close

မြန်မာနိုင်ငံသား ၃၀၀

close

February 17, 2022

ထိုင်းနယ်စပ် ခရိုင်သုံးခု၌ တရားမဝင် မြန်မာနိုင်ငံသား ၃၀၀ ကျော် ဖမ်းဆီးခံရ

ထိုင်းနယ်စပ် ခရိုင် ၃ ခုမှာ  ဖေဖော်ဝါရီ ၁၆ နဲ့ ၁၇ ရက်နေ့တွေက တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၃၃၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှု၊ အသက်အိုး အိမ်လုံခြုံမှုမရှိ၊ စားဝတ်နေရေး ခက်ခဲမှုတွေကြောင့် ပြည်သူတွေဟာ အိမ်နီးချင်းထိုင်းနိုင်ငံ ထဲနေ့စဉ်ဝင်ရောက်လုပ်ကိုင်နေပြီး နေ့စဉ်လိုလို အဖမ်းခံနေရတာပါ။

ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ဝိန်းဖန်ခမ်းကျေးရွာအုပ်စုထဲမှာ  ဖေဖော်ဝါရီ ၁၇ ရက် မနက် အစောပိုင်းက  မြန်မာဘက်ခြမ်း တာချီလိတ်မြို့နယ်ဘက်ကနေ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၃၀ ဦးကို ဖမ်းဆီးရမိတယ်လို့ maesaipress သတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းအမှတ် ၃ ကွန်မန်ဒိုတပ်ဖွဲ့၊ မူးယစ်ရဲ နဲ့ နယ်မြေခံရဲတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဝိန်းဖန်ခမ်းမြို့နယ် ဖာမီတောင်ကြောတလျှောက် မူးယစ်ဆေးသယ်ဆောင်မှုတွေ စောင့်ကြပ်စစ်ဆေးစဉ် လိမ္မော်ခြံတစ်ခုထဲမှာ တရားမဝင် မြန်မာနိုင်ငံသား အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၂၁ ဦးတို့ကို  ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။  

စစ်ဆေးချက်အရ သူတို့ဟာ တာချီလိတ်မြို့နယ်  ဆာမ်ပီကျေးရွာကနေ တောင်ကိုပတ်ပြီး ထိုင်းဘက်ခြမ်းကိုဝင်ရောက်လာကြောင်း၊ ဘန်ကောက်နဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို ၁ ဦးလျှင် ဘတ် ၂၈၀၀၀ ပေးပြီး ဝင်လာကြတာလို့ ဆိုပါတယ်။ 

အလားတူ ထိုင်းအနောက်ပိုင်း ပရကျူတ်ခီရီခန်ခရိုင်နဲ့ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်မှာလည်း  ဖေဖော်ဝါရီ ၁၅ ရက်မွန်းလွဲ ၁ နာရီမှာ ၁၆ ရက် မွန်းလွဲ ၁ နာရီအတွင်း တရားမဝင်မြန်မာ ၃၀၆ ဦး ဖမ်းဆီးရမိတယ်လို့ ထိုင်းစစ်တပ်ပြန်ကြားရေးသတင်းက ထုတ်ပြန်ပါတယ်။ 

ပရကျူတ်ခီရီခန်မှာ ကော်လတ်၊ အောဝ်နွဲ့၊ ခလောင်းဝမ် နဲ့ ဆိင်းခေါင်န် ကျေးရွာအုပ်စုရှိ နေရာပေါင်း ၄ ခုကနေ  ဖမ်းမိကြောင်း၊ သူတို့နဲ့အတူ လမ်းပြ ၇ ဦး နဲ့ ကား ၇ စီး ပါ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ 

ကန်ကျနပူရီခရိုင်ထဲမှာလည်း ထောင်းဖာဖူးမြို့နယ် ထာ့ခနွန်အုပ်စု၊ ကန်ကျနပူရီမြို့နယ် ဘန့်ကောဝ် နဲ့ ဖူးနမ့်ရွန် အုပ်စုစတဲ့ နေရာ ၃ ခုကနေ မြန်မာအမျိုးသား ၃၂ ဦး အမျိုးသမီး ၆ ဦး လမ်းပြ ၁ ဦး နဲ့ ကား ၁ စီးတို့ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ သူတို့တတွေဟာ ပဲခူး၊ မော်လမြိုင်၊ ရန်ကုန်၊ ဧရာဝတီ၊ ထားဝယ်၊ မန္တလေး၊ ရခိုင်နဲ့ နေပြည်တော်စတဲ့ ဒေသတွေဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်စခွန်းနဲ့ အလယ်ပိုင်းခရိုင်တွေမှာ အလုပ်သွားလုပ်ဖို့ ပွဲစားခ တစ်ဦးလျှင် ဘတ် ၂၀၀၀၀ မှ ၂၅၀၀၀ ထိပေးခဲ့ရတယ်လို့ ထိုင်းစစ်တပ် Army PR Center သတင်းမှာ ဖော်ပြပါတယ်။

3 mins Ago
Up