ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ စစ်တပ်ထုတ်ကုန် မြန်မာဘီယာ ရောင်းတဲ့ ဘီယာဆိုင် ၁၀ ဆိုင်ကို အစားထိုးကုန်တွေတလအတွင်း ပြောင်းလဲ ရောင်းချဖို့ Pathein Special Task Force (PSTF) အောက်တိုဘာ ၁၀ ရက်မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။
ပုသိမ်မှာ မြန်မာဘီယာရောင်းတဲ့ ဆိုင်ပေါင်း ၃၁ ဆိုင်ရှိပြီး ၁၀ ဆိုင်ကို မြန်မာဘီယာ မရောင်းဖို့ သတိပေးစာ ထုတ်ပြန်လိုက်တာပါ။
သတ်မှတ်ကာလ တလအတွင်း စစ်တပ်ထုတ်ကုန်တွေကို အစားထိုး တခြားကုန်ပစ္စည်းနဲ့ ပြောင်းလဲ ရောင်းချဖို့၊ မလိုက်နာရင် အမည်ပျက်စာရင်းသွင်းပြီး ထိရောက်စွာ အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
Pathein Special Task Force တာဝန်ရှိသူက "အဓိက ဆိုင်တွေကို အကြောင်းကြားစာပို့မယ် သူတို့ မလိုက်နာရင် တဆင့်တက်ပြီး လုပ်စရာ ရှိတာကို လုပ်သွားမယ်"လို့ ဆိုပါတယ်။
အခက်အခဲကြောင့်နဲ့ စားဝတ်နေရေးကြောင့် ရောင်းချနေရတာ တွေရှိသလို မလွန်ဆန်နိုင်လို့ ရောင်းချရတာတွေ ရှိတဲ့အတွက် ချွင်းချက်ထားပြီး အချိန် တလဆိုတာ သတ်မှတ်ပေးတာလို့ လည်း PSTF တာဝန်ရှိသူက ပြောပါတယ်။
တိုင်းပြည် ပျက်စီးနေချိန် ပြည်သူတွေအနေနဲ့ မနေနိုင်လို့ဘဲ သောက်သောက်၊ ငွေပေါလို့ပဲ သောက်သောက်၊ ဆိုင်ထိုင် သောက်သုံးတာတွေ မလုပ်ဖို့ အထူးသတိပေးတယ်လို့ PSTF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်တပ်ထုတ်ကုန် ဘီယာတွေ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဖျက်ဆီးပစ်ခဲ့တယ်လို့ တမူး PDF က ထုတ်ပြန်ပါတယ်။
ကလေး-တမူး အာရှလမ်းမကြီးပေါ် တမူးမြို့အဝင်မှာ စစ်ကောင်စီတပ်ရဲ့ ကျောထောက်နောက်ခံ ကုန်ပစ္စည်းတွေ ကူးသန်းရောင်းဝယ်မှု ရှိ/မရှိကို တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နေ့စဉ်စစ်ဆေးနေတာ ဖြစ်ပါတယ်။
အခုလိုစစ်ဆေးနေစဉ် ဇူလိုင် ၁၃ ရက်က ကလေးမြို့မှ တမူးမြို့ကို မောင်းနှင်လာတဲ့ ကုန်တင်ကားတစီးကို ရပ်တန့်ရှာဖွေခဲ့ရာ စစ်တပ်ထုတ်ကုန် ဘီယာဖာတွေကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
တမူး PDF တပ်ရင်း ၄ တာဝန်ရှိသူတဦးက “ကုန်တင်ကားကိုရပ်ပြီး စစ်ဆေးခဲ့တာပါ။ အဲ့ဒီကားနဲ့ပဲ မြန်မာဘီယာဖာတွေကို တက်နင်းခိုင်းပြီး ဖျက်ဆီးပစ်ခဲ့တာပါ။ ကားသမားကိုတော့ အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ခဲ့ပါဘူး” လို့ ပြောပါတယ်။
သိမ်းဆည်းရမိတဲ့ ဘီယာတွေကို တမူးပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) နဲ့ ပူးပေါင်းတပ်ဖွဲ့က ဖျက်ဆီးပစ်ပြီး ဆက်လက်စစ်ဆေးအရေးယူ ဆောင်ရွက်သွားမှာဖြစ်ကာ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့ လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးတွေကို သယ်ယူဆောင်ရွက်ခြင်း မပြုလုပ်ကြဖို့လည်း တမူး PDF က ထပ်မံသတိပေးထားပါတယ်။
ဇွန် ၂၀ ရက်ကလည်း ကလေး-တမူး အာရှလမ်းမပေါ်မှာ မောင်းနှင်လာတဲ့ ကားတစီးကို ရပ်တန့်စစ်ဆေးခဲ့ရာ စစ်တပ်ထုတ်ကုန် ဘီယာ ၉၈ ဖာ စစ်ဆေးတွေ့ရှိလို့ ဖျက်ဆီးပစ်ခဲ့ပါသေးတယ်။