close

မြန်မာဘောလုံးလိဂ်

close

March 8, 2022

၁ နှစ်ကျော်ကြာ ရပ်နားခဲ့သည့် မြန်မာဘောလုံးလိဂ်ပြိုင်ပွဲ ပြန်လည်ကျင်းပနိုင်ရန် စီစဉ်

၁ နှစ်ကျော်ကြာရပ်နားခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို အခုနှစ်ထဲ ပြန်လည်ကျင်းပ နိုင်ဖို့ စီစဉ်နေပါတယ်။ 

ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ၂၀၂၁ ခုနှစ် ဘောလုံးရာသီကို ဖျက်သိမ်းခဲ့ပြီးနောက် လက်ရှိအချိန်အထိ ပြိုင်ပွဲရပ်နားထားရတာပါ။ 

ပုံမှန်အတိုင်းဆိုရင် ၂၀၂၂ ခုနှစ် ဘောလုံးရာသီကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်း မှာ စတင်ကျင်းပလေ့ရှိပေမယ့် နိုင်ငံရေးနဲ့ ကိုဗစ်ကပ်ရောဂါအခြေအနေတွေကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့တာပါ။ 

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို အခုနှစ် ဇူလိုင်လအတွင်း ကျင်းပဖို့ စီစဉ်ထားပေမယ့် ကလပ်အသင်းတွေနဲ့ ကစားသမားတွေ အဆင်သင့်မဖြစ်သေးသလို နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ကပ်ရောဂါအခြေအနေတွေကြောင့် ကြန့်ကြာမှုတွေရှိလာနိုင်ပါတယ်။ 

မြန်မာ့လက်ရွေးစင်အသင်းကတော့ အခုနှစ် ဇွန်လ ၈ ရက်ကနေ ၁၄ ရက်အထိ ကာဂျစ္စတန်နိုင်ငံမှာ အာရှဖလားခြေစစ်ပွဲစဉ်တွေ သွားရောက်ယှဉ်ပြိုင်ရမှာပါ။ 

မြန်မာလိဂ်ပြိုင်ပွဲကို အခုနှစ် ဇူလိုင်လလောက် နေပြည်တော်မှာ ကျင်းပဖို့ကြိုးပမ်းနေတယ်လို့ ဘောလုံးအဖွဲ့ချုပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အသင်းအရေအတွက် ၁ဝ သင်းလောက်နဲ့ နေပြည်တော်မှာစခန်းသွင်းလေ့ကျင့်ပြီး ကျင်းပနိုင်ဖို့ စီစဉ်နေတယ်လို့ သိရတယ်။ နိုင်ငံရေးအခြေအနေအရ ဘောလုံးပြန်ကစားတော့မှာမဟုတ်တဲ့ သူတွေလည်းရှိတော့ လူငယ်သွေးသစ်တွေ အများစုနဲ့ ကျင်းပဖို့ရှိတယ်။ ရန်ကုန် သုဝဏ္ဏကွင်းမှာ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ စစ်ကောင်စီဥက္ကဋ္ဌတို့ တွေ့ဆုံချိန်တုန်းက လိဂ်ပြိုင်ပွဲပြန် ကျင်းပဖို့ စစ်ကောင်စီဘက်ကလည်း ကူညီပေးမယ်လို့ အသံကြားတယ်။”

အခုနှစ်အတွင်းမှာ အေအက်ဖ်စီ နိုင်ငံတကာကလပ်ပြိုင်ပွဲ ကစားရမယ့် မြန်မာကလပ် ၂ သင်းဟာလည်း လိဂ်ပြိုင်ပွဲမရှိတဲ့အတွက် ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ပါတယ်။ 

မြန်မာနေရှင်နယ်လိဂ်ကလပ်ကစားသမားတချို့ဟာ ပြိုင်ပွဲမရှိတဲ့အတွက် ကရင်ပြည်နယ်က ဘုရားပွဲတွေနဲ့ ကျေးရွာပွဲတွေမှာ ယှဉ်ပြိုင်ကစားနေပြီး တချို့ကလည်း ကြုံရာကျပန်းအလုပ်တွေ လုပ်နေရပါတယ်။ 

ပြည်ပထွက်ကစားသူတွေလည်းရှိပြီး ထိုင်းကလပ်တွေမှာ ၇ ဦးနဲ့ မလေးရှားကလပ် ဆီလန်ဂေါမှာ ၁ ဦး သွားရောက် ကစားနေပါတယ်။

9 mins Ago

August 23, 2020

၅ လကြာ ရပ်နားခဲ့သည့် မြန်မာဘောလုံးလိဂ်ပြိုင်ပွဲ ပြန်လည်စတင်

ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်ကနေ ၅ လကြာ ရပ်နားထားတဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ဩဂုတ်၂၂ရက်က ပြန်လည်ကျင်းပခဲ့ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ရပ်နားထားတဲ့ အားကစားပွဲတွေထဲမှာ ဘောလုံးလိဂ်က ပထမဆုံးပြန်လည်ယှဉ်ပြိုင်ခဲ့တဲ့ အားကစားပြိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ မြန်မာလိဂ်ပွဲစဉ်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းတွေနဲ့အတူ ပရိသတ်မပါစေဘဲ ကွင်းပိတ်ကစားခဲ့တာဖြစ်ပါတယ်။ မြန်မာလိဂ်ကလပ် ၁၀ သင်းနဲ့ ဒိုင်လူကြီးတွေအပါအဝင် စုစုပေါင်း လူ ၃၀၀ ကျော်ဟာ ပြီးခဲ့တဲ့ တပတ်ကတည်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးခဲ့ပြီး ပိုးမတွေ့ရှိခဲ့တာကြောင့် ပြန်လည်စတင်ခဲ့တာပါ။ ဩဂုတ် ၂၂ ရက် စနေနေ့မှာ ၂ ပွဲ ကစားခဲ့ပြီး ရန်ကုန်ယူနိုက်အသင်းက အိမ်ကွင်းမှာ မကွေး အသင်းကို ၆ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရခဲ့ပါတယ်။ သုဝဏ္ဏကွင်းမှာ တချိန်တည်းယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ရှမ်းယူနိုက်တက်က ဆောက်သမ်းမြန်မာ အသင်းကို ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရခဲ့ပါတယ်။ ဩဂုတ် ၂၃ ရက် တနင်္ဂတွေနေ့မှာ ၂ ပွဲ ဆက်လက်ကျင်းပမှာဖြစ်ပြီး သုဝဏ္ဏကွင်းမှာ ရတနာပုံနဲ့ အားကာသိပ္ပံအသင်း၊ ရန်ကုန်ယူနိုက်တက်ကွင်းမှာ ဧရာဝတီ နဲ့ ရခိုင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ 
2 years Ago
Up