close

မြန်မာခရီးစဉ်

close

January 15, 2022

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာခရီးစဉ်နှင့်ပတ်သက်၍ စင်ကာပူဝန်ကြီးချုပ်ကို ရှင်းပြ

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းနဲ့ အွန်လိုင်းဗီဒီယိုကနေ တဆင့် ဇန်နဝါရီ ၁၂ ရက်က ဆက်သွယ်ဆွေးနွေးရာမှာ လတ်တလောသွားခဲ့တဲ့ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ 

တွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံအကြား ကိုဗစ်-၁၉ ရောဂါအခြေအနေအပြင် လတ်တလော သူ့ရဲ့ မြန်မာပြည် ခရီးစဉ်ရဲ့ ရည်ရွယ်ချက်နဲ့ ရလဒ်တွေကို ရှင်းပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတဘ်။

ကမ္ဘောဒီးယား ဘုရင်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခကိုဖြေရှင်းရာမှာ ကူညီဖို့၊ အထူးသဖြင့် အကြမ်းဖက်မှုတွေ ရပ်သွားအောင်၊ တဖက်နဲ့ တဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့  လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စင်ကာပူဝန်ကြီးချုပ်ကလည်း အခုလို မြန်မာခရီးစဉ်နဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်ကို ပြောပြတဲ့ အတွက် ကျေးဇူးတင်ကြောင်း မြန်မာနိုင်ငံ အကျပ်အတည်းကိုဖြေရှင်းဖို့ ကမ္ဘောဒီးယားရဲ့ ပါဝင်ကြိုးပမ်းမှု၊ အထူးသဖြင့် အာဆီယံ ဥက္ကဋ္ဌနဲ့ အာဆီယံအကြီးအကဲရဲ့ အထူးကိုယ်စားလှယ်တို့ရဲ့ လုပ်ငန်းတွေကို  အားပေးထောက်ခံတဲ့အကြောင်းနဲ့ အနာဂတ်မှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ အမြင်ချင်းဖလှယ်ကြဖို့လည်း ဆွေးနွေးပြောဆိုခဲ့ပါတယ်။ 

အာဆီယံ နိုင်ငံခြားဝန်ကြီးတွေ အစည်းအဝေးကျင်းပရေး ဆက်လက်လုပ်ဆောင်ဖို့ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ ကူညီပေးဖို့ ကိစ္စတွေ စင်ကာပူနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ ဝန်ကြီးချုပ်တွေ သဘောတူညီခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဝေဖန်ဆန္ဒပြမှုတွေ ရှိနေတဲ့ကြားက မြန်မာ အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့  ဇန်နဝါရီ ၇ ရက်နဲ့ ၈  ရက်နေ့တွေမှာ   နေပြည်တော်ကို သွားရောက်ပြီး စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တွေ့ဆုံရာမှာ မြန်မာစစ်ခေါင်းဆောင်က အခုနှစ်ဟာ ငြိမ်းချမ်းရေးနေ့ ဖြစ်ကြောင်းနဲ့ တိုင်းရင်းသားဒေသတွေမှာ အပစ်ရပ်ထားတဲ့အကြောင်း ကတိပြုပြောဆိုခဲ့ပေမဲ့ တချိန်တည်းလိုလိုမှာပဲ ကယားပြည်နယ် လွိုင်ကော်မြို့ကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ 

လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံက ပြောကြားလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့မှာ ဇန်နဝါရီ ၁၉ ရက်နေ့ ကျင်းပမယ့် တွေ့ဆုံပွဲကိုတော့ အာဆီယံ ဝန်ကြီးအတော်များများ လူကိုယ်တိုင် တက်ရောက်ဖို့ အခက်အခဲရှိတာကြောင့် ရွှေ့ဆိုင်းလိုက်ရတာလို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ကွေးခွန်က ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားထားတာကို ကန့်ကွက်တဲ့အနေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အစည်းအဝေးကို ရှောင်ရှားတာဖြစ်နိုင်ကြောင်း သံတမန်ရေးရာ လေ့လာသူတွေကတော့  သုံးသပ်ကြပါတယ်။

Photo-Hun Sen 

7 months Ago

November 23, 2020

ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာခရီးစဉ်၌ ကိုဗစ်-၁၉ အရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမည်

တောင်ကိုရီးယား လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကင်မ်ဂန်းဟာ အခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေတယ်လို့ ကိုရီးယားနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။  နိုဝင်ဘာ ၂၄ ရက်နေ့ကနေ ၂၇ ရက်အထိ မြန်မာခရီးစဉ်တွင်း  ကိုရီးယား လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံခြားရေးဌာနက အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံပြီး မူဝါဒရေးရာကိစ္စတွေ ဆွေးနွေးဖို့ရှိတယ်လို့ဆိုပါတယ်။  ကိုဗစ်-၁၉ ရောဂါ ကာကွယ် တိုက်ဖျက်ရေးနဲ့  တခြားကိစ္စတွေ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေးဆွေးနွေးဖို့နဲ့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၄၅ နှစ် ပြည့်ချိန်မှာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ  ပိုမိုနက်နက်ရှိုင်းရှိုင်းပြုလုပ်ဖို့ ဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။ ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟာ ရန်ကုန်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူတွေလည်းတွေ့ဆုံဖို့ရှိသလို မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင်နေတဲ့  တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ကိုရီးယား နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။  ဓာတ်ပုံ- Yonhap
2 years Ago
Up