခတ်ခံရလို့ သေဆုံးခဲ့တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အရက်သောက်နေတဲ့ စခ ၆ ကောင်ကို သံပရာသီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တာ ဟုတ်ပါတယ်ဗျ။ ကျနော်တို့ ပစ်လို စခ ၄ ကောင်ကတော့ နေရာတင် သေတယ်ဗျ။ ၂ ကောင်ကတော့ ဆေးရုံကို နာရေးကားနဲ့ သယ်သွားကြတယ်လို့ သတင်းအတိကျရထားတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူး” လို့ Zero ပြောက်ကျားတပ်ဖွဲ့က ကိုသက်ကြီးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာနဲ့ပတ်သက်ပြီး DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အခုလို ပစ်ခတ်တိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ၊ True Fighter အဖွဲ့တို့ ပူပေါင်းပစ်ခတ်ခဲ့တာလို့ သိရပါတယ်။