ဗီယက်နမ်ဆီးဂိမ်း ဘောလုံးပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ မြန်မာယူ ၂၃ နည်းပြ ပိုပေါ့ဗ်က ပြောပါတယ်။
မြန်မာယူ ၂၃ အသင်းဟာ မနေ့က ကစားသွားတဲ့ အုပ်စု ဒုတိယပွဲစဉ်မှာ ဖိလစ်ပိုင်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ၂ ပွဲကစား ၂ ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ အုပ်စု A မှာ ဦးဆောင်နေတာပါ။
၂ ပွဲဆက် နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေကို ချီးကျူးပြီး ဆီမီးဖိုင်နယ်တက်ရောက်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဖိလစ်ပိုင်အသင်းကို အနိုင်ရအပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နည်းပြပိုပေါ့ဗ်က ပြောခဲ့တာပါ။
“လိုချင်တဲ့အနိုင်သုံးမှတ် ရရှိခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ ပွဲမတိုင်ခင်ကတည်းက ချမှတ်ထားတဲ့ ပုံစံအတိုင်း ကစားနိုင်ခဲ့တဲ့အတွက် ကစားသမားအားလုံးကို ချီးကျူးချင်ပါတယ်။ ပြိုင်ပွဲမစခင်ကတည်းက ပြောထားခဲ့တဲ့အတိုင်း တပွဲချင်းကိုပဲ အာရုံစိုက်ပြီး သေချာပြင်ဆင်ခဲ့ပါတယ်။ နှစ်ပွဲမှာ ၆ မှတ်အပြည့် ရရှိခဲ့ပြီး အုပ်စုကို ဦးဆောင်နိုင်ခဲ့ပါပြီ။ ဆီမီးဖိုင်နယ်ကို ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ဖို့အတွက် ထပ်ပြီး ကြိုးစားသွားမှာပါ။”
မြန်မာယူ ၂၃ အသင်းဟာ မေ ၁၃ ရက်မှာ အိမ်ရှင်ဗီယက်နမ်နဲ့ အုပ်စုတတိယမြောက်ပွဲစဉ် ကစားရမှာဖြစ်ပြီး အဲဒီနောက် မေ ၁၅ ရက်မှာ အင်ဒိုနီးရှားနဲ့ ဆက်ကစားသွားရမှာ ဖြစ်ပါတယ်။