close

မြစ်ခြေ

close

February 3, 2023

မြစ်ခြေ စားကျင်းရွာက နေအိမ် ၂၅ လုံးကို စစ်တပ်က မီးရှို့ပြီး ရွာသား ၁ ဦးကို ပစ်သတ်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ချေတိုက်နယ်၊ စာပေအုပ်စု၊ စားကျင်းရွာဘက်ကို ဖေဖော်ဝါရီ ၁ ရက်က စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်က စားကျင်းရွာက နေအိမ် ၂၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဖိုးတန်ပစ္စည်းတွေ ယူဆောင်ကာ အသက် ၃၃ နှစ်အရွယ် ဦးမောင်နိုင်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာဘက်ကို စစ်ကြောင်းထိုးတော့ ရွာသားအားလုံး တိမ်းရှောင်ရတယ်။ စစ်ကြောင်း ပြန်ထွက်သွားလို့ ရွာပြန်လာတော့ အိမ် ၂၅ လုံးကို စစ်တပ်က မီးရှို့သွားတယ်။ တရွာလုံးမှာရှိတဲ့ အိမ်တွေကနေ အဖိုးတန်ပစ္စည်းတွေ ယူသွားတယ်။ တရွာလုံးပေါင်းရင် ရွှေ တပိဿာလောက်နဲ့ ပိုက်ဆံ သိန်း ၆၀၀ ကျော် ပါသွားတယ်။ ပြီးတော့ အသက် ၃၃ နှစ်အရွယ် မောင်နိုင်ကို နားထင်ကို သေနတ်နဲ့တေ့ပစ်ပြီး သတ်သွားတယ်” လို့ စားကျင်းရွာသားတွေက ပြောပါတယ်။

စစ်တပ်က သတ်ဖြတ်သွားတဲ့ အသက် ၃၃ နှစ်အရွယ် စားကျင်းရွာသား ဦးမောင်နိုင်ကို ဒေသခံရွာသားတွေက  ဒီနေ့ မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူ ၂,၉၄၈ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပြီး ဇန်နဝါရီ ၁၅ ရက်အထိ နိုင်ငံတဝန်း နေအိမ်၊ အဆောက်အအုံ မီးရှို့ဖျက်ဆီးခံရမှုဟာ ၄၃,၂၁၆ လုံးထက်မနည်း ရှိခဲ့တယ်လို့ ISP-Myanmar ရဲ့ မှတ်တမ်းတွေက ဖော်ပြထားပါတယ်။

9 mins Ago

August 2, 2021

မြစ်ခြေမြို့တွင် အလှူရှင်တဦးတည်းက အခြေခံစားသောက်ကုန်များ လှူဒါန်း

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြစ်ခြေမြို့ တိုးချဲ့၁ ရပ်ကွက်တခုလုံးကို အလှူရှင်တစ်ဦးက အခြေခံစားသောက်ကုန်တွေ သြဂုတ် ၂ ရက်နေ့မနက်ပိုင်းမှာ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တိုးချဲ့၁ ရပ်ကွက်မှာ အိမ်ခြေ ၃၀၀ လောက်ရှိပြီး အလှူရှင်ဟာ တစ်အိမ်ကို ဆန် ၂ ပြည်နဲ့ ဆီတစ်ဘူးစီ ကိုဗစ်ရောဂါကာကွယ်ရေး အစီမံတွေနဲ့ အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းခဲ့တာလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

အခုလို ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလမှာ ပြည်သူတွေရဲ့ အခက်အခဲတွေကို ကူညီထောက်ပံ့ပေးတဲ့ အလှူရှင်မိသားစုကို ကျေးဇူးတင်သလို ပြည့်စုံတဲ့သူတွေက ပြည်သူတွေကို ပြန်လည်ထောက်ပံ့တာဟာ မြန်မာလူမျိုးတွေရဲ့ ကောင်းမွန်တဲ့ အစဥ်အလာတခုဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေမှာ ပြည်သူအချင်းချင်းပဲ အားကိုးစရာရှိတာကြောင့် ဘယ်အရပ်ဒေသမှာမဆို ပြည့်စုံကြွယ်ဝတဲ့သူတွေက ဆင်ရဲနွမ်းပါးတဲ့ ပြည်သူတွေကို ပြန်လည်ထောက်ပံ့ပေးမှသာ ဒီကပ်ရောဂါဆိုးကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်မယ်လို့ ဆိုပါတယ်။

2 years Ago
Up