close

မြစ်ကြီးနား

close

May 10, 2023

မြစ်ကြီးနားတွင် တရက်တည်း မီးလောင်မှု ၂ ကြိမ်ဖြစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်နဲ့ မန်ခိန်ရပ်ကွက်မှာ မေ ၉ ရက် တရက်တည်း ဝါယာရှော့ဖြစ်ပြီး မီးလောင်မှု ၂ ခု ဖြစ်ပွားခဲ့တာကြောင့် နေအိမ်အဆောက်အဦ ၃ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းက ပြောပါတယ်။

မနက်အစောပိုင်း ၂ နာရီလောက်က ရမ်ပူရပ်ကွက်၊ နယ်မြေ ၂၃၊ မြစ်သာလမ်းရှိ အောင်ဝင်း ကုန်မာဆိုင်ရဲ့ ဂိုထောင်မှာ ပါဝါဘန့် အားသွင်းရာက အပူလွန်ကဲပြီး မီးလောင်ခဲ့တာကြောင့် ဂိုထောင်တလုံးနဲ့ နေအိမ်တလုံး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်မှုကို မြစ်ကြီးနားမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၃ စီးနဲ့ ကယ်ဆယ်ရေးအသင်းတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၂ နာရီ ၂၅ မိနစ်ခန့်မှာ မီးငြိမ်းသွားပါတယ်။

အဲဒီနေ့ညနေပိုင်း ၄ နာရီ ၃၉ မိနစ်ခန့်မှာ မြစ်ကြီးနား မန်ခိန်ရပ်ကွက်၊ နယ်မြေ ၁၊ မန်ခိန်ရွှေစက်လမ်းရှိ ၂ ထပ်အိမ်တခုမှာ ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တာပါ။

မြို့ခံပရဟိတအသင်း တာဝန်ခံတဦးက “ရမ်ပူ မြစ်သာလမ်းမှာက ကုန်ဆိုင်နဲ့ ဘေးကအိမ် လောင်တာ။ ပါဝါဘန့်ကနေ ‌လောင်တာလို့ ပြောတယ်။ လူထိခိုက်တာတော့ မရှိပါဘူး။ ညနေပိုင်းကျ‌တော့ ရွှေစက်လမ်းမှာ မိန်းဘုတ်ကနေ ရှော့ဖြစ်ပြီး လိုက်ကာစကို မီးစွဲသွားတာ၊ ၂ ထပ် တအိမ်လုံးပါပဲ” လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် ၃၀×၂၀ ပေရှိ နှစ်ထပ်အိမ်တလုံး ပျက်စီးဆုံးရှုံးသွားပြီး မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၂ စီး၊ သ‌‌န္ဓေတပ်ဖွဲ့ဝင် ၃၁ ဦးနဲ့ ငြှိမ်းသတ်ခဲ့တာကြောင့် ညနေ ၅ နာရီလောက်မှာ မီးငြိမ်း‌သွားပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အဆောက်အဦပိုင်ရှင်တွေကို မြစ်ကြီးနားမြို့ သက်ဆိုင်ရာ ရဲစခန်းတွေမှာ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။

7 mins Ago

May 9, 2023

မြစ်ကြီးနားမြို့နယ်၌ ရေတွင်းတူးနေသည့်သားအဖ တွင်းထဲပြုတ်ကျ သေဆုံး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအုပ်စု၊ လမြန်ကျေးရွာမှာ  မေ ၈ ရက် နေ့လယ်ပိုင်းက  နေအိမ်မှာ ရေတွင်းတူးနေစဉ် တွင်းထဲကို ပြုတ်ကျပြီး သားအဖနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။        

သုံးလက်စရေတွင်းကို ပြန်တူးဖော်ရာက သားဖြစ်သူ ရေတွင်းထဲ ပြုတ်ကျစဉ် ဖခင်ဖြစ်သူက ဆင်းဆယ်ရာမှာ တွင်းထဲ ပြုတ်ကျပြီး  သားအဖ နှစ်ဦးလုံး အောင်ဆီဂျင်ပြတ် သေဆုံး သွားတာလို့  သိရပါတယ်။           

ဒေသခံ တဦးက "ရေတွင်းက အိမ်သုံးရေတွင်း။ ရေခန်းလို့ သားအဖနှစ်ဦး တူးနေတာ။ သားက တွင်းထဲ ကြိုးနဲ့ အရင်ဆင်းတယ်။ ကြိုးပြတ်သွားပြီး ရေတွင်းထဲကျတဲ့ သားကို ဆင်းကယ်ရာကနေ ဖခင်ပါ တွင်းထဲပြုတ်ကျပြီး နှစ်ယောက်စလုံး အောက်ဆီဂျင်ပြတ် သေတာ" လို့ ပြောပါတယ်။             သားအဖနှစ်ဦး ရေတွင်းထဲ  ပြုတ်ကျစဉ် မိသားစုနဲ့ အနီးနားဝန်းကျင်က လူမှုကူညီရေးအသင်း တွေကို ဖုန်းဆက်အကြောင်းကြားခဲ့ပြီး လူမှုကူညီရေးအသင်းအဖွဲ့တွေ လာရောက် ကယ်ဆယ်ချိန်မှာ သားအဖ နှစ်ဦးစလုံး သေဆုံးနေကြတာပါ။                

ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ အမျိုးသား တဦးက "လူမှုကယ်ဆယ်ရေးအဖွဲ့က ရောက်လာချိန် သားအဖနှစ်ဦး အသက် မရှိတော့ဘူး။ ကယ်ဆယ်ရေးအဖွဲ့က ပတ်ဝန်းကျင်က သူတွေနဲ့ အလောင်း သယ်ထုတ်ခဲ့ရတယ်”လို့ ပြောပါတယ်။              

မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအုပ်စု၊ လမြန်ကျေးရွာဟာ  ၂၀၁၄ သန်းခေါင်စာရင်းအရ  ကျား ၃၆၆၉ ဦး၊ မ ၄၂၆၁ဦး  နေထိုင်တဲ့ ကျေးရွာတစ်ခု ဖြစ်ပါတယ်။

22 hours Ago
Up