close

မြန်မာရေလုပ်သားအလောင်း

close

March 30, 2022

ထိုင်းငါးဖမ်းလှေပေါ်ရှိ ဆီတိုင်ကီထဲတွင် မြန်မာရေလုပ်သားအလောင်း ၁ လောင်းတွေ့ရှိ

ထိုင်းတောင်ပိုင်း၊ စူရတ်ဌာနီမြို့မှာ ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့က ကမ်းကပ်ထားတဲ့ ငါးဖမ်းလှေတစီးပေါ်ကနေ ဆီတိုင်ကီထဲ သေဆုံးနေတဲ့ မြန်မာရေလုပ်သား တယောက်ရဲ့  အလောင်းကို  တွေ့ရှိခဲ့ပါတယ်။

စူရတ်ဌာနီမြို့ ဘန့်ကုန့်ရပ်ကွက်လှေဆိပ်မှာ ရပ်နားထားတဲ့ ကျန်ထရာရုန့်ရိန်း ငါးဖမ်းလှေတစီးပေါ်မှာ ဆီတိုင်ကီထဲ သေဆုံးနေတဲ့ အလောင်း တလောင်း တွေ့ရှိကြောင်း လှေပိုင်ရှင်က အကြောင်းကြားလာတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်လို့ စူရတ်ဌာနီရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

စစ်ဆေးချက်အရ အဆိုပါတိုင်ကီမှာ ၅၀၀ လီတာဆန့် ဆီပေပါဖြစ်ပြီး ငါးဖမ်းလှေရဲ့ ပစ္စည်းသိုလှောင်ခန်းမှာ ရှိနေကြောင်း၊ ပစ္စည်းတွေ ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် တိုင်ကီထဲက အလောင်းကို တွေ့ရတာလို့ ဆိုပါတယ်။

အလောင်းမှာ သေဆုံးတာကြာပြီမို့ ပုပ်ပွ အနံ့ထွက်နေကြောင်း၊ အဆိုပါလှေပေါ်က အသက် ၂၈ နှစ်အရွယ် ရေလုပ်သား ၁ ဦးလည်း ပျောက်ဆုံးနေတာ ၃ ရက်ကြာပြီဖြစ်လို့  သူ့အလောင်း ဖြစ်နိုင်တယ်လို့ လုပ်ဖော်ကိုင်ဘက်တွေက ယူဆပြီး ရဲတပ်ဖွဲ့ကတော့ ဒီအန်အေစစ်ဆေးဖို့ စူရတ်ဌာနီဆေးရုံကို ပို့ဆောင်ထားတယ်လို့ ပြောပါတယ်။

အဆိုပါငါးဖမ်းလှေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်ကတည်းက ကမ်းကပ်ထားတာဖြစ်ပြီး ပင်လယ်အော်ပိတ်ထားလို့ ငါးဖမ်းမထွက်နိုင်သေးကြောင်း၊ လှေပေါ်မှာတော့ ထိုင်းအလုပ်သမား ၁ ဦးနဲ့ မြန်မာလုပ်သား ၃ ဦးတို့ နေထိုင်တယ်လို့ ဆိုပါတယ်။

အဲဒီအနီးမှာ တခြားငါးဖမ်းလှေ ၂ စီးလည်း ဆိုက်ကပ်ထားကာ လှေ ၃ စီးလုံးမှာ သေဆုံးသွားသူအပါအဝင် လူ ၉ ဦးရှိကြောင်း၊ ဒါကြောင့် ဖြစ်ရပ်မှန်ကို သိရဖို့အတွက် ကျန်တဲ့ ရေလုပ်သားတွေကို ခေါ်ယူ စစ်ဆေးနေတယ်လို့ ရဲစခန်း တာဝန်ရှိသူကို ကိုးကားပြီး  matichon ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

12 hours Ago
Up