ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ ဝါတာနာဘေးမှတဆင့် စစ်ကောင်စီက ပေးအပ်တဲ့ဘွဲ့ကို လက်ခံခဲ့တဲ့ လက်ရှိ ဂျပန်အာဏာရပါတီလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ရဲ့ ခေါင်းဆောင် ဝန်ကြီးချုပ် ဟောင်း မစ္စတာ Taro Aso အနေနဲ့ မြန်မာစစ်ကောင်စီအား အားပေးပတ်သက်နေမှုကို တာဝန်ယူဖြေရှင်းပေးဖို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက တိုကျိုမြို့ နခတချိုရှိ LDP ပါတီရုံးကို ဒီနေ့ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။
အကြမ်းဖက်စစ်ကောင်စီကပေးတဲ့ဘွဲ့ကို ဂျပန်အာဏာရပါတီ ထိပ်တန်းခေါင်းဆောင် ဝန်ကြီး ချုပ်ဟောင်းက လက်ခံရယူခဲ့တာက မြန်မာပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်တွေကို အားပေးလက်ခံတဲ့ သဘောဖြစ်နေတာကြောင့် အခုလို လာရောက်ဆန္ဒပြရတာလို့ မသီရိသစ္စာက ဒီဗွီဘီကို ပြောပါတယ်။
ဆန္ဒပြပွဲကို ဂျပန်ရောက် မြန်မာနိုင်ငံသားများသာမက မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးနေတဲ့ ဂျပန်လူမျိုးတွေပါ လာရောက်ပူးပေါင်းခဲ့ကြပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးကို အမြဲအားပေးကူညီနေသူ ဂျပန်လူမျိုး ဥပဒေအကျိုးဆောင်မစ္စတာ Kumazawa က “ပါတီထိပ်တန်းခေါင်းဆောင်တဦးက အခုလို အကြမ်းဖက်စစ်ကောင်စီက ပေးတဲ့ဘွဲ့ကို လက်ခံတာက ဂျပန်လူမျိုးတဦးအနေနဲ့ ရှက်မိပါတယ်။ ဂျပန်ပြည်သူတွေက အာဏာသိမ်းစစ်ကောင်စီကို လက်မခံဘူး၊ နောက်ပြီး လက်ရှိမြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးနေကြောင်း ပြသချင်လို့ ဒီနေ့ အခုလို ဂျပန်အာဏာရပါတီလစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို ဂျပန်ရောက်မြန်မာနိုင်ငံသားတွေနဲ့အတူ လာရောက်ပူးပေါင်းဆန္ဒပြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
LDP ပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ လက်ရှိဝန်ကြီးချုပ် မစ္စတာ Fumio Kishida အနေနဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ဘွဲ့ကို လက်ခံခဲ့တဲ့အပေါ် ဖြေရှင်းပေးဖို့၊ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို သေချာနားထောင်ပေးဖို့ ရေးသားထား တဲ့ တောင်းဆိုစာကိုလည်း တိုကျိုမြို့ နခတချို မှာရှိတဲ့ LDP ပါတီရုံး တာဝန်ခံမှတဆင့် ပေးအပ်ခဲ့ပါတယ်။
မစ္စတာဝါတာနာဘေးဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း အနည်းဆုံး ၄ ကြိမ်မက စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က စစ်ကောင်စီရဲ့ ဆုဘွဲ့တံဆိပ်ကို နေပြည်တော်အထိလာယူခဲ့ပြီး ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Taro Aso အတွက်ပါ လက်ခံယူဆောင်ခဲ့တာဖြစ်ပါတယ်။
ဇော်ဇော်လှိုင်
စစ်အာဏာသိမ်းနှစ်ပတ်လည် အထိမ်းအမှတ် မလေးရှားနိုင်ငံမှာ ဆန္ဒပြလို့ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေထဲက ၂၆ ယောက် ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့မှာ မြန်မာနိုင်ငံအမှောင်ကျတဲ့နေ့ဆိုပြီး စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်ရှုတ်ချ ဆန္ဒပြခဲ့တာကြောင့် မြန်မာနိုင်ငံသား ၃၁ ယောက်ကို မလေးရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။
ဒီနေ့မှာတော့ ၂၆ ယောက် ပြန်လည်လွတ်မြောက်လာခဲ့ပြီး၊ ၅ ယောက်ကတော့ ထောင်ထဲမှာ ကျန်နေသေးတယ်လို့ သူတို့နဲ့နီးစပ်တဲ့ မလေးရှားရောက်မြန်မာနိုင်ငံသားတွေထံက သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ- မလေးရှားနိုင်ငံ(ရုံးအဖွဲ့မှူး) ကိုစိုးထက်သိန်းက “သူတို့က ဆန္ဒပြပွဲမလုပ်ခင်ကတည်းက ရဲကို ကြိုတင်သတင်းပေးညှိနှိုင်းပြီး ခွင့်တောင်းပြီးလုပ်တာ။ အဲ့ဒီအချိန်တုန်းက မလေးရဲတပ်ဖွဲ့က အခုပွဲကိုလုပ်ဖို့ သဘောတူခဲ့ပြီးသား။ နောက်ပိုင်းကိုတော့ ခဏခဏ မလုပ်ဖို့အတွက် သဘောတူ ခဲ့ကြပြီး ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်ဆန္ဒပြပွဲနေ့ကျတော့ ရဲတပ်ဖွဲ့ လာရောက်ပြီး ဖမ်းဆီးကာ ရဲစခန်းကို ခေါ်သွားခဲ့ပါတယ်။ သူတို့လိုက်ပါညှိနှိုင်းကြပေမဲ့ မြန်မာသံရုံးက ဖိအားပေးပြီး ဖမ်းခိုင်းတာကြောင့် အခုလိုဖမ်းရတာ”လို့ ပြောပါတယ်။
ဆန္ဒပြတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၂၅ ယောက်နဲ့ အမျိုးသမီး ၆ ယောက်တို့ကို ကိုဗစ်စည်းကမ်း ဖောက်ဖျက်မှု၊ တရားမတင်နေထိုင်မှု၊ ခွင့်ပြုမိန့်မကျပဲ ဆန္ဒပြမှုတို့နဲ့ အမှုဖွင့်အရေးယူထားခဲ့တာပါ။
အခု NUG အစိုးရ နိုင်ငံခြားရေးဌာန အာဆီယံကိုယ်စားလှယ် ဦးဘိုလှတင့်နဲ့ အဝေးရောက်မြန်မာနိုင်ငံသားတွေအကူအညီနဲ့ အခုလိုပြန်လွတ်လာတာလို့လည်း ကိုစိုးထက်သိန်းက ပြောပါတယ်။
ဒီနေ့ လွတ်မြောက်လာသူ ၂၆ ယောက်က တရား၀င်ပတ်စ်ပို့စ် ကိုင်ဆောင်ထားသူတွေဖြစ်ကြပြီး မလေးထောင်ထဲမှာ ကျန်နေခဲ့တဲ့ ၅ ယောက်ကတော့ ပတ်စတ်ပို့မရှိသူတွေဖြစ်တဲ့အတွက် တရားရုံးမှာ အမှုဆက်လက်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။