ဘင်္ဂလားဒေ့ရှ်နိုင်ငံဘဏ်တွေဖြစ်တဲ့ AB Bank နဲ့ Sonali Bank တွေက အမေရိကန်ဒေါ်လာထုတ်မပေးတော့လို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှုအတွက် ကုန်သည်တွေ အခက်တွေ့နေတယ်လို့ မြန်မာကုန်သည်ကြီးတွေထံက သိရပါတယ်။
AB Bank နဲ့ Sonali Bank တွေမှာ အမေရိကန်ဒေါ်လာနည်းပါးလာလို့ ဧပြီ ၃ ရက်ကစပြီး ဒေါ်လာပေးချေတဲ့ လုပ်ငန်းတွေ ရပ်တန့်ထားပြီး ယူကရိန်းစစ်ပွဲပြီးမှသာ ဆက်လက် လုပ်ဆောင်သွားဖို့ရှိတယ်လို့ စစ်တွေအခြေစိုက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာကောင်စစ်ဝန်ရုံးကနေ သိရပါတယ်။
နယ်စပ်ကုန်သည်တဦးက "ကျနော်တို့က ဘင်္ဂလားနဲ့ ကုန်သွယ်ရာမှာ ဘင်္ဂလားဘက်က AB Bank နဲ့ Sonali Bank နှစ်ခုနဲ့ပဲ ငွေပေးချေလေ့ရှိကြတာ။ အခု အဲဒီဘဏ် နှစ်ဘဏ်လုံးက မနေ့က စပြီး ဒေါ်လာတွေ ထုတ်မပေးတော့ဘူးဆိုတော့ မြန်မာ-ဘင်္ဂလား ကုန်သွယ်မှုက ကျဆင်းတာတောင်တောင် မကဘူး။ ရပ်တန့်သွားမယ်အနေအထားအထိဖြစ်လာနိုင်တယ်”လို့ ပြောပါတယ်။
မြန်မာ -ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရာမှာ အဆိုပါဘဏ်၂ ခုနဲ့ မြန်မာနိုင်ငံဗဟိုဘဏ်တို့ ချိတ်ဆက် အလုပ်လုပ်ဆောင်နေကြရတာဖြစ်ပြီး ကုန်တင်ပို့မှု ပမာဏရဲ့ ၆၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ ဒေါ်လာပေါက်စျေးနဲ့ ကုန်သည်တွေထံက ဝယ်ယူနေတာပါ။
မြန်မာကုန်သည်ကြီးတဦးက "ကျနော်တို့က ဘင်္ဂလားကို ကုန်တင်ပို့ပြီးရလာတဲ့ ကုန်သွယ်မှု ပမာဏရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ထားတဲ့ ၂၁၀၀ ပေါက်စျေးနဲ့ ရောင်းပေးရတယ်။ ကျန် ၃၅ ရာခိုင်းနှုန်းကိုတော့ ပြင်ပဒေါ်လာပေါင်စျေးနဲ့ရောင်းရတာ။ ပြင်ပပေါက်စျေးနဲ့က တစ်ဒေါ်လာမှာ ၇၀၀ ကနေ ၈၀၀ အထိ ကွာခြားတော့ အလွန်နှစ်ကြတာပေါ့ဗျာ"လို့ ပြောပါတယ်။
မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ပေါက် ၉ ခုအနက် မောင်တောနယ်စပ်ကုန်သွယ်ရေးမှာ အမေရိကန် ဒေါ်လာတစ်ခုတည်းနဲ့သာအခွန်ဆောင်ပြီး ပို့ကုန်တင်ပို့နေတာဖြစ်ပြီး ပို့ကုန်တန်ဖိုး ၆၅ ရာခိုင်နှုန်းကို စစ်ကောင်စီသတ်မှတ် ဒေါ်လာစျေးနဲ့ပဲ ရောင်းချနေရတဲ့အတွက်လည်း ကုန်သည်တွေ အခက်ကြုံနေရတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေနယ်စပ်ကုန်သွယ်ရေးနဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေးတွေမှာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်စည်တွေ တင်ပို့နေကြတဲ့ ကုန်သည်တွေအတွက် ကုန်စျေးနှုန်း မြင့်တက်လာသလို ပေးဆောင်ရတဲ့ အခွန်ပါ မြင့်မားလာတာကြောင့် ကုန်တင်ပို့ရာမှာ အရှုံးနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
“ကုန်စည်စျေးနှန်းမြင့်လာတော့ ဆောင်ရတဲ့အခွန်ပါ မြင့်လာတယ်။ မောင်တောကနေ ဘင်္ဂလားကို ကုန်တင်ပို့တာ ကုမ္ပဏီ ၅ ခုလောက်ရှိတာ။ အခုဆို ကုမ္ပဏီ ၃ ခုပဲ အလုပ်လုပ်နိုင်ကြတော့တယ်။ ဘာအတွက်လဲဆိုတော့ အရှုံးများလာတော့ အလုပ်ရပ်နားထားကြတာ” လို့ မောင်တောနယ်စပ်မှ ဘင်္ဂလားဘက်ကို ကုန်သွယ်နေတဲ့ ကုန်သည်တဦးက ပြောပါတယ်။
မြန်မာဘက်ကနေ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်စည်တင်ပို့ရာမှာ အစိုးရကို ပို့ကုန်တန်ဖိုးရဲ့ ၂ ရာခိုင်နှုန်း အခွန်ပေးဆောင်ကြရတာပါ။
အခုအခါကုန်စည်တွေ အဆမတန်စျေး မြင့်တာလာတဲ့အပြင် ပို့ကုန်တန်ဖိုး မြင့်မားလာတဲ့အတွက် ပေးဆောင်ရတဲ့ ငွေပမာဏ များလာပြီး အမြတ်မရှိဘဲ အရှုံးနဲ့ ရင်ဆိုင်နေကြရတာလို့ ဆိုပါတယ်။
စစ်တွေမြို့မှ ကုန်သည်ကြီးတဦးက “ဘင်္ဂလားဘက်မှာ စျေးတင်ရောင်းလို့ မရဘူး။ အစိုးရက ကန့်သတ်ထားတယ်။ မြန်မာဘက်မှာက ကုန်စျေးနှန်က တနေ့ထက်တနေ့ မြင့်လာတယ်။ သယ်ယူပို့ဆောင်စရိတ်များလာတယ်။ အခွန်ကျတောလည်း ၂ ရာခိုင်နှုန်းထက်လျှော့မပေးဘူး။ အမှန်ဆို အစိုးရက အခွန်ကို လျှော့ပေးသင့်တယ်” လို့ ပြောပါတယ်။
မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အဓိကတင်ပို့ကုန်တွေကတော့ ရေချိုငါး၊ ငါးမြစ်ချင်း၊ ဒေသထွက် ငါးနီတူခြောက်၊ ငါးကုန်းညိုခြောက်၊ ငါးစုံကလေးခြောက်၊ ငမုတ်မဲ၊ ကြက်သွန်နီ၊ အုန်းသီး၊ ကွမ်းသီး၊ ဂျင်းအစို၊ ဇီးသီးခြောက်၊ ဇီးဖတ်၊ မကျည်းစေ့၊ ထန်းညက်၊ ဒညင်းသီး၊ ကုလားပဲ၊ သရက်သီး၊ စစ်တုံဥ၊ တံမြက်စည်း၊ ငရုတ်သီးခြောက်၊ ဇီးယိုထုတ်တွေနဲ့ ပြည်တွင်းထုတ် လူသုံးကုန်ပစ္စည်းတွေ ပါဝင်တယ်လို့ နယ်စပ်ကုန်သွယ်ရေးစာရင်းတွေအရ သိရပါတယ်။
ရခိုင်နယ်စပ်ကုန်သွယ်ရေးမှ တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ကို ဧပြီ ၁ လအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၈၆၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန် ဒေါ်လာ ၀ ဒသမ ၉၉ သန်းနဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း (ကညင်ချောင်း ကုန်သွယ်ရေးဇုန်ဆိပ်ကမ်း) မှ ပို့ကုန်အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၆ သန်းကုန်သွယ်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရဲ့ ကိန်းဂဏန်းတွေအရ သိရ ပါတယ်။