close

မြန်မာဝမ်ပေါင်ကုမ္ပဏီ

close

June 25, 2022

မြန်မာဝမ်ပေါင်ကုမ္ပဏီကို ဆက်သွယ်ထားသည့် လျှပ်စစ်ဓာတ်အားတိုင် ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ  မြန်မာ ဝမ်ပေါင်ကုမ္ပဏီသို့ ပေးပို့နေတဲ့ လျှပ်စစ်ဓါတ်အားလိုင်းတိုင်ကို ဇွန် ၂၄ ရက် ည ၁၀ နာရီခွဲလောက်က ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖောက်ခွဲဖျက်ဆီးခံခဲ့ရတာဟာ ညောင်ပင်ကြီး လျှပ်စစ်ဓါတ်အားပေးရေး(ခွဲ)ရုံကနေ မြန်မာ ဝမ်ပေါင် ကုမ္ပဏီလုပ်ကွက်အတွင်းကို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေတဲ့ လျှပ်စစ်ပင်မဓါတ်တိုင်တခုဖြစ်ပြီး ဖောက်ခွဲခံရပြီးနောက်ပိုင်း လျှပ်စစ်ဓါတ်အား ပြတ်တောက်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုလို ဖောက်ခွဲပြုလုပ်ခဲ့တဲ့အဖွဲ့ဟာ အမိမြေတော်လှန်ရေးတပ်ဖွဲ့နဲ့အတူ Young People Force(YPF) အဖွဲ့တို့က ဖျက်အားပြင်း ဒိုင်းနမိုက်များနဲ့ ဖောက်ခွဲပြုလုပ်ခဲ့တာဖြစ်ကြောင်း၊ မြန်မာ ဝမ်ပေါင်ကုမ္ပဏီဟာ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ပစ္စည်းတွေကို ဖျက်ဆီးယူဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လက်ခံတည်းခိုခွင့်ပြုတာ၊ ရိက္ခာထောက်ပံ့တာနဲ့ အားပေးအားမြှောက်ပြုနေလို့ သတိပေးတဲ့အနေနဲ့ ပြုလုပ်ခဲ့တာလို့ အမိမြေတော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဝဏ္ဏက ပြောပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီအပေါ်ထားရှိတဲ့ မူဝါဒကို ပြန်လည်စဥ်းစားသုံးသပ်ဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့သာ ပူးပေါင်းလုပ်ဆောင်ဖို့ ဆန္ဒပြုတယ်လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ အပေါင်းပါတွေကို အပြီးတိုင်ရှင်းလင်းတိုက်ထုတ်နိုင်စေရေး လက်နက်ခဲယမ်းထပ်မံ ဝယ်ယူနိုင်ဖို့အတွက် ငွေကြေးအခက်အခဲရှိနေတာကြောင့် အမိမြေတော်လှန်ရေးတပ်ဖွဲ့ကို  ပြည်သူတွေအနေနဲ့ တတ်အားသရွေ့ပါဝင်လှူဒါန်းပေးကြဖို့ကိုလည်း PDF ခေါင်းဆောင်က တိုက်တွန်း ပြောပါတယ်။

မြန်မာ ဝမ်ပေါင်ကုမ္ပဏီဟာ တရုတ်နိုင်ငံပိုင် ကုမ္ပဏီတခုဖြစ်ပြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်မှ ကြေးနီသတ္တုတူးဖော်ထုတ်လုပ်ရေးကို  စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ အကျိုးတူဖက်စပ် လုပ်ကိုင်နေတဲ့ ကုမ္ပဏီတခုဖြစ်ပါတယ်။

15 mins Ago

May 7, 2022

ကြေးနီစီမံကိန်း ဝန်ထမ်းနှင့် မိသားစုအချို့ ခြိမ်းခြောက်ခံနေရဟု မြန်မာဝမ်ပေါင်ကုမ္ပဏီ ထုတ်ပြန်

စီမံကိန်းဝန်ထမ်းတွေနဲ့ သူတို့မိသားစုတချို့ ခြိမ်းခြောက်ခံနေရတာကြောင့် ကုမ္ပဏီအနေနဲ့ အထူးစိုးရိမ်တယ်လို့ လက်ပံတောင်းတောင်ဒေသ ကြေးနီစီမံကိန်းလုပ်ကိုင်နေတဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

ကြေးနီစီမံကိန်းနဲ့ ပတ်သက်တာတွေ လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက သတိပေးထားချိန်မှာ အခုလို ထုတ်ပြန်လာတာပါ။

ဝမ်ပေါင်အနေနဲ့ ကြေးနီစီမံကိန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက ယာယီရပ်ဆိုင်းထားပြီး ကုမ္ပဏီဝန်ထမ်းအားလုံးကို အခြေခံလုပ်ခပေးကာ ဝန်ထမ်းမိသားစုတွေကိုလည်း ထောက်ပံ့ကြေးတွေ ပေးနေတယ်လို့ ကုမ္ပဏီရဲ့ ဒုတိယ အထွေထွေမန်နေဂျာ Dong Shiyong က လက်မှတ်ထိုး ထုတ်ပြန်တဲ့စာမှာ ဖော်ပြထားပါတယ်။

ဒီအချိန်မှာ စီမံကိန်းအပေါ် ကောလာဟလတွေ၊ အထင်အမြင်လွဲတာတွေနဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲတာတွေ အများကြီးပေါ်ပေါက်နေပြီး စီမံကိန်းဝန်ထမ်းတွေနဲ့ သူတို့မိသားစုတချို့ကို ခြိမ်းခြောက်ခံနေရတာကြောင့် ကုမ္ပဏီအနေနဲ့ အထူးစိုးရိမ်ပြီး စီမံကိန်းရဲ့အခြေအနေတွေကို သက်ဆိုင်သူတွေဆီ အမြဲရှင်းပြဖို့ တာဝန်ရှိတယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

ဒီကာလမှာ ဝန်ထမ်းအများစုဟာ သူတို့အိမ်တွေမှာပဲ နေကြပြီး အရေးကြီးလုပ်ငန်းခွင်က ဝန်ထမ်းတဖွဲ့ကတော့ စေတနာနဲ့ မိုင်းလုပ်ငန်းခွင်မှာ အလုပ်လုပ်ခဲ့ပြီး  စီမံကိန်းထဲမှာရှိနေတဲ့ Leaching Pad ပုံတွေ၊ ကန်တွေကနေ ရေမလျှံအောင်ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

ခုကာလအတွင်း အရေးကြီးလုပ်ငန်းခွင်မှာ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတဖွဲ့ဟာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ခဲ့တာလို့လည်း ရှင်းပြထားပါတယ်။

ကုမ္ပဏီအနေနဲ့ စီမံကိန်းအနီးဒေသ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ရင်းနှီးမြှုပ်နှံပြီး ထောက်ပံ့ရေးတွေအတွက်လည်း ကျပ် သန်းပေါင်း ၈ သိန်းခွဲလောက် ပေးချေထားပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စီမံကိန်းပတ်ဝန်းကျင်မှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ အမေရိကန်ဒေါ်လာ ၆ သန်းကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီး အလုပ်သမားတွေ စွမ်းဆောင်ရည်မြှင့်တင်ဖို့အတွက်လည်း အမေရိကန်ဒေါ်လာ ၁ သန်းခွဲ မြှုပ်နှံထားတယ်လို့ ဆိုပါတယ်။

ကိုဗစ် - ၁၉ ဖြစ်ချိန်က စလို့ ကုမ္ပဏီဟာ ဒေသခံလူထုတွေကို နှာခေါင်းစည်းနဲ့ အကာအကွယ်ဝတ်စုံတွေ၊ ဗိုင်းရပ်စ်တားဆီးနိုင်တဲ့ တခြားပစ္စည်းတွေ လှူတာအပါအဝင် ကျပ်သန်းပေါင်း ၅၈၀ ကျော်လှူဒါန်းခဲ့သလို ပညာရေးဆိုင်ရာ ထောက်ပံ့မှုအနေနဲ့လည်း စုစုပေါင်းကျပ် ၉၃၈ သန်းကျော် ပံ့ပိုးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအစီအစဉ်နဲ့လည်း ထောက်ပံ့ငွေ ကျပ်ပေါင်း ၄၃၄ သန်းကျော် လှူဒါန်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ စစ်အာဏာရှင်အတွက် ဝင်ငွေရပေါက်ရလမ်း အရင်းအမြစ်တခုဖြစ်လို့ စီမံကိန်းနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက သတိပေးထားတာ ဖြစ်ပါတယ်။

2 months Ago
Up