close

မြန်မာစစ်မှုထမ်းဟောင်းအဖွဲ့

close

December 11, 2021

မြန်မာစစ်မှုထမ်းဟောင်းအဖွဲ့နှင့် စစ်ရုံး ၃ ရုံးကို ယူကေ၊ အမေရိကန်နှင့် ကနေဒါက ပိတ်ဆို့ဒဏ်ခတ်

လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အလွဲသုံးစားပြုမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့နဲ့  စစ်တပ်လက်အောက်ခံ စစ်ရုံး ၃ ရုံးကို  ယူကေ၊ အမေရိကန်နဲ့ ကနေဒါ နိုင်ငံတွေက ထပ်တိုးအရေးယူပိတ်ဆို့မှုအသစ်တွေ  ချမှတ်လိုက်ပါတယ်။ 

အရပ်သားပြည်သူတွေအပေါ် ပြင်းထန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်း ၄ ခုကို အရေးယူပိတ်ဆို့မှုအသစ်တွေကို အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့နဲ့အတူ ချမှတ်လိုက်တာလို့ ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ယူကေအစိုးရက ပူးတွဲထုတ်ပြန်လိုက်တာပါ။

အရေးယူပိတ်ဆို့ခံရတဲ့ အဖွဲ့အစည်းတွေကတော့ စစ်ထောက်ချုပ်ရုံး၊ ကာကွယ်ရေးပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးနဲ့ မြန်မာစစ်တပ်အတွက် အရန်အင်အားတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ တို့ဖြစ်ပါတယ်။

ခုလို ပိတ်ဆို့ဒဏ်ခတ်လိုက်တာနဲ့ ပတ်သက်ပြီး အာရှရေးရာ ယူကေ၀န်ကြီး အမန်ဒါမေးလ်လင်းက  “မြန်မာစစ်အာဏာရှင်က ပြည်သူလူထူရဲ့ ဒီမိုကရေစီ ဆန္ဒကို ချိူးဖျက်တာ၊ နိုင်ငံရေးအကျဉ်းသားတွေကို  မတရားဖမ်းဆီးတာတွေနဲ့  သူတို့နဲ့ထိပ်တိုက်ရင်ဆိုင်လာသူတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေဆက်ရှိနေပါတယ်။ ယူကေအစိုးရနဲ့ မိတ်ဖက်နိုင်ငံတွေက ဒီဖြစ်ရပ်တွေကို မျက်ကွယ်ပြုထားမှာမဟုတ်ပါ။ ဒီလိုမျိုး အလွန်ဆိုးရွားပြင်းထန်တဲ့ လုပ်ရပ်တွေကို ပံ့ပိုးပေးတဲ့ အရင်းအမြစ်တွေဆီ စစ်တပ်က လက်လှမ်းမှီမရောက်ရှိနိုင်စေဖို့ ကျွန်မတို့ အတတ်နိုင်ဆုံး ချမှတ်လုပ်ဆောင်သွားမှာဖြစ်ပြီး တာ၀န်ရှိသူတွေကိုလည်း အရေးယူဒဏ်ခတ်မှုတွေ ဆောင်ရွက်သွားမှာပါ။”လို့ ပြောပါတယ်။

အဆိုပါအဖွဲ့အစည်းတွေဟာ မြန်မာစစ်တပ်ရဲ့ ထောက်ပံ့ရေးကွင်းဆက်ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အရပ်သားပြည်သူလူထုအပေါ် ဆက်လက်ဖိနှိပ်နေမှုကို ပံ့ပိုးပေးနေသလို ဖြစ်နေတယ်လို့ ယူကေ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပိတ်ဆို့ဒဏ်ခတ်မှုတွေ ထပ်လုပ်လိုက်တဲ့အပေါ် Burma Campaign UK အဖွဲ့က ကြိုဆိုလိုက်ပြီး ခုလို မြန်မာစစ်တပ်ရဲ့ ဝင်ငွေနဲ့ လက်နက် အရင်းအမြစ်တွေကို စနစ်တကျ သတ်မှတ်ပိတ်ဆို့ဒဏ်ခတ်ခြင်းအားဖြင့် ဗြိတိန်အစိုးရဟာ လုပ်ဖို့ လိုအပ်နေတဲ့အရာကို အတိအကျလုပ်ဆောင်လိုက်တာပဲ ဖြစ်တယ်လို့  အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ အန်နာရောဘတ်က ပြောပါတယ်။    

ဒါအပြင် အရပ်သားတွေကိုပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ရာမှာအသုံးပြုတဲ့ လေယာဉ်ဆီလို အရာမျိုးတွေကို ထပ်မံပိတ်ဆို့ဒဏ်ခတ်မှု ထပ်တိုးလုပ်ဆောင်ဖို့လည်း ဗြိတိန်အစိုးရကို တိုက်တွန်း ထားပါတယ်။ 

မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ လူ့အခွင့်ရေးချိုးဖောက်မှုတွေလုပ်ဆောင်ခဲ့တယ်ဆိုပြီး ယူကေ၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့က   ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တွေ၊ စစ်ကောင်စီဝင်တွေ၊ သူတို့ရ့့မိသားစုတွေနဲ့ သူတို့နဲ့ ဆက်နွှယ်တဲ့ စီးပွားရေးသမားတွေကို ပိုင်ဆိုင်မှုတွေ ထိန်းချုပ်တာနဲ့ ခရီးသွားလာမှု ကန့်သတ် ထိန်းချုပ်တာစတဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ပြုလုပ်ထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၁၃၀၀ ကျော်သေဆုံး၊ ၁၀၀၀၀ ကျော် အဖမ်းခံရကာ လူပေါင်း ၃ သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။ 

Photo- DSINFO

14 mins Ago

June 22, 2021

စစ်မှုထမ်းဟောင်းအဖွဲ့နှင့် စစ်ကောင်စီ ဝန်ကြီးအချို့ကို အီးယူက ထပ်မံ ပိတ်ဆို့ဒဏ်ခတ်အရေးယူ

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ စီးပွားရေးလုပ်ငန်း ၃ ခုနဲ့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းအပါအဝင် လူပုဂ္ဂိုလ် ၈ ယောက်တို့ကို  ထပ်မံ ပိတ်ဆို့ ဒဏ်ခတ်အရေးယူလိုက်ကြောင်း ဥရောပသမဂ္ဂ (အီးယူ)က ဇွန်လ ၂၁ ရက်မှာ  ကြေညာပါတယ်။ 

ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေး  ဖောက်ဖျက်ကျူးလွန်ရာမှာ တာဝန်ရှိတဲ့  ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ ရှေ့နေချုပ်တို့ ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်တာလို့ ဆိုပါတယ်။  

ဒဏ်ခတ် အရေးယူခံရသူ ၈ ဦးကတော့ စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စီမံကိန်းနှင့် အဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်၊ သယံဇာတနှင့်သဘာဝ​ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီ၊ စစ်ကောင်စီအဖွဲ့ဝင်  ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း၊ ရှေ့နေချုပ် ဒေါ်သီတာဦး၊ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းနဲ့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းနဲ့ သစ်တောထွက်ပစ္စည်းဖက်စပ်ကော်ပိုရေးရှင်းတို့လည်း ပါဝင်ပြီး ခုလို ကျောက်မျက်နဲ့ သစ်လုပ်ငန်းကို ပစ်မှတ်ထားပိတ်ဆို့ဒဏ်ခတ်ခြင်းအားဖြင့်  မြန်မာသဘာဝသယံဇာတတွေကနေ စစ်တပ်က အကျိုးအမြတ်ရနေတာကို ကန့်သတ်ဖို့နဲ့ မြန်မာလူထုကို မထိခိုက်စေဖို့ ဖြစ်တယ်လို့ အီးယူ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။  

အီးယူက မြန်မာနိုင်ငံအပေါ် လက်နက်ပိတ်ဆို့ဒဏ်ခတ်မှုတွေလည်းချမှတ်ထားသလို   စီးပွားရေးပိတ်ဆို့ဒဏ်ခတ်အရေးယူထားတာ  အခုတကြိမ်နဲ့ဆိုရင်  လူပုဂ္ဂိုလ် ၄၃ ဦးနဲ့ လုပ်ငန်း  ၆ ခုရှိသွားပြီ ဖြစ်ပါတယ်။ 

အီးယူအနေနဲ့ မြန်မာပြည်သူတွေနဲ့  မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အားပေးထောက်ခံကြောင်းနဲ့ မြန်မာပြည်တွင်း နေရပ်စွန့်ခွာသူတွေနဲ့ ပဋိပက္ခဒေသက အကူအညီ လိုနေသူများအတွက် လူသားချင်းစာနာမှုအကူအညီအဖြစ်  ၂၀၂၁ ခုနှစ်မှာ ယူရိုငွေ ၂၀ ဒသမ ၅ သန်း ပေးဖို့ ချထားပေးတယ်လို့ သိရပါတယ်။

အလားတူ ယူကေနိုင်ငံကလည်း နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ၊   မြန်မာ့သစ်လုပ်ငန်းနဲ့ မြန်မာ့ ပုလဲလုပ်ငန်းတို့ကို  ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေချမှတ် လိုက်တယ်လို့ ဇွန်လ ၂၁ ရက်မှာ ကြေညာလိုက်ပါတယ်။ 

"စစ်တပ်ဟာ ဒီမိုကရေစီကို ဖြိုဖျက်ခြင်းနဲ့ အရပ်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာတွေကို ဆက်လက်ပြုလုပ်နေတယ်။ ဒီမိုကရေစီကို ပြန်မရမချင်း စစ်အစိုးရကို သူတို့ရဲ့လုပ်ရပ်အတွက် တာဝန်ယူခိုင်းမှာဖြစ်ပြီး တာဝန်ရှိသူတွေကို အရေးယူဒဏ်ခတ်မှုတွေလည်း ဆောင်ရွက်သွားမှာဖြစ်တယ်"လို့ ယူကေနိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

Photo-MWVO

6 months Ago
Up