close

မြစ်ကြီးနား-ပူတာအိုလမ်း

close

September 21, 2021

‌မြစ်ကြီးနား–ပူတာအိုလမ်း ပြန်ဖွင့်မည်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကချင်ပြည်နယ်ခရီးစဉ် လာရောက်စဉ် ပိတ်ထားခဲ့တဲ့ မြစ်ကြီးနား- ပူတာအိုလမ်းကို စက်တင်ဘာ ၂၂ ရက် မနက်ဖြန် ပြန်ဖွင့်ပေးတော့မယ်လို့ သိရပါတယ်။

ဒေသခံ ကားသမားတယောက်က “မနက်ဖြန်ကနေ စဖွင့်မယ်။ ပိတ်ထားတဲ့ရက်တွေမှာတော့ ကားတွေစစ်တယ်။ ပြင်တယ်ပေါ့။ ပိတ်ထားတဲ့ရက်တွေမှာ ထွက်တဲ့ကားတွေတော့ ရှိတယ်။ ဒါပေမဲ့ အားလုံး ပြန်ခေါက်ခိုင်းတယ်။ ပိတ်တာက ၁၉ ရက်ကနေ ပိတ်တယ်” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်အတွင်းမှာ မြစ်ကြီးနား-ပူတာအိုကားလမ်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ယာယီပိတ်ထားခဲ့တာဖြစ်ပါတယ်။  စစ်ကောင်စီ စစ်ကြောင်းတွေတက်လာရင် ပြည်သူတွေ ထိခိုက်မှုမရှိအောင် ပိတ်တာလို့ သိရပါတယ်။

စစ်ခေါင်းဆောင်ဟာ စက်တင်ဘာ ၁၉ ရက်က  မြစ်ကြီးနားကနေ ပူတာအိုကိုလည်း ဆက်သွားဖို့ စီစဉ်ခဲ့ပေမဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ ခရီးစဉ်ဖျက်သိမ်းခဲ့ရပြီး ရှမ်းပြည်ဘက်ကို ခရီးဆက်ခဲ့ရတာပါ။

ကချင်ပြည်နယ်ခရီးစဉ်အတွင်းမှာ ဒေသခံကျောင်းသားလူငယ်တွေက အကြမ်းဖက်စစ်ခေါင်းဆောင်  ကချင်မြေကနေ ထွက်သွားဖို့ မောင်းထုတ်ဆန္ဒပြတာနဲ့ ကြုံတွေ့ခဲ့ရတယ်။

5 months Ago

September 29, 2020

မြစ်ကြီးနား-ပူတာအိုလမ်းပျက်စီးပြီး ခရီးသွားပြည်သူများ လမ်းပန်းဆက်သွယ်ရေး အခက်ကြုံ

မြစ်ကြီးနား-ပူတာအိုကားလမ်းဟာ စက်တင်ဘာ ၂၆ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျပျက်စီးကာ  ခရီးသွားပြည်သူတွေ လမ်းပန်းဆက်သွယ်ရေး အခက်ခဲ‌ တွေ့ကြုံ‌‌နေရပါတယ်။ အခုလိုလမ်းပျက်နေတဲ့အတွက် ခရီးသည်တွေဟာ  လမ်းခရီးတစ်၀က်မှာဘဲ ကြန့်ကြာ‌နေပြီး အခက်ခဲမျိုးစုံတွေ့ကြုံရတယ်လို့ ခရီးသည် ဒေါ်ဆိုင်းနန် ပြောပါတယ်။  “ကျမတို့ မြစ်ကြီးနားက တက်လာတာ ၂၇ ရက်မှာပါ။ မိုးအဆက်မပြတ်ရွာနေလို့ လမ်းတွေ ပြိုကျတယ်။ ကျမတို့က ဆိုင်ကယ်နဲ့လာတာဆိုတော့ ၄-၅ယောက် ဝိုင်းထမ်းပြီး ဖြတ်ကျော်လာခဲ့ ရပါတယ်။ ကားသမားတွေအတွက်တော့  လမ်းမပြုပြင်၊ မရှင်းရ‌သေးဘူး‌ဆို‌တော့ အခက်အခဲ ဖြစ်ပါတယ်။ ဒါကြောင့် ကားသမားတွေကနောက်မှာ ကျန်ခဲ့ပါတယ်။  လမ်းအဓိကပြိုကျနေတာက  တီယန်ဇွပ် မရောက်ခင်နားမှာပါ ခုလိုလမ်းပြိုကျနေလို့ လမ်းကတော်တော်ဆိုးတယ်"လို့ ဆိုပါတယ်။  လမ်းဆောက်လုပ်ရေး အဖွဲ့တွေကတော့  လမ်းရှင်းလင်းပြုပြင်ရေးလုပ်ငန်းတွေ ဆောင်ရွက် နေပါတယ်။ လမ်းက ပိတ်ထားခြင်းမရှိဘဲ ကားတွေလည်း ဆွမ်ဘရာဘွမ်ထိ တချို့ ရောက်လာတယ်လို့ ဆွမ်ဘရာဘွမ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနား -ပူတာအိုကားလမ်းဟာ နှစ်တိုင်းလို မိုးရာသီရောက်တိုင်း လမ်းပြိုကျမှုတွေ တွေ့ ကြုံရပြီး ခရီးသွားပြည်သူတွေ လမ်းပန်းဆက်သွယ်ရေး အခက်ခဲတွေ့ကြုံရလေ့ရှိပါတယ်။ သတင်း - ဖေနောင်းအောင်(ပူတာအို)
1 year Ago
Up