close

မြန်မာနှင့်ယူကေ

close

February 7, 2023

စစ်အာဏာရှင်၏ အကြမ်းဖက်မှုများရပ်တန့်ရေး မြန်မာနှင့်ယူကေ ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေရပ်တန့်ရေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး‌ ဒေါ်ဇင်မာအောင်နဲ့ ယူကေနိုင်ငံခြား‌ရေးဝန်ကြီးတို့  တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့  ဖေဖော်ဝါရီ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ယူကေ နိုင်ငံခြားရေးဝန်ကြီး ဂျမ်းစ်ကလယ်ဗာလီနဲ့   လန်ဒန်မြို့ရှိ ယူကေနိုင်ငံခြားရေးဝန်ကြီးရုံးမှာ  ဖေဖော်ဝါရီ ၆ ရက်နေ့ ယူကေစံတော်ချိန် ညနေ ၃ နာရီခွဲအချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါဆွေးနွေးပွဲမှာ မြန်မာပြည်အရေးနဲ့ စပ်လျဥ်းပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်မှုများရပ်တန့်နိုင်ရန် ဆောင်ရွက်နိုင်ရေး၊ လူနည်းစုလူမျိုးများအရေးနဲ့ တခြား အကြောင်းအရာများတွေ ဆွေးနွေးခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ဟာ ယူကေခရီးစဥ်အတွင်း ယူကေအစိုးရရဲ့ တခြားသော သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့လည်း ဆက်လက်တွေ့ဆုံပြီး မြန်မာ့အရေးပူးပေါင်းဆောင်ရွက်နိုင်ဖို့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံတွင်း စစ်အာဏာရှင်ရဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လူသားချင်းစာနမှုအကူအညီတွေ အမြန်ဆုံးရရှိရေး ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က လန်ဒန်ခရီးစဉ်အတွင် ယူကေရောက် မြန်မာအသိုက်အဝန်းနဲ့ တွေ့ဆုံရာမှာ ပြောကြားထားပါတယ်။

Photo-NUG

4 mins Ago
Up