close

မြန်မာကျပ်ငွေတန်ဖိုး

close

September 1, 2022

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ထိုင်းရောက်မြန်မာကျောင်းသားများ အခက်ကြုံ

ထိုင်းဘတ်ငွေနဲ့လဲလှယ်တဲ့ မြန်မာကျပ်ငွေတန်ဖိုးဟာ အဆင်မတန်ထိုးကျသွားတာကြောင့် ထိုင်းနိုင်ငံမှာ သွားရောက် ပညာသင်ယူနေကြတဲ့ မြန်မာကျောင်းသားအများစုဟာ ငွေကြေးဆိုင်ရာစိုးရိမ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်အများစု ဖွင့်ရာအချိန်ကာလဖြစ်တဲ့ ဩဂုတ်လဆန်းမှာ ငွေလဲလှယ်မှုစျေးနှုန်းဟာ မြန်မာကျပ်ငွေ တသိန်းကို ထိုင်းဘတ်ငွေ ၁၃၈၀ ဝန်းကျင်ရှိခဲ့ပြီး ယခု ဩဂုတ်လကုန်မှာ မြန်မာကျပ်ငွေ တသိန်းကို ထိုင်းဘတ်ငွေ ၉၀၀ အောက်အထိ တဟုန်ထိုး ကျဆင်းလာခဲ့တာပါ။

ထိုင်းနိုင်ငံဟာ ကျောင်းသားတွေအတွက် အချိန်ပိုင်းအလုပ်လုပ်ခွင့် ကန့်သတ်ထားတဲ့အပြင်  လုပ်ငန်းခွင်မှာ ထိုင်းဘာသာစကားကို အဓိကအသုံးပြုနေတာကြောင့် မြန်မာကျောင်းသားတွေ အလုပ်အကိုင်ရရှိနိုင်ဖို့ ခက်ခဲနေကြပြီး ဆက်လက်ပညာသင်ယူနိုင်ဖို့ကို အခက်အခဲတွေ ကြုံနေရတာကြောင့် စိုးရိမ်နေကြပါတယ်။

ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်တခုမှာ ၅၀ ရာခိုင်နှုန်း ပညာသင်ဆုနဲ့ လာရောက် ပညာသင်ယူနေတဲ့ မြန်မာကျောင်းသားတဦးက “ငွေစျေးတွေတက်တော့ Scholarship အရင်က ပေးရတဲ့ ကျောင်းလခနဲ့ အတူတူပဲဖြစ်သွားတယ်။ အရင်ကဆို မြန်မာငွေ ၁၇ သိန်းခွဲလောက်သွင်းရရင် အခုဆို အဲ့နှစ်ဆ နီးနီးလောက်သွင်းရတော့ Scholarship   ရတာအလကားဖြစ်သွားသလိုပဲ။ ကျနော့် သူငယ်ချင်းတယောက်လည်း မနေ့က ငွေလဲဖို့ စျေးမေးတာ တသိန်းကို ဘတ်တထောင် လောက်ပဲရလို့ မလဲလိုက်တာ။ ဒီနေ့ကျတော့ ၉၀၀ ကျော်ပဲရတော့တယ်။ ဘတ်စျေးက အထိမခံ၊ ရွှေပန်းကန်အတိုင်းပဲ”လို့ ဒီဗွီဘီကို ပြောပါတယ်။

ပဋိပက္ခတွေ၊ ဒုစရိုက်မှုတွေနဲ့ မတည်ငြိမ်တဲ့ နိုင်ငံတွင်းအခြေအနေတွေကြောင့် နိုင်ငံအတွင်းက ကျောင်းတွေမှာ ဆက်လက်ပညာသင်ယူဖို့အခက်အခဲတွေ့နေကြတဲ့ လူငယ်တွေဟာ ပြည်ပတက္ကသိုလ်ကျောင်းတွေက ပညာသင်ဆု မျှော်လင့်နေကြပြီး အခုလို တဟုန်ထိုးကျဆင်းနေတဲ့ ငွေကြေးစျေးနှုန်းတွေကြောင့် ပြည်ပနိုင်ငံတွေမှာ သွားရောက်ပညာသင်ယူနိုင်ဖို့နဲ့ မိဘတွေ ထောက်ပံ့နိုင်မှုအားနည်းလာတာကြောင့် ဆက်လက်ရပ်တည်နိုင်ဖို့ခက်ခဲနေကြရပါတယ်။

အခုကြုံတွေ့နေရတဲ့ အချိန်ကာလဟာ မြန်မာကျောင်းသားတွေအတွက် အခက်အခဲဆုံးနဲ့ ရည်မှန်းချက်တွေ ပျောက်ဆုံးနေကြရတဲ့ အချိန်ကာလဖြစ်ပြီး အခက်အခဲတွေကြားက ရုန်းကန်ကြိုးစား ပညာရှာနေကြရတဲ့ ကာလတခုလည်း ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့ကာလကစပြီး စစ်ကျွန်ပညာရေးကိုသပိတ်မှောက်ကာ ပြည်ပမှာ ပညာသင်ယူဖို့ထွက်ခွါနေကြတဲ့ လူငယ်တွေ တစတစ မြင့်တက်လာပြီး မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ သွားရောက်ပညာသင်သူပမာဏအများဆုံးဖြစ်တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

2 mins Ago

October 6, 2021

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေသဖြင့် ဆေးဝါးပစ္စည်းများဈေးတက်၊ IT ပစ္စည်းရောင်းအားကျ

ကျပ်ငွေတန်ဖိုးကျဆင်းပြီး  ဒေါ်လာဈေးတက်နေတာကြောင့် မရှိမဖြစ် လိုအပ်တဲ့ ဆေးဝါးကုန်ပစ္စည်းတွေဟာ ၃၀ ရာခိုင်နှုန်းအထိ ဈေးတက်လာပြီး IT နည်းပညာပစ္စည်းတွေကတော့ ၄၀ ရာခိုင်နှုန်းအထိ ရောင်းအားကျနေပါတယ်။  

စက်တင်ဘာလကုန်ပိုင်းမှာ အမေရိကန် ၁ ဒေါ်လာကို ငွေကျပ် ၂၈၀၀ အထိ စံချိန်တင် ဈေးမြင့်တက်ခဲ့ပြီးနောက်မှာ ဒေါ်လာပေးပြီး ဝယ်ယူရတဲ့ ပြည်ပသွင်းကုန်နဲ့ လည်ပတ်တဲ့ လုပ်ငန်းအများစုဟာ လုပ်ငန်းရပ်ဆိုင်းရမယ့်အခြေအနေနဲ့ရ င်ဆိုင်လာရတာပါ။ 

လုပ်ငန်းရှင်တွေဟာ ဒေါ်လာဈေးတက်သလို လိုသလောက် ဝယ်လို့မရတဲ့အတွက် ကုန်ပစ္စည်းတွေ မှာယူတင်သွင်းဖို့ အခက်အခဲကြုံနေရပြီး ပြန်ရောင်းတဲ့အခါမှာလည်း ကုန်ပစ္စည်းတွေဟာ ဈေးကြီးနေတာကြောင့် အရောင်းအဝယ်ဖြစ်ဖို့ ခက်ခဲနေပါတယ်။

ဒေါ်လာဈေး ငွေကျပ် ၂၀၀၀ နီးပါး ရောက်လာချိန်ကတည်းက ပြည်ပကတင်သွင်းတဲ့ ဆေးဝါးတွေ ဈေးတက်ခဲ့တဲ့အတွက် အရောင်းအဝယ်လုပ်ဖို့ ချင့်ချိန်လာရတယ်လို့ ဆေးဆိုင်ပိုင်ရှင် တစ်ယောက်က ပြောပါတယ်။

ပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေဟာ အရင်ကထက် ၃၀ ရာခိုင်နှုန်းလောက်အထိ ဈေးတက်လာတယ်လို့ ဆေးဆိုင်ပိုင်ရှင်က ပြောပါတယ်။

နည်းပညာပစ္စည်းတွေဖြစ်တဲ့ ကွန်ပျူတာနဲ့ ဖုန်း ဈေးကွက်ဟာလည်း ၄၀ ရာခိုင်နှုန်းလောက်အထိ အရောင်းအဝယ်ကျသွားတယ်လို့ အိုင်တီပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ယောက်ကပြောပါတယ်။ 

ငွေဈေးမတည်ငြိမ်တာကြောင့်မှာယူတင်သွင်းတုန်းက ဈေးနှုန်းနဲ့ ပြန်ရောင်းတဲ့ဈေးနှုန်းကို ချင့်ချိန်ဖို့လည်း ခက်ခဲနေတယ်လို့ ဆိုပါတယ်။ ငွေကြေးနစ်နာဆုံးရှုံးတာ များလာတဲ့အတွက် နည်းပညာပစ္စည်း မော်ဒယ်အသစ်တွေကို မှာယူတင်သွင်းတာတွေ ရပ်ဆိုင်းထားတယ်လို့  ဖုန်းနဲ့ အိုင်တီပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

ပြည်ပထုတ်ကုန်ပစ္စည်းတွေကို မှာယူရောင်းချနေကြတဲ့ Online Shopping လုပ်ငန်းတွေဟာလည်း ငွေစျေးမတည်ငြိမ်တာကြောင့် လုပ်ငန်းတွေ တဖြည်းဖြည်း ရပ်ဆိုင်းကုန်ပါတယ်။ ငွေဈေးမတည်ငြိမ်တာကြောင့် ကုန်ပစ္စည်းဈေးလည်း မတည်ငြိမ်တော့ဘဲ လုပ်ငန်းလုပ်တဲ့အခါ အခန့်မသင့်ရင် မတရားအမြတ်ယူတယ်ဆိုပြီး နာမည်ကို ထိခိုက်စေနိုင်တယ်လို့ Online Shopping လုပ်ကိုင်သူက ပြောပါတယ်။

ငွေကြေးပညာရှင်တချို့ကတော့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်တာကြောင့် ဒေါ်လာဈေးတက်ပြီး ကျပ်ငွေဖောင်းပွတာလို့ သုံးသပ်ပါတယ်။

စစ်ကောင်စီအနေနဲ့ စီးပွားရေးတစ်ခုတည်းကို ကွက်ပြီးဖြေရှင်းချင်လို့မရဘဲ နိုင်ငံရေးမှာ အများလက်ခံနိုင်မယ့် အဖြေတစ်ခုကိုရှာမှ နိုင်ငံရေးနဲ့ စီးပွားရေးကို တည်ငြိမ်အောင် ထိန်းနိုင်မယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့လက်ထက်မှာ ဖြစ်တဲ့ပြဿနာကို တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဖြေရှင်းမယ်လို့ ပြောဆိုထားပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း စစ်ကောင်စီက ဘယ်လိုဖြေရှင်းမလဲဆိုတာကို စောင့်ကြည့်မယ်လို့ ပြန်လည်ပြောဆိုထားပါတယ်။

11 months Ago
Up