မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုပမာဏက ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ၃ လအတွင်းမှာ တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇၅ ဘီလီယံကျော်ရှိခဲ့ပြီး ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ကာလတူကုန်သွယ်မှုနဲ့ယှဥ်ရင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၆၃ ဘီလီယံလျော့ကျ နေပါတယ်။
စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနက ပုံမှန်ထုတ်ပြန်တဲ့ ကုန်သွယ်မှု စာရင်းတွေအရပြီးခဲ့တဲ့ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် ကာလတူမှာ နယ်စပ်ကုန်သွယ်မှုက ကန်ဒေါ်လာ ၂ ဒသမ ၆၃၈ ဘီလီယံကျော်ထိ ရှိခဲ့ပါတယ်။
နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ တရုတ်−မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးဂိတ် ပုံ မှန်အတိုင်း လည်ပတ်နိုင်ခြင်းမရှိသေးတာက အခုလိုနယ်စပ်ကုန်သွယ်မှုပမာဏကို သိသိသာသာ လျော့ကျစေခဲ့တာ ဖြစ်ပါတယ်။
မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ပထမ ၃ လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၈၂ ဘီလီယံထိ ကုန်သွယ်မှုရှိခဲ့ပေမဲ့ လက်ရှိမီနီဘတ်ဂျတ် ပထမ ၃ လအတွင်းမှာ အမေရိကန်ဒေါ်လာ ၃၂၀ ကျော်သာ ကုန်သွယ်မှုရှိခဲ့တာကြောင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော် လျော့ကျခဲ့တာပါ။
အလားတူ ကျန်ရှိနေတဲ့ တရုတ်−မြန်မာ နယ်စပ်ဂိတ်တွေမှာလည်း ကုန်သွယ်နိုင်မှု ပမာဏတွေ အသီးသီးလျော့ကျနေပြီး၊ ထိုင်း−မြန်မာ ကုန်သွယ်မှုကလွဲပြီး ကျန်အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်လမ်းကြောင်းကုန်သွယ်မှုကလည်း လျော့ကျနေပါတယ်။
မြန်မာ့−ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅သန်းကျော်၊ မြန်မာ−အိန္ဒိယ နယ်စပ်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် အသီးသီးလျော့ကျနေပြီး မြန်မာ−ထိုင်း နယ်စပ်ကုန်သွယ်မှုက ကာလတူထက် သန်း ၄၀၄ ကျော်မြင့်တက်လာပါတယ်။
နယ်စပ်ကုန်သွယ်မှု တစ်ခုလုံးခြုံကြည့်ရင် ၃ လအတွင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၆၃ ဘီလီယံကျော်လျော့ကျခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ ၂၂ ရက်နေ့အထိ သီတင်းပတ် သုံးပတ်အတွင်း မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့နှစ် ကာလတူ ကုန်သွယ်မှုနဲ့ ယှဉ်ရင် အမေရိကန်ဒေါ်လာသန်း ၃၈၀ ၀န်းကျင် လျော့ကျနေပါတယ်။
စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကုန်သွယ်မှု စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကာလတူမှာ နယ်စပ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၆၁၃ သန်းကျော်ရှိခဲ့ပေမဲ့ အခုဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၂၃၄ သန်းဝန်းကျင် တန်ဖိုးသာ ရှိခဲ့ပါတယ်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးက အခုဘဏ္ဍာနှစ် သုံးပတ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၇ သန်းကျော်သာ ကုန်သွယ်မှုရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် ကာလတူကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ ၄၀၈ သန်းကျော် လျော့ကျခဲ့ပါတယ်။
အခုဘဏ္ဍာနှစ် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှုကလည်း ၁ ဒသမ ၄ သန်းကျော်သာရှိပြီး အမေရိကန် ဒေါ်လာ ၁ သန်းနီးပါး လျော့ကျခဲ့တာ တွေ့ရပါတယ်။
စီးပွားကူးသန်းဌာနရဲ့ စာရင်းအရ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုကတော့ ပြီးခဲ့တဲ့နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်မြင့်တက်ခဲ့ပြီး၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကလည်း အမေရိကန်ဒေါ် လာ ဝ ဒသမ ၅၇၆ သန်း အသီးသီး မြင့်တက်ခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ သတ္တု၊ သစ်တောထွက်နဲ့ လူသုံးကုန်ပစ္စည်းတွေ၊ စက်မှုကုန်ချောပစ္စည်းတွေကို အဓိက တင်ပို့နေပြီး၊ အိမ်နီးချင်းနိုင်ငံတွေကနေ ဘိလပ်မြေ၊ ဓာတ်ဆီ၊ ဒီဇယ်၊ လယ်ယာသုံးပစ္စည်းတွေ အပြင်လုပ်ငန်း သုံးကုန်ကြမ်းပစ္စည်းတွေ၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေနဲ့ လူသုံးကုန်၊ စားသောက်ကုန်တွေကိုပါ တင်သွင်းနေတာပါ။
တရုတ်နိုင်ငံက နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးဂိတ်တွေကို ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်နဲ့ ပိတ်ထားခဲ့ရာကနေ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေ ကြံ၊ ရာဘာ၊ လျှော်ဖြူ၊ ဝါဂွမ်း စတဲ့ ကုန်ပစ္စည်း ၄ မျိုးကို တင်သွင်းခွင့်ပြုကြောင်း ကြေညာခဲ့ပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးဝင်ထွက်ပေါက် နောက်တစ်ခုဖြစ်တဲ့ ဝမ်တိန်ဂိတ်ကိုလည်း ပြန်ဖွင့်လှစ်ဖို့ တရုတ်နိုင်ငံဘက်က ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ မူဆယ်အခြေစိုက် ကုန်သည်တချို့ဆီက သိရပါတယ်။