close

မြန်မာကျောင်းသားများ

close

February 9, 2023

ထိုင်းတက္ကသိုလ်များတွင် မြန်မာကျောင်းသားများတက်ရောက်ပညာသင်မှု ပိုမိုများပြားလာ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံကတက္ကသိုလ်တွေ အထူးသဖြင့် ဘန်ကောက်ရှိနိုင်ငံတကာအဆင့်မီတက္ကသိုလ်တွေမှာ မြန်မာနိုင်ငံက ကျောင်းသားတွေ တက်ရောက်မှု ပိုများလာပြီး  ထောင်နဲ့ချီ လာရောက်ပညာသင်ကြားနေတယ်လို့ The Voice ထိုင်းတီဗွီ သတင်းမှာ ဖော်ပြပါတယ်။

အထူးသဖြင့် ရန်းဆစ်တက္ကသိုလ် ( Rangsit University ) နဲ့ ထိုင်းစီးပွါးရေးတက္ကသိုလ် University of the Thai Chamber of Commerce  မှာ မြန်မာကျောင်းသား ထောင်နဲ့ချီရှိကြောင်း၊ IT နည်းပညာကို စိတ်ဝင်စားသူများပြီး အဲဒါပြီးရင် ကျန်းမာရေးသိပ္ပံနဲ့ အင်ဂျင်နီယာတွေကိုလည်း စိတ်ဝင်စားတယ်လို့  ရန်းဆစ်တက္ကသိုလ် နိုင်ငံတကာဌာန ညွှန်ကြားရေးမှူး ပါမောက္ခဒေါက်တာ ဆုဖတ်ထန နိရတ်ကန်နဖွန်းက ပြောပါတယ်။

အဆိုပါ မေဂျာတွေကို သင်ယူရာမှာ ကျောင်းလခ ဘတ် ၅ သိန်းကနေ ၇ သိန်းထိ ရှိကြောင်း၊ မြန်မာပြည်ကကျောင်းသားအများစုဟာ မိဘက နိုင်ငံတကာစီးပွါးရေးလုပ်ငန်းရှင်နဲ့ ငွေကြေးချမ်းသာတဲ့ သူဌေးအသိုင်းအဝိုင်းက ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ရန်းဆစ်တက္ကသိုလ်မှာ အမေရိကန်၊ နီပေါ၊ နိုင်ဂျီးရီးယား၊ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယား အစရှိတဲ့ နိုင်ငံပေါင်းစုံကလာတဲ့ ကျောင်းသားတွေရှိပြီး အရင်က တရုတ်ပြည်က ကျောင်းသားဦးရေအများဆုံးဖြစ်ကာ ဒီ ၂ နှစ်တာကာလအတွင်းမှာတော့ မြန်မာ ကျောင်းသားဦးရေ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှု အရေးပါ်အခြေအနေတွေ ဖြေ‌လျှော့လိုက်ပြီးတဲ့နောက် အရင်က အွန်လိုင်းနဲ့ သင်နေတဲ့ ကျောင်းသားတွေလည်း ကျောင်းစာသင်ခန်းထဲ ပြန်ဝင်လာကြောင်း၊  ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ပထမနှစ်နဲ့ နွေရာသီသင်တန်းကာလမှာ မြန်မာကျောင်းသားသစ် ဦးရေ ၂၀၀ လက်ခံခဲ့ပြီးဒီ ၂၀၂၃ စာသင်နှစ်မှာတော့ စာရင်းသွင်းထားပြီး လက်ခံထားတဲ့ မြန်မာကျောင်းသားသစ် ၁၀၀၀ ကျော်ရှိတယ်လို့ ဒေါက်တာဆုဖတ်ထနက ပြောပါတယ်။ 

မြန်မာကျောင်းသားတွေဟာ အင်္ဂလိပ်ဘာသာနဲ့သင်ကြားတဲ့ ကျန်းမာရေးသိပ္ပံ၊ ဇီဝဆေးသိပ္ပံ၊ အနုပညာနဲ့ဒီဇိုင်း၊ နိုင်ငံတကာစီးပွားရေး၊ အင်ဂျင်နီယာစတဲ့ဘာသာရပ်တွေမှာ သင်ကြားနေပြီး အိုင်တီနည်းပညာဘာသာရပ်မှာ အရင်က ဆယ်ဂဏန်းလောက်သာရှိပေမယ့် လက်ရှိကျောင်းသား ၂၀၀ ကျော်ပြီး အများစုမှာ မြန်မာကျောင်းသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို မြန်မာနိုင်ငံက ကျောင်းသားတွေ ထောင်နဲ့ချီလာတက်ခြင်းအားဖြင့် ပုဂ္ဂလိက တက္ကသိုလ်တွေအနေနဲ့  ဝင်ငွေကောင်းကာ သူတို့တက္ကသိုလ်ကိုလည်း ပိုမိုကောင်းမွန်အောင်မြှင့် တင်နိုင်ကြောင်း၊  မြန်မာကျောင်းသားတွေအနေနဲ့လည်း နိုင်ငံတကာ အဆင့်မီပညာရပ်တွေကို အေဆေးစွာလေ့လာသင်ယူနိုင်သလို အုပ်ထိန်းသူအတွက် နေထိုင်ခွင့်ဗီဇာတွေ၊ ကွန်ဒိုတိုက်ခန်း ဝယ်ယူခွင့်တွေလည်း ရရှိနိုင်မယ်၊ ပြည်တွင်း မငြိမ်သက်မှုဘေးကနေလည်း တိမ်းရှောင်လို့ရမယ်လို့ The voice သတင်းမှာ သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွာရေး၊ ပညာရေး၊ ကျန်းမာရေး အပါအဝင် အဘက်ဘက်က ယိုယွင်းပျက်စီးသွားခဲ့တာပါ။ ကျောင်းသားလူငယ်တွေအများစုဟာလည်း စစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့အနေနဲ့ ပြည်တွင်းတက္ကသိုလ်တွေမှာ ကျောင်းမတက်ကြတော့သလို လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ရောက်သွားခဲ့ကြပါတယ်။

ခရိုနီသူဌေးတွေ၊ ငွေရှင်ကြေးရှင်တွေနဲ့  စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေကတော့ အနောက်နိုင်ငံတွေမှာ သွားရောက်ပညာသင်ကြားနေကြသလို ငွေကြေးအတန်အသင့် တတ်နိုင်သူတွေကတော့ အိမ်နီးချင်း ထိုင်းနဲ့ စင်ကာပူတို့လို့ နိုင်ငံတွေမှာ သားသမီးတွေကို ပို့ဆောင်  ပညာသင်စေတာ ဖြစ်ပါတယ်။

ငွေကြေးမတတ်နိုင်ပေမဲ့ မြန်မာနိုင်ငံကနေ ထိုင်းမှာ ကျောင်းလာတက်လိုတြ့ ကျောင်းသားတွေအတွက် ထိုင်းတက္ကသိုလ်တချို့က  ပညာသင်ဆုတွေပေးနေတာတွေလည်း ရှိပါတယ်။

ထိုင်းအဆင့်မြင့်ပညာရေးဌာန Ministry of Higher Education ၊ သိပ္ပံသုတေသနနဲ့ဆန်းသစ်တီထွင်မှုဌာန Science, Research and Innovation (MHESI) နဲ့ Suranaree နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံက ကျောင်းသားတွေအတွက် သီးသန့်ပညာသင်ဆု အစီအစဉ်ကိုလည်း ဖွင့်လှစ်ထားပါတယ်။ စိတ်ဝင်စားသူတွေအနေနဲ့ အောက်ပါလင့်ခ် https://cia.sut.ac.th/fully-funded-scholarship-thailand-scholarships-year-2023/?fbclid=IwAR0ISW24Q6hi3ojBW1PQKj0ugX9w96YX9JXf2jT2wFgfRE1hL_JeFoxqdZo မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

1 min Ago

April 27, 2021

စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာရန် ယူကေနှင့် အိုင်ယာလန်ရောက် မြန်မာကျောင်းသားများ အစာငတ်ခံ ဆန္ဒပြ

ယူကေအစိုးရအနေနဲ့ မြန်မာအာဏာသိမ်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်က ကြေညာပေးဖို့ တောင်းဆိုထားတာ သီတင်း ၂ ပတ်ကျော်ကြာခဲ့ပေမယ့် ထူးခြားမှုမရှိတာကြောင့် ယူကေနဲ့ အိုင်ယာလန်ရောက် မြန်မာကျောင်းသားတွေ  အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။

မြန်မာကျောင်းသားတွေဟာ ယူကေရောက်မြန်မာနိုင်ငံသားတွေနဲ့အတူ ဧပြီ ၂၄ ရက် မနက် ၉ နာရီကနေ ဧပြီလ ၂၇ ရက် မနက် ၉ နာရီထိ ၇၂ နာရီတိတိအစာအငတ်ခံဆန္ဒပြခဲ့တယ်လို့ မြန်မာကျောင်းသာများသမဂ္ဂ ယူကေနဲ့ အိုင်ယာလန်က ထုတ်ပြန်ကြေညာထားပါတယ်။ 

နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီး အပြစ်မဲ့ပြည်သူ ၇၀၀ ကျော်သေဆုံးခဲ့ရတာ၊ ပြည်သူ ၂၃ ဦးကို မတရားသေဒဏ်ပေးတာ၊ ပြည်သူ ၃၀၀၀ ကျော်ကို အတင်းအဓမ္မဖမ်းဆီးထား တာတွေအတွက် စစ်‌ကောင်စီကို Terrorism Act 2000 အရ အကြမ်းဖက်အဖွဲ့အစည်း အဖြစ်ကြေညာပေးဖို့  ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့ ကတည်းက ယူကေနိုင်ငံ ပြည်ထဲရေးဝန်ကြီးထံ ပေးပို့ခဲ့တာပါ။ 

ဒါ့အပြင် နိုင်ငံရေးအခြေအနေအခက်အခဲကြောင့် မိမိတိုင်းပြည်ကိုပြန်ဖို့ အခက်အခဲဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ယာယီကာကွယ်ရေးဗီဇာအနေနဲ့ ဗီဇာသက်တမ်းတိုးပေးထားဖို့လည်း တောင်းဆိုထားပါတယ်။ 

ဒါပေမဲ့ ဒီကနေ့ထိ အကြောင်းပြန်ကြားချက် တစုံတရာမရရှိခဲ့တာကြောင့်  ယူကေနဲ့ အိုင်ယာလန်ရောက် မြန်မာကျောင်းသားသမဂ္ဂ ပဉ္စမအကြိမ် ဗဟိုအလုပ်အမှုဆောင်များရဲ့ ဥက္ကဋ္ဌ ကိုကျော်မင်းဟန်နဲ့  မြန်မာကျောင်းသားတွေ၊ မြန်မာနိုင်ငံသားတွေက အခုလို ၇၂ နာရီကြာ အစာအငတ်ခံ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ 

အစာငတ်ခံဆန္ဒပြနေကြတဲ့ ယူကေနဲ့ အိုင်ယာလန်ရောက် မြန်မာကျောင်းသားတွေကို ထောက်ခံအားပေးကြောင်း  မြန်မာပြည်တွင်းက ကျောင်းသားသမဂ္ဂတွေကလည်း ထုတ်ပြန်ကြေညာထားပါတယ်။

Photo- MSU

2 years Ago
Up