close

မြန်မာခရိုနီလက်နက်ပွဲစား

close

January 24, 2023

စစ်ခေါင်းဆောင်နှင့်ဆက်နွှယ်နေသည့် ခရိုနီလက်နက်ပွဲစား ဦးထွန်းမင်းလတ်ကို ထိုင်းတရားရုံးက ရုံးထုတ်စစ်ဆေး

မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ထိုင်းနိုင်ငံက ဖမ်းဆီးထားတဲ့ ခရိုနီ လက်နက်ပွဲစား ဦးထွန်းမင်းလတ်အပါအဝင် တရားခံ ၅ ဦးကို ဇန်နဝါရီ ၂၃ ရက် မနေ့က ရာဇဝတ်မှုဆိုင်ရာ တရားရုံးကနေ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တူဒေး ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

 Allure Group ထိုင်း-မြန်မာ လျှပ်စစ်ဓာတ်အားရောင်းဝယ်ရေး ကုမ္ပဏီပိုင်ရှင် ဦးထွန်းမင်းလတ်၊ သူ့ရဲ့ကိုယ်ရေးအရာရှိ နန်းနမ့်ဟွမ်နတ်တကွန်း၊ နိုင်းဒင်းယန်း ကျွန်းထုလ (ထိုင်းအထက်လွှတ်တော်အမတ် နိုင်းဥပကာရဲ့သမက်)နဲ့ Allure Group ဝန်ထမ်း ၂ ဦးတို့ ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။

သူတို့ကို မူးယစ်ဆေးဝါးရောင်းဝယ်ရေးမှာ ပါဝင်ပတ်သက်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ တရားစွဲထားတာဖြစ်ပြီး မနေ့က တရားခွင်မှာတော့ အားလုံးက စွဲဆိုချက်တွေကို ငြင်းပယ်ခဲ့ပါတယ်။

ဒီအမှုမှာ နောက်ထပ် ထွက်ပြေးလွတ်မြောက်နေသူ ၂ ဦးရှိကြောင်း၊ အသက် ၄၅ နှစ်အရွယ် နိုင်းဖန်းနလုန်းခွန်ဖိထပ်(ခ) အက်ဒိနဲ့ သူ့အမျိုးသမီး နန်းကလဝီ ထိရပဖားဝုန်း(ခ)ဖွန်းထစ် တို့ဖြစ်ကြောင်း၊ သူတို့နှစ်ဦးဟာ အိမ်နီးချင်းနိုင်ငံမှာ ပုန်းရှောင်နေရာက နောက်ဆုံး လန်ဒန်မှာ ဘတ်သန်းပေါင်း ၉,၀၀၀ တန် ဟိုတယ်ဝယ်ပြီး နေထိုင်နေတယ်လို့ သတင်းရထားတယ်လို့ ဆိုပါတယ်။

အက်ဒိဟာ Allure Group မှာ ရှယ်ယာပါရုံတင်မကဘဲ အွန်လိုင်းလောင်းကစားမှုနဲ့ တရားမဝင် ထီရောင်းဝယ်မှုတွေနဲ့ပါ ဆက်နွှယ်မှုရှိကြောင်း သက်ဆိုင်ရာက စုံစမ်းသိရှိထားတယ်လို့ ဆိုပါတယ်။

အထူးစုံစမ်းစစ်ဆေးရဲတပ်ဖွဲ့က ၃ နှစ်တာ ထောက်လှမ်းစုံစမ်းချက်အရ ကင်းနွန်ထပူရီ အပါအဝင် မူးယစ်ဆေးဝါးဂိုဏ်း ၄ ဂိုဏ်းဟာ Allure Group ကုမ္ပဏီထဲကို ငွေတွေ အမြောက်အမြား လွှဲထားတာကြောင့် အဆိုပါကုမ္ပဏီနဲ့ သက်ဆိုင်သူတွေ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

P & E Allure Group ကုမ္ပဏီထဲကို ဘဏ်အကောင့်ပေါင်း ၂၅၀ ကနေ ငွေပမာဏ သန်းပေါင်း ၁၅၀ ကျော် လွှဲထားတဲ့ အထောက်အထားရှိပြီး အဲဒီလောက်တန်ဖိုးရှိတဲ့ စက်သုံးဆီနဲ့ လျှပ်စစ်ဓာတ်အားရောင်းဝယ်မှု ပမာဏကိုတော့ မပြနိုင်ဘူးလို့ ဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး အက်ဒိရဲ့ပိုင်ဆိုင်မှု ၆၈၁ သန်းကျော်၊ ဖွန်းထစ်ရဲ့ပိုင်ဆိုင်မှု ၄၁၈ သန်းကျော်၊ နိုင်းဒင်းယန်းရဲ့ ပိုင်ဆိုင်မှု ၁၁ သန်းကျော်၊ ဦးထွန်းမင်းလတ်ရဲ့ ပိုင်ဆိုင်မှု ၂၃၁ သန်းကျော်၊ နမ့်ဟွမ်ပိုင်ဆိုင်မှု ဘတ် ၂၆ သန်းကျော်၊ ဦးဝင်းမင်းစိုး ၃၆ သန်းကျော်၊ နန်းပီယ ၁၁ သန်းကျော်၊ စုစုပေါင်း ဘတ်သန်းပေါင်း ၁,၅၀၀ ကျော်ကို သက်ဆိုင်ရာက သိမ်းဆည်းခဲ့ပါတယ်။

အဲဒီထဲမှာ မြေဂရန်၊ ကွန်ဒိုတိုက်ခန်း၊ ဇိမ်ခံကား၊ တန်ဖိုးကြီးအမှတ်တံဆိပ် လက်ကိုင်အိတ်တွေ၊ ဘဏ်စာအုပ်နဲ့ မီးခံသေတ္တာထဲက ထိုင်းဘတ်နဲ့ အမေရိကန်ဒေါ်လာငွေတွေ ပါဝင်ပါတယ်။

အဆိုပါ Allure Group P & E ကုမ္ပဏီရဲ့ မူလပိုင်ရှင်ဟာ ထိုင်းအထက်လွှတ်တော်အမတ် နိုင်းဥပကစ် ပကျာရီယန်းကွန်း ဖြစ်ပြီး ဦးထွန်းမင်းလတ်ရဲ့ ဖခင်လက်ထက်ကတည်းက ရင်းနှီးကျွမ်းဝင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ကုမ္ပဏီဟာ တာချီလိတ်မှာလည်း ကာစီနိုရုံနဲ့ ဟိုတယ်တွေ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် ဦးထွန်းမင်းလတ်ကို ရောင်းချပေးခဲ့တာကြောင့် သူနဲ့မဆိုင်တော့ဘူးလို့ နိုင်းဥပကစ်က သတင်းစာရှင်းခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့သမက်ဖြစ်သူ နိုင်းဒင်းယန်းက ကုမ္ပဏီထဲမှာ အရေးပါသူတဦး ဖြစ်နေတာကြောင့် စသုံးလုံးရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်ခြင်းကို ခံနေရပါတယ်။

ဦးထွန်းမင်းလတ်ဟာ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အလွန်နီးစပ်သူဖြစ်ပြီး ထိုင်းရဲက သူ့ကိုဖမ်းဆီးချိန်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ ဘန်ကောက်မှာ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းမဲ့ ဘဏ်စာအုပ်တွေပါ လက်ပူးလက်ကြပ် သိမ်းဆည်းရမိခဲ့လို့ သူတို့ချမ်းသာကြွယ်ဝမှုတွေဟာ မူးယစ်ဆေးဝါးနဲ့  တရားမဝင် စီးပွားရေးတွေနဲ့ ပတ်သက်မှုရှိမရှိကို ထိုင်းရဲတွေက ဆက်လက်စုံစမ်းနေကြပါတယ်။

ကိုးကား - ch3plus.com

3 mins Ago

September 23, 2022

ဖမ်းဆီးခံရသည့် မြန်မာခရိုနီလက်နက်ပွဲစားနှင့် ပတ်သက်မှုမရှိဟု ထိုင်းလွှတ်တော်အမတ်ငြင်းဆို

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ဘန်ကောက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်ကို လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းနဲ့ပတ်သက်လို့ သိကျွမ်းခဲ့ဖူးတာမှန်ပေမဲ့ သူနဲ့အတူ တရားမဝင်စီးပွားရေးတွေ ပူးပေါင်းဆောင်ရွက်ဖူးခြင်းမရှိကြောင်း ထိုင်းအထက်လွှတ်တော်အမတ် အူပါကစ်ပချယီယန်ကွန်းက ပြောပါတယ်။

အသက် ၅၃ နှစ်အရွယ် မြန်မာခရိုနီ လက်နက်ပွဲစား  ထွန်းမင်းလတ်ကို ထိုင်းနိုင်ငံသား ၃ ဦးနဲ့အတူ စက်တင်ဘာ ၁၇ ရက် က   ဖမ်းဆီးမိခဲ့တာဖြစ်ပြီး သူတို့ ၄ ဦးဆီက ဘတ်သန်း ၂၀၀ ကျော်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

ထွန်းမင်းလတ်ဟာ ဟိုတယ်လုပ်ငန်း၊ စွမ်းအင်နဲ့ သတ္တုတွင်းလုပ်ငန်းတွေအပြင်  မြန်မာစစ်ကောင်စီအတွက် လက်နက်ပစ္စည်းတွေဝယ်ပေးတဲ့ ပွဲစားအဖြစ်လူသိများသူဖြစ်ပါတယ်။

မြန်မာနိုင်ငံ တာချီလိတ်မြို့မှာ ဟိုတယ်လုပ်ငန်းပိုင်ဆိုင်ခဲ့ဖူးတဲ့ ထိုင်းလွှတ်တော်အမတ် မစ္စတာအူပါကစ်ဟာ ထွန်းမင်းလတ်နဲ့ စီးပွားရေးဆက်သွယ်ဆောင်ရွက်သူအဖြစ် သံသယရှိကြောင်း သတင်းထွက်လာခဲ့တာဖြစ်ပါတယ်။

ထွန်းမင်းလတ်ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတာကိုတောင် သူသေချာမသိခဲ့ကြောင်းနဲ့ အခုမှ သတင်းတွေကို လိုက်ပြီးလေ့လာနေရကြောင်း  ထိုင်းလွှတ်တော်အမတ် အူပါကစ်က ပြောပါတယ်။

လက်နက်ရောင်းဝယ်ရေးကို ဘယ်တုန်းကမှစိတ်မဝင်စားခဲ့ကြောင်းနဲ့ ထွန်းမင်းလတ်ကိုလည်း မြန်မာစစ်ကောင်စီနဲ့ ပစ္စည်းရောင်းချသူတွေကြားက ညှိနှိုင်းသူ ကိုယ်စားလှယ်အဖြစ်သာ သိရှိထားကြောင်း  အူပါကစ်က ပြောပါတယ်။

“လွန်ခဲ့တဲ့ရှစ်နှစ်က ကျနော့်မိဘတွေဆုံးသွားတဲ့ အချိန်ကစပြီး ကျနော်ဗုဒ္ဓရဲ့အဆုံးအမတွေကို သေချာလိုက်နာခဲ့ပါတယ်။ ကုသိုလ်တွေလုပ်ပြီး ပါဏာတိပါတာကံကိုလည်း မကျူးလွန်တော့ပါဘူး။ ဒီလိုစီးပွားရေးမျိုးကို ကျနော်စိတ်ဝင်စားဖို့ အကြောင်းလည်းမရှိပါဘူး။”

တာချီလတ်မှာ ဟိုတယ်လုပ်ငန်းကိုပိုင်ဆိုင်ခဲ့ပေမယ့် လွှတ်တော်အမတ်ဖြစ်မလာခင် ၂၀၁၅ ခုနှစ်မှာ ပြန်လည်ရောင်းချခဲ့ပြီး တာချီလတ်ကို မရောက်ဖြစ်တာ ရှစ်နှစ်ရှိပြီလို့ ထိုင်းလွှတ်တော်အမတ်က ပြောပါတယ်။ 

“လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေး အေဂျင်စီက ကျနော့်ရဲ့ပိုင်ဆိုင်မှုတွေကို စစ်ဆေးပြီးတော့မှ လွှတ်တော်အမတ်ဖြစ်ခဲ့တာပါ။ ကျနော့်မှာလျှို့ဝှက်ထားစရာ ဘာမှမရှိပါဘူး”လို့ အူပါကစ်က ပြောတဲ့ အကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းမှာရေးသားဖော်ပြပါတယ်။

Graphic-Justice for Myanmar

မြန်မာခရိုနီ လက်နက်ပွဲစား ထွန်းမင်းလတ်ဟာ လက်ရှိထိုင်းအထက်လွှတ်တော်အမတ်ဖြစ်တဲ့  အူပါကစ်အပါအဝင် သူ့ရဲ့ ထိုင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ ထိုင်းနဲ့မြန်မာမှာ တည်ထောင်ခဲ့တဲ့ စီးပွားရေးကွန်ရက် Allure Group ကတဆင့် ငွေကြေးခဝါချမှုကျူးလွန်တယ်လို့ Justice for Myanmar က ထုတ်ပြန်ထားပါတယ်။ 

Allure ကုမ္ပဏီက  ထိုင်းနိုင်ငံကနေ တာချီလိတ်ကို လျှပ်စစ်ဓာတ်အား ရောင်းချပေးနေပြီး တာချီလိတ်မြို့နယ်မှာရှိတဲ့ မြန်မာစစ်ကောင်စီရဲ့ စစ်ထောက်ချုပ်ရုံးက ငှားရမ်းထားတဲ့ မြေပေါ်မှာ  ကာစီနိုလောင်းကစားရုံတစ်ခုကို ဖွင့်လှစ်ထားပါတယ်။

ထွန်းမင်းလတ်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်နဲ့  လုပ်ဖော်ကိုင်ဘက် ဖြစ်ပြီး မောင်းသူမဲ့လေယာဉ် UAV အပါအဝင် အစ္စရေးနဲ့ တရုတ်နိုင်ငံတွေကလက်နက်တွေ ၀ယ်ယူပေးနေတဲ့ မြန်မာစစ်တပ်ရဲ့  လက်နက်ပွဲစားတစ်ဦး ဖြစ်ပါတယ်။

Allure နဲ့ Star Sapphire Group ကနေ တဆင့် ထွန်းမင်းလတ်ဟာ သတ္တုတူးဖော်ရေး၊ စွမ်းအင်နဲ့ ခရီးသွားလုပ်ငန်းတွေမှာလည်း မြန်မာ့စစ်တပ်နဲ့  နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်လုပ်ကိုင်နေပါတယ်။

ထွန်းမင်းလတ်ဟာ Myanmar Business Consultant Group Ltd  မှာ ဒါရိုက်တာ၊  ရှယ်ယာရှင်တစ်ဦးအနေနဲ့ မဟုတ်တော့ပေမယ့် ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ VPower Group နဲ့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးက LNG စီမံကိန်း နှစ်ခုမှာ ပြည်တွင်းလုပ်ဖော်ကိုင်ဖက်ဖြစ်ပါတယ်။ အဲဒီစီမံကိန်းက  စက်ရုံတစ်ရုံရဲ့ မြေနေရာဟာ စစ်တပ်လုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ငှားရမ်းထားတာ ဖြစ်ပါတယ်။

သြဂုတ်လ၂၄ ရက်နေ့မှာ ယူကေက Star Sapphire Group ကို မြန်မာစစ်တပ်အတွက် လက်နက်ရောင်းဝယ်ရေးတွေမှာ ကြားခံပွဲစားအဖြစ် လုပ်ပေးတာနဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို အထောက်အကူဖြစ်စေတဲ့ ငွေကြေးပံ့ပိုးမှုတွေ လုပ်တာကြောင့်  ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပါတယ်။

Ref- BangkokPost/ Justice For Myanmar

4 months Ago
Up