ကမ္ဘောဒီးယား ဆီးဂိမ်းဘောလုံးပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ မြန်မာအမျိုးသား ယူ-၂၂ ဘောလုံးအသင်းနဲ့ အမျိုးသမီးအသင်းတွေကို ကျပ်သိန်း ၁၅၀၀ စီ ဆုချီးမြှင့်လိုက်ပါတယ်။
ဆုကြေးတွေကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်းနဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်တို့က စုပေါင်း ချီးမြင့်ခဲ့တာလို့သိရပြီး ပြိုင်ပွဲမစတင်ခင်ကတည်းက တစ်ပွဲအနိုင်ရရှိမယ်ဆိုရင် ဆုကြေး ကျပ်သိန်း၃၀၀ ချီးမြှင့်မယ်လို့ ကတိပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာအမျိုးသားအသင်းက အုပ်စုပွဲစဉ်လေးပွဲကစားခဲ့ရမှာ သုံးပွဲအနိုင်ရခဲ့လို့ ကျပ်သိန်း ၉၀၀ ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်တက်ခဲ့တဲ့အတွက် ထပ်ဆောင်း ဂုဏ်ပြုငွေ ကျပ်သိန်း ၆၀၀ လည်းရရှိမှာဖြစ်လို့ စုစုပေါင်း ကျပ်သိန်း ၁၅၀၀ ဆုကြေးရရှိခဲ့တာပါ။
အလားတူ အမျိုးသမီးအသင်းဟာလည်း အုပ်စုပွဲစဉ် ၃ ပွဲမှာ ၂ ပွဲအနိုင်ရခဲ့လို့ ကျပ်သိန်း၆၀၀ ဆုကြေးရခဲ့သလို ဆီမီးဖိုင်နယ်တက်ခဲ့တဲ့အတွက် ဂုဏ်ပြုငွေ ကျပ်သိန်း ၉၀၀ လည်းရရှိခဲ့ပြီး စုစုပေါင်းကျပ်သိန်း ၁၅၀၀ ဆုကြေးရရှိ ခဲ့တာပါ။
အဲဒီလို ဆုကြေးတွေချီးမြှင့်ခဲ့တာက ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးနိုင်ပြီး ချီးမြှင့်ခဲ့တဲ့ ဘောလုံးအဖွဲ့ချုပ်နာယကနဲ့ ဥက္ကဋ္ဌတို့ကို ကျေးဇူးတင်ရှိကြောင်း ဘောလုံးအဖွဲ့ချုပ်ရဲ့ အင်တာဗျူးအစီအစဉ်မှာ ကစားသမားတွေဖြစ်ကြတဲ့ ဟိန်းထက်အောင်နဲ့ ခင်မာလာထွန်းတို့က ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
မြန်မာအမျိုးသားအသင်းနဲ့ အမျိုးသမီးအသင်းတွေဟာ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ထိုင်းအသင်းတွေနဲ့ ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပါတယ်။
Photo -MFF
အာရှဖလားခြေစစ်ပွဲစဉ် ၂ ပွဲဆက်တိုက်ရှုံးပွဲတွေ့ခဲ့တဲ့ မြန်မာဘောလုံးအသင်းဟာ လက်ကျန် တစ်ပွဲ ကစားဖို့ရှိပေမယ့် ခြေစစ်ပွဲမအောင်ဖို့ သေချာသွားခဲ့ပါတယ်။
မြန်မာအသင်းဟာ အာရှဖလား ခြေစစ်ပွဲစဉ်တွေကို ဗဟိုအာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကာဂျစ္စတန်မှာ သွားရောက်ကစားနေတာဖြစ်ပြီး ဇွန် ၁၁ ရက်က အိမ်ရှင်အသင်းနဲ့ ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပါတယ်။
ဇွန် ၈ ရက်က ကစားခဲ့တဲ့ အုပ်စု အဖွင့်ပွဲစဉ်မှာလည်း မြန်မာအသင်းဟာ တာဂျစ်ကစ္စတန်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ထားခဲ့တာပါ။
ဒါကြောင့် အုပ်စု ၂ ပွဲကစားအပြီးမှာ ၂ ပွဲစလုံးရူံနိမ့်ခဲ့တာကြောင့် ခြေစစ်ပွဲ မအောင်မြင်ဖို့သေချာသွားခဲ့တာပါ။
မြန်မာအသင်းဟာ ဇွန် ၁၄ ရက် မှာ စင်ကာပူအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အနေနဲ့ ဆက်လက် ယှဉ်ပြိုင်သွားရမှာပါ။
အာရှဖလားခြေစစ်ပွဲတတိယအဆင့်မှာ စုစုပေါင်း ၂၄ သင်းက ၄ သင်းစီပါတဲ့ အုပ်စု ၆ ခု ခွဲခြားကာ ယှဉ်ပြိုင်ကစားနေကြတာပါ။
အဲဒီအုပ်စု ၆ ခုထဲက အုပ်စုပထမ ၆ သင်းနဲ့ အကောင်းဆုံးအုပ်စု ဒုတိယရတဲ့ ၅ သင်း၊ စုစုပေါင်း ၁၁ သင်းက ခြေစစ်ပွဲအောင်မြင်ပြီးသားဖြစ်တဲ့ တခြား ၁၃ သင်းနဲ့အတူ တရုတ်နိုင်ငံမှာကျင်းပမယ့် ၂၀၂၃ အာရှဖလားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။
မြန်မာအသင်းအတွက်တော့ အခုနှစ်မှာလည်း ခြေစစ်ပွဲမအောင်မြင်ခဲ့တာကြောင့် ၁၉၆၈ ခုနှစ် နောက်ပိုင်း အာရှဖလားနဲ့ဝေးကွာနေတာနှစ်ပေါင်း ၅၅ နှစ်လောက် ကြာမြင့်နေပြီဖြစ်ပါတယ်။
Sport Myanmar team