close

မြန်မာရွေ့ပြောင်းလုပ်သား

close

December 7, 2021

ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းလုပ်သား ၂၀ ခန့် လိုက်ပါလာသည့်ကား ဓာတ်တိုင်ဝင်တိုက်

မြန်မာအလုပ်သမားတွေကို တရားမဝင်တင်လာတဲ့ ယာဉ်တစ်စီး  ထိုင်းတောင်ပိုင်း နခွန်းဆီထမရတ်ခရိုင် ထုန့်ဆုန်မြို့နယ်ထဲမှာ ဒီဇင်ဘာ ၆ ရက်က ဓာတ်မီးတိုင်နဲ့ ဝင်တိုက်မိပြီး လမ်းဘေးက မြောင်းထဲထိုးကျသွားခဲ့ပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအပါအဝင် တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာ ပျက်စီးနေတဲ့ ကားနဲ့ ဖိနပ်တွေသာကျန်ပြီး လူတွေအကုန် ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက အနီးနားတဝိုက် ရာဘာခြံနဲ့ ဆီအုန်းခြံတွေထဲ လိုက်လံရှာဖွေရာမှာ အသက် ၄၁ နှစ်အရွယ် ထိုင်းယာဉ်မောင်းသမား နိုင်းချလိုမ်ဖုန်း ဖစ်ချ်ရတ်နဆိုသူနဲ့ မြန်မာအလုပ်သမားတချို့ကို ဖမ်းမိခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ထဲက နိုင်ငံကူးလက်မှတ်ရှိသူ တယောက်က မြန်မာအလုပ်သမားတွေကို ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့မှာ အလုပ်သွားလုပ်ဖို့ ခေါ်လာခဲ့ကြောင်း၊ ၅ ရက်နေ့ည ၉ နာရီလောက်က ရနောင်းကနေထွက်လာခဲ့ပြီး ၆ ရက်နေ့မနက် အခင်းဖြစ်တဲ့နေရာမှာ ကားကလမ်းဘေး ဓာတ်တိုင်ကို ဝင်တိုက်ခဲ့တာလို့ ဝန်ခံပြောကြားပါတယ်။

သူတို့အားလုံး အယောက် ၂၀ နီးပါးရှိပြီး ဒဏ်ရာအနည်းငယ်စီသာရရှိကာ လဝကဥပဒေနဲ့ အရေးယူဖို့ ထုန့်ဆုန်နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားကာ လူကုန်ကူးမှုနဲ့ ပတ်သက်မှုရှိမရှိကိုလည်း ဆက်လက်စစ်ဆေးသွားမယ်လို့ ထိုင်းတာဝန်ရှိသူက  သတင်းထောက်ကို ပြောသွားပါတယ်။ 

ကိုးကား - မန်နေဂျာအွန်လိုင်း / ထိုင်းရတ်တီဗွီသတင်း 

4 mins Ago

January 26, 2021

ထိုင်းတောင်ပိုင်းတွင် ရထားစီး မြန်မာရွေ့ပြောင်းလုပ်သား ၅ ဦး ဖမ်းဆီးခံရ

ထိုင်းတောင်ပိုင်၊ နခွန်းဆီထမရတ်ခရိုင်ထဲမှာ ရထားစီးပြီး ဘန်ကောက်သွားမယ့် မြန်မာ ရွေ့ပြောင်းလုပ်သား  ၅ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အသက် ၂၅ မှ ၃၀ ကြားရှိ  မြန်မာလုပ်သား ၅ ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက် ညက နခွန်းဆီထမရတ်ဘူတာကနေ ဘန်ကောက်ကို ရထားနဲ့သွားဖို့  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အပူချိန်တိုင်းစက် ဖြတ်ကျော်စဉ် ၂ ဦးမှာ  ကိုယ်ပူချိန်မြင့်နေတာကိုတွေ့ရတဲ့အတွက် တာဝန်ရှိ သူတွေက ခေါ်ယူ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

သူတို့ကို စစ်ဆေးမေးမြန်းရာမှာတော့ ထိုင်းစကားနားမလည်ကြတဲ့အပြင် နေထိုင်ခွင့်လက်မှတ် အထောက်အထားတစုံတရာမရှိတဲ့အတွက် မီးရထားဆိုင်ရာ တာဝန်ရှိသူတွေက သက်ဆိုင်ရာကို ဆက်လက်အကြောင်းကြားခဲ့ပါတယ်။

မကြာခင် လဝက၊ အုပ်ချုပ်ရေးပိုင်းနဲ့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ ရောက်လာကြပြီးသူတို့ ၅ ဦးကို ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတဲ့အပြင် မီးရထားလက်မှတ်ရလာပုံကို စစ်ဆေးခဲ့ပါတယ်။ 

သူတို့ကို ထိုင်းအမျိုးသားတစ်ယောက်က လက်မှတ်ဝယ်ပေးခဲ့တာကြောင့်   လူကုန်ကူးမှုနဲ့ ပတ်သက်ခြင်းရှိမရှိ ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ 

နောက်ဆက်တွဲသတင်းတွေအရ အဆိုပါ မြန်မာလုပ်သား ၅ ဦးမှာ ကိုဗစ်-၁၉ ပိုးမတွေ့ရပေမဲ့  ကူးစက်ရောဂါကာကွယ်ရေးဥပဒေချိုးဖောက်မှု ၊ နိုင်ငံထဲတရား မဝင်နေထိုင်မှုနဲ့ ခွင့်ပြုချက်မရဘဲ နယ်မြေရွေ့ပြောင်း သွားလာမှုတွေနဲ့ အရေးယူခံရမယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ဒုတိယလှိုင်းကို ရွှေ့ပြောင်းလုပ်သားအများဆုံးနေထိုင်တဲ့ ဆမွတ်ဆာခွန်းခရိုင်မဟာချိုင်မှာ စတင်တွေ့ရှိတာကြောင့် ရွှေ့ပြောင်းလုပ်သားတွေ နယ်မြေထွက်ခွာ ရွှေ့လျားသွားလာမှုကို ကန့်သတ်ထားသလို မီးရထားစီးခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။ 

ကိုးကား- 77 Kaoded/ Matichonကိုးကား -  https://www.77kaoded.com/news/kitdanai/2064412

11 months Ago
Up