သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းဒေသမှာ နေထိုင်ကြတဲ့ ပြည်သူထောင်ပေါင်းများစွာကို ရေဘေးကနေ ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ အာဏာပိုင်တွေက ဒီနေ့ အောက်တိုဘာ ၁၄ ရက်မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။
နှစ်ရက်ကြာ မိုးအဆက်အပြတ်ရွာပြီးတဲ့နောက် မြစ်ရေတိုးပြီး ရေကြီးမှုတွေနဲ့ ကြုံနေရတာပါ။ မဲလ်ဘုန်းမြို့တည်ရှိတဲ့ ဗစ်တိုးရီးယားပြည်နယ်ထဲက နေရာအတော်များများ၊ နယူးဆောက်ဝေးပြည်နယ်တောင်ပိုင်းနဲ့ တက်စ်မေးနီးယားပြည်နယ် မြောက်ပိုင်းဒေသတွေမှာ ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့ မနက်အထိ ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ ပုံမှန်အခြေအနေမှာ တလစာ မိုးရေချိန်နဲ့ ညီမျှတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဗစ်တိုရီးယားပြည်နယ်ထဲက အဓိကမြစ်ကြီးတွေမှာ ညအချိန် ရုတ်တရက် မြစ်ရေလျှံပြီး ဒေသခံတွေကို အရေးပေါ် ကယ်ဆယ်ခဲ့ရပါတယ်။ သောကြာနေ့မှာ မိုးစဲသွားပေမဲ့ မြစ်ရေကြီးမှု သတိပေးချက်တွေကိုတော့ ဆက်လက်ထုတ်ပြန်ထားပါတယ်။