နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲလှယ်နှုန်း ဆက်လက်ကျဆင်းနေပြီး တဒေါ်လာကို ဝယ်ဈေး ၂,၈၁၀ ကျပ်၊ ရောင်းဈေး ၂,၈၅၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ နိုင်ငံခြားငွေကြေးရောင်းဝယ်သူတွေထံက သိရပါတယ်။
ဒေါ်လာအပေါ်မှီခိုမှု လျှော့ချတဲ့အနေနဲ့ စစ်ကောင်စီ ဗဟိုဘဏ်က နယ်စပ်ပို့ကုန် ၆ မျိုးရဲ့ ပို့ကုန်ဝင်ငွေကို ဒေါ်လာအပြင် ယွမ်ငွေ၊ ဘတ်ငွေတို့နဲ့ ပေးသွင်းခွင့်ပြုလိုက်ပြီးနောက် ဒေါ်လာစျေး တစတစ ပြန်လည်ကျဆင်းလာခဲ့တာပါ။
စီးပွားရေးလုပ်ငန်းရှင်တဦးက “မဖြစ်မနေ ဒေါ်လာရှာရတဲ့ကိစ္စ လျော့သွားတာဆိုတော့ စျေးကွက်မှာ ဒေါ်လာလိုအပ်ချက်က အရင်ထက် နည်းသွားတာပေါ့။ လိုအပ်ချက် နည်းသွားတော့ စျေးကျလာတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းက တဒေါ်လာငွေလဲနှုန်း ကျပ် ၃,၀၀၀ အထက်မှာ ရှိခဲ့ရာက အခုအခါ ၂,၈၀၀ ကျပ် ဝန်းကျင်မှာပဲ အရောင်းအဝယ်ဖြစ်နေပြီး တလကျော်အတွင်း တဒေါ်လာကို ကျပ် ၂၀၀ ဝန်းကျင်ခန့် ပြန်ကျလာခဲ့တာ ဖြစ်ပါတယ်။
ဒေါ်လာရောင်းချသူတဦးက “တဖြည်းဖြည်းဆင်းနေတာ အတော်ကြာပြီ။ တဒေါ်လာ ၃,၀၀၀ အထက်ကနေ ဆင်းလာတာ ကျနော် ဒီနေ့ရောင်းတာ ၂,၈၁၀ ပဲရခဲ့တယ်” လို့ ပြောပါတယ်။
ဒေါ်လာစျေး ကျပ် ၂,၈၀၀ ဝန်းကျင်အထိ ကျဆင်းလာခဲ့ပေမဲ့ အထွေထွေ ကုန်စည်စျေးနှုန်းတွေကတော့ အမြင့်စျေးမှာပဲ ဆက်လက်ရပ်တည်နေပါတယ်။
ရန်ကုန်မြို့နေ အိမ်ရှင်မတဦးက “ဒေါ်လာစျေးကျလို့လည်း ကုန်စျေးနှုန်းက ကျမသွားပါဘူး။ အခုထိ အကုန် စျေးကြီးပေးဝယ်နေရတုန်း။ ချမရောင်းကြပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က ငွေလဲနှုန်း တဒေါ်လာ၂,၁၀၀ ကျပ် သတ်မှတ်လိုက်ပြီးနောက် ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းက ပြင်ပဒေါ်လာစျေး ကျပ် ၄,၀၀၀ အထက်ထိ စံချိန်တင် ရောက်ရှိခဲ့ပါတယ်။
အဲဒီနောက် သြဂုတ် ၃၁ ရက်မှာ စက်သုံးဆီစျေး ကြီးမြင့်မှုကြောင့် အခြေခံကုန်စျေးနှုန်း ကြီးမြင့်လာမှုကို သာသာစေဖို့ဆိုပြီး နိုင်ငံခြားငွေကြေး စျေးကွက်ထဲကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ချထားပေးမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။ အဲဒီလို ကြေညာချက် ထုတ်ပြန်ပြီးတဲ့နောက် စက်တင်ဘာလဆန်းပိုင်းက စတင်ပြီး ဒေါ်လာစျေး တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိမှာ စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေး ငွေပေးချေမှုကိုလည်း ဘဏ်စနစ်နဲ့သာ ဆောင်ရွက်ခွင့်ပြုထားပြီး ပို့ကုန်ရငွေနဲ့ တခြားဝင်ငွေဝင်ရောက်မှု အထောက်အထားပြနိုင်မှ သွင်းကုန်တင်သွင်းခွင့်ပြုမယ့် စနစ်ကို ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ နိုဝင်ဘာ ၁ ရက်ကစပြီး ကျင့်သုံးမယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း အထိ ပါဝင်တဲ့ မြန်မာကုမ္ပဏီတွေရဲ့ နိုင်ငံခြားငွေ စာရင်းထဲက လက်ကျန်ငွေတွေကို ဇူလိုင်လ ၁၈ရက်နေ့ နောက်ဆုံးထားပြီး မြန်မာကျပ်ငွေနဲ့ လဲလှယ်ဖို့ AD လိုင်စင်ရ ဘဏ်တွေကို စစ်ကောင်စီ ဗဟိုဘဏ်က ညွှန်ကြားလိုက်ပြန်ပါတယ်။
နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်း (AD)လိုင်စင်ရဘဏ်အသီးသီးမှာ ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီ တွေရဲ့ နိုင်ငံခြားငွေစာရင်းထဲက လဲလှယ်ဝယ်ယူရရှိတဲ့ ဒေါ်လာငွေပမာဏကို ဇူလိုင်လ ၁၈ရက်နေ့ နောက်ဆုံးထားပြီး Bank Customer (Bid) နဲ့ Non-trade Inward (Real Time- R) စာရင်းတွေမှာ ထည့်သွင်း တင်ပြဖို့ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
အခုညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ရင် နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဗဟိုဘဏ်က သတိပေးထားပါတယ်။
စစ်ကောင်စီဖွဲ့စည်းထားတဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီက နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ရာခိုင်နှုန်း အထိ ပါဝင်တဲ့ မြန်မာကုမ္ပဏီတွေရဲ့ နိုင်ငံခြားသုံးငွေ စာရင်းတွေက နိုင်ငံခြားငွေတွေကို မြန်မာကျပ်ငွေနဲ့ လဲလှယ်စေဖို့ ဆုံးဖြတ်ခဲ့တဲ့အပြင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ၁၀ ရာခိုင်နှုန်းနဲ့အထက် ပါရှိတဲ့ မြန်မာကုမ္ပဏီ တွေကိုလည်း နိုင်ငံခြားသုံးငွေ ကန့်သတ်ချက်ကနေ ကင်းလွတ်ခွင့်ပေးထားတာကို ဗဟိုဘဏ်က ပြန်ပယ်ဖျက်လိုက်ပါတယ်။
အခုလို ပြည်တွင်းကုမ္ပဏီတွေရဲ့ ဒေါ်လာတွေကို ထိန်းချုပ်နေတာဟာ ဒေါ်လာငွေလဲနှုန်းကိုပိုမို မြင့်တက်လာစေနိုင်ပြီး ကုမ္ပဏီတွေရဲ့ လုပ်ငန်းလည်ပတ် ငွေကြေးစီးဆင်းမှုကိုလည်း တိုက်ရိုက် ရိုက်ခတ်မှုရှိနိုင်တာမို့ ကုမ္ပဏီတွေအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ပိုမိုကြုံတွေ့ရနိုင်တာ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
စစ်ကောင်စီဟာ မြန်မာကျပ်ငွေ ထိုးကျပြီး ပြည်တွင်းဒေါ်လာဈေးမြင့်တက်နေတာကို ထိန်းချုပ်ဖို့ ရည်ရွယ်ပြီး ပြင်ပမှာ တစ်ဒေါ်လာ ၂၀၀၀ ကျပ် အထက် ဈေးပေါက်နေချိန်မှာ ကုမ္ပဏီတွေရဲ့ ငွေစာရင်းထဲက ဒေါ်လာတွေကို အမေရိကန်တစ်ဒေါ်လာ ၁၈၅၀ကျပ်နဲ့ မဖြစ်မနေလဲလှယ်စေခဲ့ပါတယ်။
အဲဒီလို ထုတ်ပြန်ပြီးတဲ့အခါ ဝေဖန်ကန့်ကွက်မှုတွေရှိလာတာကြောင့် သံတမန်တွေ၊ အထူးစီးပွားရေးဇုန်က ရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံခြားဘဏ်တွေ။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းအထက် ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အဲဒီလိုမြန်မာငွေလဲလှယ်ခိုင်းမှုကနေ ကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့မှာတော့ ၁၀ ရာခိုင်နှုန်းအထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရှိတဲ့ လုပ်ငန်းတွေကို တစ်ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ မဖြစ်မနေ ဒေါ်လာလဲလှယ်ရခြင်းက ကင်းလွတ်ခွင့်ကို ပယ်ဖျက်လိုက်ပါတယ်။
ဒါ့အပြင်လည်း ပြည်ပနိုင်ငံတွေထံ နိုင်ငံခြားငွေ စီးဆင်းမှုကို ကြပ်မတ်တဲ့ အနေနဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာကုမ္ပဏီက ပြည်ပကနေရယူထားတဲ့ ချေးငွေတွေအတွက် အတိုး/အရင်း ပြန်ဆပ်ခြင်းကိုလည်း ဆိုင်းငံ့ထားဖို့ ညွှန်ကြားခဲ့ပါတယ်။
ပြည်ပပို့ကုန်တွေနဲ့ ပက်သက်ပြီးလည်း ပို့ကုန်ဝင်ငွေကို ဘတ်နဲ့ယွမ်ငွေ ပေးချေမှုအစား အမေရိကန်ဒေါ်လာဖြင့်သာ ဆောင်ရွက်ဖို့ ညွှန်ကြားထားပြန်ပါတယ်။