နယ်စပ်ကုန်သွယ်ရေးမှာ ဆန်နဲ့ဆန်ကွဲ ပို့ကုန်ကနေရတဲ့ နိုင်ငံခြားငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ထားတဲ့ နှုန်းထားနဲ့ မတ်လ ၁ ရက်က စပြီး မြန်မာကျပ်ငွေနဲ့ မဖြစ်မနေ လဲလှယ်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ပို့ကုန်ပစ္စည်းတွေ အပေါ် မူဝါဒ တစ်ပြေးညီ ကျင့်သုံးဆောင်ရွက်နိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆန်နဲ့ ဆန်ကွဲ တင်ပို့မှု ပို့ကုန်ရငွေကိုရာ ပြည်ပပို့ကုန်ရငွေ ကန့်သတ်ချက်ထဲ ထည့်သွင်းလိုက်တာပါ။
အရင်က နယ်စပ်ကုန်သွယ်ရေးမှာ ဆန်/ဆန်ကွဲ ပို့ကုန်ရငွေကလွဲပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရာဘာ၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေ တင်ပို့မှုကရရှိတဲ့ ပို့ကုန်ရငွေအပေါ် ၃၅ ရာခိုင်နှုန်းကို ဈေးကွက် ပေါက်စျေး အတိုင်း သုံးစွဲခွင့်၊ လွှဲပြောင်းရောင်းချခွင့်ပြုပြီး ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်စျေးနဲ့ တရက် အတွင်း ကျပ်ငွေ မဖြစ်မနေ လဲလှယ်ရမယ်လို့ ကန့်သတ်ထားတာပါ။
လက်ရှိမှာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ ဆန်/ဆန်ထွက်ပစ္စည်းတင်ပို့ရောင်းချရာမှာ ရရှိတဲ့ ပို့ကုန်ရငွေ (နိုင်ငံခြားငွေ) ကို ပို့ကုန်တင်ပို့သူကို ရာနှုန်းပြည့်ထုတ်ယူ အသုံးပြုခွင့်ပေးထားရာက မတ်လ ၁ ရက်နေ့က စပြီး ၃၅ ရာခိုင်နှုန်းကိုသာ ထုတ်ယူသုံးစွဲခွင့်ရှိပြီး ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်နှန်းထားနဲ့ မြန်မာကျပ်ငွေ မဖြစ်မနေလဲလှယ်ရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ဟာ နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်ငွေ၊ ထိုင်းဘတ်ငွေတိုနဲ့ တိုက်ရိုက်ပေးချေ အသုံးပြုခွင့် ပေးထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေကြေးသတ်မှတ်နှုန်းထားဟာ ပြင်ပစျေးကွက် ပေါက်စျေး ကွာဟချက် ရှိတာကြောင့် နယ်စပ်ပို့ကုန် ဆန်၊ ဆန်ကွဲ စျေးကျဆင်းနိုင်တယ်လို့ ကုန်သည်တချို့က သုံးသပ်ထားကြပါတယ်။
ဆန်ကုန်သည်တဦးက “ပြည်တွင်း ဆန်မလုံလောက်လို့ နယ်စပ်ကို ထိန်းချုပ်လိုက်တယ် ထင်ပါတယ်။ အရင်က ဆန်၊ ဆန်ကွဲ ရောင်းရင် ပို့ကုန်ရငွေ ၁၀၀ ရာခိုင်နှုန်းက အပြင်ပေါက်စျေးနဲ့ရတာ၊ အဲလို သတ်မှတ်မယ်ဆိုရင် သတ်မှတ်စျေးနဲ့ပဲ ရတော့မယ်။ အဲဒီ ကန့်သတ်ချက်က ပြည်တွင်း ဆန် ဈေးကွက်အပေါ် သက်ရောက်မှု ရှိမရှိကိုတော့ စောင့်ကြည့်ရမှာ”လို့ ဆိုပါတယ်။
ကုန်သွယ်ရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်မှာ မတ်လ ၁ ရက်နေ့ မတိုင်မီ ကုန်ဖိုးငွေ ကြိုတင်ပေးပို့ထားပြီးဖြစ်တဲ့ ဆန်/ ဆန်ကွဲ ရောင်းချမှုတွေကိုလည်း ကင်းလွတ်ခွင့်မပြုဘူးလို့ ဖော်ပြပါတယ်။
ဆန်စပါးလုပ်ငန်းရှင်တစ်ဦးက “ မတ်လ ၁ ရက်နေ့ကစပြီး နယ်စပ် ဆန်/ဆန်ကွဲ ပို့ကုန်ရငွေတွေ ၆၅/ ၃၅ ဖြစ်မယ်။ ငွေကြိုသွင်းလည်း ခွင့်မပြုဘူး” လို့ ပြောပါတယ်။
တဖက်မှာလည်း အထွေထွေကုန်ကျစရိတ်တွေကြောင့် စိုက်ပျိုးစရိတ် လေးဆလောက် ပိုကုန်ကျခဲ့ရတဲ့ စပါးစိုက်တောင်သူတွေကတော့ စပါးဈေးကျဆင်းမှာကို စိုးရိမ်နေကြပြီး နောက်တစ်ဖက်မှာလည်း မကြုံစဖူးထူးကဲ မြင့်တက်နေတဲ့ မြန်မာပြည်တွင်း ဆန်စျေးနှုန်းတွေကြောင့် ဝင်ငွေနည်းပါးတဲ့ အခြေခံပြည်သူတွေ အခက်တွေ့နေကြပါတယ်။
ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာပြီးနောက် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာပြီး အမေရိကန်ဒေါ်လာငွေလဲနှုန်း ကျပ် ၃၀၀၀ အထက်ကို ပြန်လည်ရောက်ရှိလာပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ထိ ပြင်ပဒေါ်လာစျေးကွက်မှာ ၁ ဒေါ်လာကို ၂၉၀၀ ဝန်းကျင်မှာပဲ စျေးငြိမ်နေခဲ့ပေမဲ့ ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာပြီးနောက် အောက်တိုဘာ ၂၂ ရက်နေ့ကစပြီး နိုင်ငံခြားငွေစျေးကွက်မှာ စျေးမတည်မငြိမ်မှုတွေ ဖြစ်ပေါ် လာခဲ့ပါတယ်။
အွန်လိုင်း လေပေါ်စျေးကွက်မှာ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၆၀၀၀ အထိ ဖြစ်ပေါ်ခဲ့ပေမဲ့ အမှန်တကယ် ပြင်ပစျေးကွက် အတွင်းမှာတော့ အမေရိကန် ၁ ဒေါ်လာကို ၃၂၀၀ကျပ် ဝန်းကျင်မှာပဲ အရောင်းအဝယ်ဖြစ်နေပါတယ်။
ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်သူတဦးက “လိုင်းပေါ်မှာသာ ၁ ဒေါ်လာကို ၅၀၀၀၊ ၆၀၀၀ အသံထွက်နေတာ။ ဒီနေ့ ကျနော်ရောင်းဖို့စုံစမ်းတော့ ၁ ဒေါ်လာကို ၃၀၀၀၊ ၃၂၀၀ ဝန်းကျင်မှာပဲရှိတယ်” လို့ ပြောပါတယ်။
အလားတူ ပြင်ပဒေါ်လာစျေး နဲ့ တွက်ချက်ရောင်းချတဲ့ ပြည်တွင်းအခေါက်ရွှေစျေးကလည်း ဒီကနေ့မွန်းလွဲပိုင်းမှာ ၁ ကျပ်သားကို ၂၇ သိန်း ဝန်းကျင်ထိ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၂၁ ရက်နေ့က ၁ ကျပ်သားကို ၂၅ သိန်း ၇ သောင်း ဝန်းကျင်မှာပဲရှိခဲ့ပေမဲ့ ၃ ရက်အတွင်း ကျပ် ၁ သိန်းကျော် ပြန်လည် မြင့်တက်လာပါတယ်။
နိုင်ငံခြားငွေစျေးကွက်မှာ ဒေါ်လာနဲ့အပြိုင် ထိုင်းဘတ်ငွေစျေးလည်း လိုက်ပါမြင့်တက်လာပါတယ်။ မြဝတီနယ်စပ် ငွေလဲစျေးကွက်မှာ ပြီးခဲ့တဲ့ တပတ်က မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းငွေ ၁၃၄၀ ဘတ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ရာကနေ ဒီနေ့မှာဆိုရင် မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းငွေ ၁၃၁၀ ဘတ်သာရှိပြီး မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းလာပါတယ်။
လက်ရှိမှာတော့ ဘတ်စျေးအပေါ်မှုတည်ပြီး ထိုင်းနိုင်ငံက တင်သွင်းတဲ့ အလှကုန်၊ အဝတ်အထည်၊ ဖိနပ်စတဲ့ လူသုံး ကုန်ပစ္စည်းတွေ စျေးအနည်းငယ် လိုက်ပါမြင့်တက်နေပါတယ်။
ပြည်ပကနေ ဒေါ်လာနဲ့ ဝယ်ယူတင်သွင်းရတဲ့ စားအုန်းဆီကလည်း (FATF) ရဲ့ ကြေညာချက်ထွက်ပေါ်အပြီး ဒေါ်လာစျေး ဂယက်နဲ့အတူ ၁ ပိဿာကို ကျပ် ၉၀၀၀ ကနေ ၁၀၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် ဒီနေ့မှာတော့ ရန်ကုန်လက်လီစျေးကွက်မှာ ၁ ပိဿာကို ၇၇၀၀ကနေ ၈၀၀၀ ကျပ်အကြား ပြန်လည်စျေးချပြီး အရောင်းအဝယ် ဖြစ်နေပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ကတော့ FATF ရဲ့ အမည်ပျက်စာရင်း သွင်းခံရပေမဲ့ စိုးရိမ်စရာအခြေအနေမဟုတ်ကြောင်း၊ အဲဒီစာရင်းက အမြန်လွတ်မြောက်ဖို့ လာမယ့် တနှစ်အတွင်းဆောင်ရွက်မယ့် Action Plan တွေ ရေးဆွဲထားပြီးဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။