close

မြန်မာရုပ်ရှင်

close

October 19, 2021

“What Happened to the Wolf?” မြန်မာရုပ်ရှင် Dili ရုပ်ရှင်ပွဲတော်တွင် ဆုရရှိ

မြန်မာရုပ်ရှင်ကားတကားဖြစ်တဲ့ “What Happened to the Wolf?”ရုပ်ရှင်ဟာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Dili International Film Festival မှာ BEST NARRATIVE FEATURE AWARD ကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီကားကိုတော့ ဒါရိုက်တာ ဏကြီးက ရိုက်ကူးပြီး အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုတို့နဲ့အတူ အမျိုးသားသရုပ်ဆောင်တွေဖြစ်ကြတဲ့ လွင်မိုး၊ အောင်မြင့်မြတ်တို့က ပါဝင်ထားကြကာ ကျော်ထက်အောင်၊ ထူးသာ၊ သီရိစိုး၊ အားကိုးရာတို့က ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားကြပါတယ်။

သိပ်မကြာခင်ကလည်း ဒီကားဟာ ဂျာမနီနိုင်ငံ Oldenburg International Film Festival မှာ ပြသဖို့ ရွေးချယ်ခံခဲ့ရပြီး အိန္ဒြာကျော်ဇင်က Seymour Cassel Award for Best Performance ဆု ဆွတ်ခူးရရှိထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိကာလ မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနဲ့အတူ အနုပညာလှုပ်ရှားမှုတွေလည်း ရပ်တန့်သွားခဲ့ရသလို နွေဦးတော်လှန်ရေးမှာ ပြည်သူ့ ဘက်တော်သားတွေအနေနဲ့ အမှန်တရားဘက်က မားမားမတ်မတ် ရပ်တည်ခဲ့ကြသူတွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေနဲ့ ပိုမိုဆိုးရွားလာနေခဲ့တာပါ။

ဒီကားထဲမှာပါဝင်တဲ့ သရုပ်ဆောင်မင်းသမီး အိန္ဒြာကျော်ဇင်ဟာလည်း တော်လှန်ရေးမှာ ပါဝင်ခဲ့တာကြောင့် ခင်ပွန်းဖြစ်တဲ့ သရုပ်ဆောင် ပြေတီဦးနဲ့အတူ ဖမ်းဆီးခံထားရပြီး ဒါရိုက်တာ ဏကြီး၊ ပိုင်ဖြိုးသုတို့ဟာလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ထားတာမို့ တိမ်းရှောင်နေကြရပါတယ်။

ခုရက်ပိုင်းမှာတော့ အကြမ်းဖက်စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ အရေးယူခံထားရတဲ့ အနုပညာရှင် ၂၄ ဦးနဲ့ လူမှုကွန်ရက်မှာ လူသိများသူ ၁၀ ဦးတို့အပေါ် အရေးယူထားတဲ့ အမှုတွေကို ပိတ်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပေမဲ့ အကျဉ်းကျခံနေရတဲ့ ထင်ရှားတဲ့အနုပညာရှင်တွေဖြစ်ကြတဲ့ အကယ်ဒီ လူမင်း၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်၊ ပိုပို၊ ဝင်းမင်းသန်း စတဲ့သူတွေ မပါလာသေးပါဘူး။

10 mins Ago

October 16, 2020

မြန်မာရုပ်ရှင် “မီ” ယူကေနှင့် စပိန်ရုပ်ရှင်ပွဲတော် ၂ ခုတွင် ပြသရန် ရွေးချယ်ခံရ

       နာမည်ကြီး မြန်မာရုပ်ရှင်ကားတကားဖြစ်တဲ့ “မီ”ရုပ်ရှင်ကို ယူကေနဲ့ စပိန်ရုပ်ရှင် ပွဲတော် ၂ ခုမှာ ပြသဖို့ ရွေးချယ်ခံထားရတယ်လို့ အဲဒီကားကို ရိုက်ကူးပုံဖော်သူ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။        ယူကေနိုင်ငံ၊ ဝေးလ်စ်မှာ ကျင်းပမယ့် Cardiff International Film Festival နဲ့ စ ပိန်နိုင်ငံ၊ Lleida မြို့မှာ ကျင်းပမယ့် Lleida Visual Art ရုပ်ရှင်ပွဲတော် ၂ ခုမှာ Official Selection အနေနဲ့ ပြသဖို့ ရွေးချယ်ခံရတာ ဖြစ်ပါတယ်။ Cardiff International Film Festival ကို အောက်တိုဘာ ၃၁ မှ နိုဝင်ဘာ ၃ ရက်နေ့အထိ၊ Festival Lleida ကို အောက်တိုဘာ ၂၉ မှ နိုဝင်ဘာ ၈ ရက်နေ့အထိ Virtual Platform မှာပဲ ကျင်းပသွားမှာဖြစ်ပြီး ခုလိုပြသဖို့ ရွေးချယ်ခံရတာနဲ့ ပတ်သက်ပြီး “မီ”ရုပ်ရှင်မှာ သူနဲ့အတူ ရုန်းကန်ခဲ့ကြတဲ့ ရုပ်ရှင်အဖွဲ့သားတွေအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ဒါရိုက်တာ ဏကြီးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ရေးသားမျှဝေထားခဲ့ပါတယ်။        “မီ”ရုပ်ရှင်ကားကတော့ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ နာမည်ကြီး စာရေးဆရာမကြီး ကြည်အေးရဲ့ ဝတ္ထုကို ဒါရိုက်တာ ဏကြီးက ကိုယ်တိုင်ဇာတ်ညွှန်းခွဲ၊ ကိုယ်တိုင်ရိုက်ကူးထားတာဖြစ်ပြီး Victoria Film Production က တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။        ၁၉၅၀ ပြည့်လွန်ကာလကို အခြေတည်ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းဟာ နားလည်ရခက်တဲ့ မီဆိုတဲ့ မိန်းကလေးတယောက်ကြောင့် ယောကျ်ားတွေ အရူးအမူးဖြစ်ကြတဲ့ အကြောင်း၊ ချစ်တဲ့စိတ်တဖက်၊ သံသယစိတ်တဖက်နဲ့ မီကို လက်ထပ်ယူခဲ့တဲ့ အမျိုးသားတ ယောက်အကြောင်းကို တင်ပြထားခဲ့တာပါ။ ဒီကားထဲမှာတော့ အဲဒီခေတ်ကလို အပြင် အဆင်တွေ၊ အထူးပြုလုပ်မှုတွေနဲ့ ရုပ်ရှင်အဖြစ် ပုံပေါ်လာအောင် ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အဓိကဇာတ်ကောင် မီနေရာမှာ သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုးသုက ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ အောင်ရဲထိုက်တို့က အတွဲညီညီ တွဲဖက်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ရုံတင်ပြသခဲ့တာဖြစ်ပြီး ပရိသတ်တွေ တခဲနက်အားပေးမှုတွေနဲ့ နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ကားတကား ဖြစ်ခဲ့ပါတယ်။        “မီ”ရုပ်ရှင်ကားဟာ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ပေမယ့် အာဆီယံ အ ပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်နဲ့ ထူးချွန်ဆု(Asean International Film Festival & Awards–AIFFA) ဆန်ကာတင်စာရင်းမှာ အကောင်းဆုံးဇာတ်ကားဆု၊ ဓာတ်ပုံဆုနဲ့ အကောင်း ဆုံးသရုပ်ဆောင် မင်းသမီးဆုတွေအတွက် ဆု ၃ ဆုနဲ့ ဆန်ကာတင်စာရင်း ပါဝင်ခဲ့ပြီး အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့တာ ဖြစ်ပါတယ်။        မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ရွေးချယ်ပေးအပ်တဲ့ Star Awards ရုပ်ရှင်နဲ့ရုပ်သံ ထူးချွန်ဆုချီးမြှင့်ပွဲမှာတော့ “မီ”ရုပ်ရှင်ထဲမှာ ပါဝင်တဲ့ ပိုင်ဖြိုးသုက အကောင်းဆုံး ရုပ်ရှင်အမျိုးသမီး ဇာတ်ဆောင်ဆု၊ ဏကြီးက ရုပ်ရှင်ဓာတ်ပုံဆု၊ မင်းဦးက ရုပ်ရှင်အထူးဆု(အဝတ်အစားနှင့် မိတ်ကပ်) တွေ ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။ ရုပ်ရှင်ပွဲတော်လင့်ခ်- www.theciff.co.uk www.lleidafilmfest.com
1 year Ago
Up