close

မြင်းမူ

close

April 17, 2023

ရေစကြို၊ ကျောမြို့၊ ဆားလင်းကြီးနှင့် မြင်းမူမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခု ဧပြီ ၁၆ ရက်မနက်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၅ ယောက်လောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖကနေ သိရပါတယ်။

ရေစကြို ပကဖခေါင်းဆောင် ရဲဘော်ဝေကြီးက“ရေစကြိုမြို့နယ်အခြေစိုက် ခလရ ၂၅၆၊ ၂၅၈ ထဲမှာ လူစုနေတယ်လို့ သတင်းရတာကြောင့် ဧပြီ ၁၆ ရက် မနက် ၉နာရီလောက်မှာ ကျနော်တို့ဘက်က ဒရုန်းနဲ့ အီနာဂါဗုံးသီး ၃ လုံးဖြုတ်ချတိုက်ခိုက်ခဲ့တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၅ ယောက်လောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ရေစကြိုပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရကာ တယောက်ကတော့ စိုးရိမ်ရကြောင်း တပ်တွင်းသတင်းပေးတွေအရ သိရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပကဖ၊ သံမဏိသိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ MRTF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ရဲဘော်ဝေကြီးက ပြောပါတယ်။

ရေစကြိုမြို့နယ် ဇီးကုန်းနဲ့ ဇီးကုန်းကျွန်းကျေးရွာကြားမှာလည်း ဧပြီ ၈ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

မကွေးတိုင်း ကျောမြို့မှာလည်း ဧပြီလ ၁၅ ရက် ညနေပိုင်းက ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်း(၁၉)PDF-ကျောကနေ သိရပါတယ်။

ကျောမြို့ ရဲစခန်းဘက်ကနေ သစ်တောဂိတ်ဘက်ကို အင်အား ၃၀ လောက်နဲ့ ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကို ဧပြီလ ၁၅ ရက် ညနေ ၅ နာရီလောက်မှာ ဒုတပ်ရင်းမှူးဦးစီးတဲ့ကွန်မန်ဒိုရဲဘော်တွေက အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ PDF-ကျောရဲ့တာဝန်ခံ နွေဦးမေတ္တာက ပြောပါတယ်။

နှစ်ဘက်အပြန်အလှန်ထိတွေ့တိုက်ပွဲ နာရီဝက်လောက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပေမယ့် အတိကျမသိခဲ့ရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ပေမယ့်လည်း PDF  ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာတော့ ညောင်ပင်သာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲပူးပေါင်းတပ်တွေကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်ကြီးနဲ့ နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ဧပြီ ၁၆ ရက် မနက် ၁၀ နာရီလောက်မှာ ညောင်ပင်သာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ အလုံး ၅၀ လောက် ၊ညနေ ၃နာရီမှာ လက်နက်ကြီးအလုံး ၅၀ လောက်နှစ်ကြိမ်ပေါင်း အလုံး၁၀၀ ကျော်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ National Revolutionary Guards မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်သူရိန်က ပြောပါတယ်။

"အဲ့ရဲစခန်းမှာက စစ်ကောင်စီ၊ ရဲ ပူးတွဲထိုင်တပ်စွဲထားတာပါ။ ညညဆိုမူးပြီး ရမ်းသန်း လျှောက်ပစ်တာတွေရှိတယ်။  ကျနော်တို့ နှစ်ကြိမ်ပေါင်း ၃ နာရီလောက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရဲစခန်းထဲလည်း လက်နက်ကြီးလက်နက်ငယ်တွေနဲ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ အကျဆုံးကတော့ များနိုင်ပါတယ်။ ကျနော်တို့လည်း သေချာတော့မသိဘူး"လို့  ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို National Revolutionary Guards NRG/Salingyi၊ Figther 9 Force Salingyi ချင်းတွင်း ဒိုင်းနမိုက်နဲ့ တခြား ညီနောင်မဟာမိတ်တပ်ဖွဲ့တွ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိနိုင်ပေမဲ့ အရေအတွက် အတည်ပြုနိုင်ခြင်းမရှိပါဘူး။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာတော့ မန္တလေး-မုံရွာသွားကားလမ်းက မြင်းမူတိုးဂိတ်အနီး  စစ်ကောင်စီတပ်တွေကို ဧပြီ ၁၆ ရက် ညနေ ၅ နာရီလောက်က  လျှက်ဆားပုလင်း လက်ပစ်မိုင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။

အပစ်ခံရတဲ့ စစ်ကောင်စီတပ်တွေဟာ PDF ဝတ်စုံတွ အသွင်ယူဝတ်ဆင်ကာ  ခရီးသွားကားတွေကို ငွေကြေးကောက်ခံတာလို့ မြင်းခြံခရိုင် တပ်ရင်း ၂ Zero ပြောက်ကျားတပ်ဖွဲ့  တပ်ရင်းမှူး ကိုသက်ကြီးက  ပြောပါတယ်။

“ပြည်သူတွေရဲ့ သတင်းပေးချက်အရ ကျနော်တို့ အနီးကပ်သွားပစ်ခတ်ခဲ့တာဗျ။ စစ်ကောင်စီက ရှစ်ယောက်တည်းပါ။ PDF တွေကို အမည်ဖျက်ချင်လို့ ကျနော်တို့ PDFဝတ်စုံတွေနဲ့ ငွေးတောင်ရမ်းနေတာ။ အဲဒါကို ကျနော်တို့က လျှက်ဆားပုလင်းတစ်လုံးနဲ့ သွားပစ်ခတ်ခဲ့တယ်။ စခ နှစ်ကောင်ကတော့ နေရာတင်သေတယ်။ ကျန်တဲ့အကောင်တွေကတော့ ပေါက်ပြဲဒဏ်ရာရသွားတယ်။”

အခုတိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)တပ်ရင်း(၇)နဲ့ True Fighter တပ်ခွဲ(၃) တို့ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး ဒီတိုက်ခိုက်မှုမှာ PDF ရဲဘော်တွေထိခိုက်မှုမရှိပေမဲ့  ဆိုင်ကယ်တစ်စီးဆုံးရှုံးခဲ့တယ်လို့ ကိုသက်ကြီးက ပြောပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့အနေနဲ့ ဧပြီ ၁၅ ရက်ကလည် မြင်းမူမြို့နယ်၊ ထီးဆောင်းရွာက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို GPS စနစ်ပါ ၈၀ မမ၊ ၄၀ မမတွေနဲ့ သွားရောက် အလစ်ဝင်ရောက် ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်းမှာ ထိခိုက်သေဆုံးသူ အရေအတွက်အတိအကျကိုတော့  ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

4 hours Ago

April 16, 2023

စစ်ကိုင်း၊ ကျွန်းလှ၊ မြင်းမူနှင့် ဆားလင်းကြီးတွင် ရဲစခန်းနှင့် စစ်ကောင်စီတပ်များတိုက်ခိုက်ခံရ ဟုမ္မလင်းသင်္ကြန်ပွဲဗုံးကွဲ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ရှိ မြို့မရဲစခန်း ဧပြီ ၁၅ ရက် မွန်းလွဲပိုင်းက တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်နဲ့ ရဲမိသားစုဝင်တချို့ ထိခိုက်သေဆုံး ဒဏ်ရာရရှိသွားတာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲစခန်း ရဲဝန်ထမ်းလိုင်းခန်းပေါ်ကို  ဒေသခံကာကွယ်ရေးအဖွဲ့တွေက မနေ့ညနေ  ၃ နာရီခွဲလောက်က ဒရုန်းအသုံးပြုပြီး ဗုံးသီးချခဲ့တာကြောင့် ရဲ ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ချတာကတော့  ၂ လုံး ၃ လုံးလောက်ဖြစ်မယ်။ ပေါက်ကွဲသံကတော့ ဆက်တိုက်ကွဲတဲ့ အသံတွေတော့ကြားရတယ်။ ရဲစခန်းထဲက အသိတွေ ဖုန်းဆက်ကြည့်တော့ ဝန်ထမ်းလိုင်းခန်းပေါ်ကျပြီး ပေါက်ကွဲတာတဲ့။ ရဲတပ်ကြပ်တစ်ဦးသေပြီး တပ်ကြပ်ရဲ့ မိန်းမနဲ့သမီးကတော့ ဆေးရုံပို့ထားရတယ်လို့  သိထားရတယ်”လို့ ပြောပါတယ်။

ဒေသခံအမျိုးသားတဦးကတော့ "ကျွန်းလှမြို့လယ်ခေါင်က ရဲစခန်းထဲကို ဒရုန်းနဲ့ ဗုံးသီးချခွဲတာ။ ရဲတပ်ကြပ် ၁ ယောက်နဲ့ ရဲတပ်သား ၁ ယောက်‌သေပြီး တပ်ကြပ်ကတော် အပြင်းအထန်ဒဏ်ရာရလို့ ကန့်ဘလူဆေးရုံကို အရေးပေါ်ပို့လိုက်ရတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ ဟုတ်မှန်တယ်လို့ပြောဆိုပြီး တိုက်ခိုက်ခဲ့တဲ့ အဖွဲ့အမည်ကိုတော့ လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုခြင်းမပြုပါဘူး။

ကျွန်းလှမြို့ပေါ်မှာ သင်္ကြန်ရေကစားနိုင်ဖို့ရာ လုံခြုံရေးတွေ တင်ကျပ်ထားတဲ့ကြားက အခုလို တိုက်ခိုက်ခံလိုက်ရတာလည်းဖြစ်တယ်လို့ ကျွန်းလှမြို့ခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ဒုတိယပတ်အတွင်းကလည်း စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေပေါင်းပြီး မြို့အဝင်အထွက် ပိတ်ဆို့ခဲ့တာကြောင့် မြို့ပေါ်နဲ့ မြို့နယ်အတွင်းရှိ ကျေးရွာတွေ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အခက်အခဲဖြစ်ခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာလည်း ထီးဆောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဧပြီ ၁၅ ရက်က လက်နက်ကြီးတွေနဲ့ နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တွေဆီက သိရပါတယ်။

ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီက လေကြောင်းနေတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအရပ်သား ရာနဲ့ချီသေဆုံးခဲ့ရတဲ့အပေါ် လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတော်လှန်ရေးအင်အားစုခေါင်းဆောင်တွေက ပြောပါတယ်။

မြင်းခြံခရိုင် Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူး ကိုသက်ကြီးက “ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာက ပြည်သူတွေအတွက် သွေးကြွေးပြန်တောင်းတာဗျ။ ပထမ ၃ နာရီ ၄၅ မိနစ်က အချိန်မှ ကျနော်တို့ GPS စနစ်ပါတဲ့ ၈၀ မမ တလုံးနဲ့ စပစ်ခတ်ခဲ့တယ်။ အဲအကြိမ်မှာ စခ၊ ရခ၊ ပခ စုစုပေါင်း ၇ ကောင်သေဆုံးပြီး ၅ ကောင်ဒဏ်ရာရသွားတယ်။ အဲတာပြီးတော့ (-) တွေ ဘက်က ပြန်ပစ်လို့ ကျနော်တို့ ဌာနေကို ခဏပြန်နားတယ်။ ကျနော်တို့ဘက်က အထိခိုက်မရှိခဲ့ဘူး။ ညနေ ၅ နာရီ ၁၅ မိနစ်မှာ နောက်တကြိမ် GPS စနစ်ပါတဲ့ ၄၀ မမ ၂ လုံး၊ ၈၀ မမ ၁ လုံးနဲ့ပစ်ခတ်ခဲ့တယ်ဗျ။ အဲအကြိမ်မှာက (-) အသေကတော့ ၅ ကောင်သေတယ်၊ ၃ ကောင် ဒဏ်ရာရသွားတယ်လို့ ကျနော်တို့အတွင်းသတင်းအရ သိထားရတယ်။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို မြင်းခြံခရိုင်၊ တပ်ရင်း၇ Zero ပြောက်ကျားတပ်ဖွဲ့နဲ့ နဂါးနီတပ်ရင်း ၁၊ ကျောက်ဆည်ခရိုင်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ အောက်တောင်ပေါ်ကျေးရွာမှာလည်း သင်္ကြန်တွင်း အဆိုတော် သရုပ်ဆောင်တွေနဲ့ ကျင်းပတဲ့ ဇာတ်ပွဲမှာ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့ ည ၁၀ နာရီခွဲလောက် ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။‌

“ည ၁၀ နာရီကျော်လောက်မှာ ပေါက်ကွဲတာ၊ မိန်းကလေး ၂ ယောက်သေတယ်" လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ပွဲခင်းအတွင်းရှိ ဆိုင်ကယ်ရပ်နားတဲ့နေရာမှာ ဆိုင်ကယ် ဒူးကာအတွင်း ဗုံးထည့်ဖောက်ခွဲခဲ့ရာ အမျိုးသမီး ၂ ဦး သေဆုံး၊ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြကြောင်း၊ အဆိုပါ ဖောက်ခွဲမှုကို PDF တွေက ဖောက်ခွဲတာလို့ စစ်ကောင်စီ ဝါဒဖြန့်ချိရေး လူမှုကွန်ရက်တွေမှာ ရေးသားဖော်ပြထားပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဟုမ္မလင်းမြို့ တပ်မတော် ဆေးရုံကို ပို့ဆောင်ကာ ဆေးကုသပေးထားရပြီး ဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

စစ်ကိုင်းမြို့မှာတော့ ကမ်းနားလမ်း အမှတ်(၁) မြို့မရဲစခန်းအနီးရှိ စစ်ကောင်စီ ဗဟိုမဏ္ဍပ်မှာ ဧပြီ ၁၃ ရက်နေ့ သင်္ကြန်အကျနေ့ ညနေပိုင်းအချိန် ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

"ညနေ ၅:၄၂ နာရီအချိန်မှာ ကမ်းနားလမ်းမှာရှိတဲ့ သင်္ကြန်မဏ္ဍပ်မှာ ဗုံးပေါက်ကွဲတာ၊ အရပ်သားပြည်သူ ၄ ယောက်ထိသွားတယ်။ အဲ့ဒီမဏ္ဍပ်က အမှတ် ၁ မြို့မရဲစခန်းနဲ့နီးတယ်၊ လုံခြုံရေးလည်းအပြည့်ရှိတယ်" လို့ မြို့ခံ အမျိုးသားတဦးက ပြောပါတယ်။

ဗုံးကွဲပြီးနောက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ရမ်းသန်းပစ်ခတ်မှုတွေကြောင့် ၄ ဦး ထိခိုက်ခဲ့ပြီး ဘယ်အဖွဲ့က ဖောက်ခွဲခဲ့သလဲဆိုတာတော့ မသိရသေးပါဘူး။

သင်္ကြန်မဏ္ဍပ်မှာ စစ်ကောင်စီဘက်က ဗုံးဖေါက်ခွဲမှု ပြုလုပ်မယ်လို့ သတင်းကြိုရထားတာကြောင့် စစ်ကောင်စီရဲ့ပြုလုပ်တဲ့ သင်္ကြန်မဏ္ဍပ်တွေကို မသွားဖို့ ကြိုတင်သတိပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

သင်္ကြန်အကြိုနေ့ကလည်း စစ်သားနဲ ရဲတွေက ရေလာကစားတဲ့ လူငယ်တွေကို လမ်းပေါ်ဝမ်းလျားမှောက်ခိုင်းကာ ရိုက်နှက်ခဲ့တယ်လို့ မြို့ခံတွေကဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ဆာလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာ ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဧပြီ ၁၃ ရက် ညနေ ၆ နာရီခွဲလောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ညောင်ပင်းကြီးရွာဒေသခံတွေက ပြောပါတယ်။

“လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရဲ၃ဦးထိခိုက်ဒဏ်ရာရတယ်လို့တော့ ကြားထားရတယ်။ အဲလိုပစ်ခံရပြီး သိပ်မကြာဘူး ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းကနေ စစ်သား ၂၀ ကျော် ညောင်ပင်ကြီးရဲစခန်းထဲ အင်အားလာဖြည့်တာတွေလည်း ရှိတယ်။ သူတို့တိုက်ပွဲဖြစ်ကြတော့မယ်ဆိုပြီး ကျနော်တို့ရဲစခန်းအနီးက ဒေသခံတွေ အကုန်ထွက်ပြေးနေရတယ်” ဒေသခံရွာသားတဦးကပြောပါတယ်။

ဧပြီ ၁၄ ရက်မနက်မှာ စစ်ကူလာတဲ့ စစ်ကောင်စီတပ်က ရဲစခန်းအနီးအနားက ထန်းတောရွာကိုရှာဖွေပြီး နေ့လယ်ပိုင်းမှာ ရွာကို မီးရှို့နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စစ်ရေးတင်းမာနေတာကြောင့် ညောင်ပင်ကြီးရွာအနီးအနားက ကျေးရွာ ၉ ရွာက ဒေသခံ ၅၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

1 day Ago
Up