close

မြန်မာအမျိုးသမီးဘောလုံးအသင်း

close

May 16, 2022

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဘောလုံးအသင်းကို ဒေါ်လာ ၁ သိန်းချီးမြှင့်

ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်သွားတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းကို စစ်ကောင်စီ အားကစားဝန်ကြီးက  အမေရိကန်ဒေါ်လာ ၁ သိန်းကို ပေးအပ်ချီးမြင့်ခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က မေလ ၁၆ ရက် မှာ သတင်းထုတ်ပါတယ်။ 

မြန်မာအမျိုးသမီးအသင်းဟာ  မေလ ၁၅ ရက်က ကန်သွားတဲ့ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ စင်ကာပူ အသင်းကို  (၁-၀)ဂိုးနဲ့  အနိုင်ရပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်သွားတာဖြစ်ပြီး လာမယ့် မေလ ၁၈ ရက်မှာ အိမ်ရှင် ဗီယက်နမ် အမျိုးသမီး အသင်းနဲ့ ဆီမီးဖိုင်နယ် ယှဉ်ပြိုင်ရမှာပါ။ 

မြန်မာ ယူ-၂၃ အမျိုးသားဘောလုံး အသင်းကတော့ အင်ဒိုနီးရှားအသင်းကို  ( ၁- ၃) ဂိုးနဲ့ ရှုံးနိမ့်ပြီး အုပ်စု အဆင့်ကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။

ဗီယက်နမ်မှာ ကျင်းပနေတဲ့ ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ မေလ ၁၆ ရက်အထိ မြန်မာက  ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၅ ခု၊ ကြေးတံဆိပ် ၉ ခု စုစုပေါင်း ဆုတံဆိပ် ၁၈ ခု ရရှိထားပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံထဲမှာ နိုင်ငံအလိုက် အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။

မြန်မာအတွက် ရွှေတံဆိပ်ဆုတွေကိုတော့ ကူရက်စ် နပန်း အားကစားနည်းကနေ အေးအေးအောင်၊ ပီတန်းပြိုင်ပွဲကနေ ခင်ချယ်ရီသက်၊ ကာယဗလ ၇၀ ကီလိုတန်းကနေ ရဲထွန်းနောင်နဲ့ ဝူရှူး ထောက်လုအပြ ပြိုင်ပွဲကနေ သိန်းသန်းဦးတို့က အသီးသီး ရယူပေးထားပါတယ်။

မြန်မာအားကစားအဖွဲ့ဟာ မေလ ၁၆ ရက်နေ့ ပွဲစဉ်တွေမှာတော့ ဆုတံဆိပ်ရယူနိုင်ခြင်းမရှိခဲ့ပါဘူး။  မနက်ဖန် မေလ ၁၇ ရက်မှာကျင်းပမယ့် အားကစားနည်းတွေထဲမှာ ဘိလိယက်ကစားသမား ဦးပေါက်စက ဗိုလ်လုပွဲစဉ်အဖြစ် စင်ကာပူကပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ဖို့ရှိပါတယ်။

အလားတူ ပြေးခုန်ပစ် မီတာ ၁၀၀၀၀ ဗိုလ်လုပွဲမှာ မြန်မာအပြေးသမား ဆန်းနိုင်ဝင်ရောက် ယှဉ်ပြိုင်ဖို့ရှိသလို၊ အပြည်ပြည်ဆိုင်ရာလက်ဝှေ့ရှုံးထွက်ပွဲစဉ်တွေနဲ့ တိုက်ကွမ်ဒိုပွဲစဉ်တွေလည်း ရှိပါတယ်။

ဒါ့အပြင် မြားပစ်၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ကနူးလှေ၊ ဖူဆယ်နဲ့ E-Sports အားကစားနည်းတွေမှာလည်း မြန်မာအားကစားသမားတွေ ယှဉ်ပြိုင်ကစားကြမှာပါ။ 

မေလ ၁၆ ရက်ဒီနေ့အထိ နိုင်ငံအလိုက်အဆင့်ရပ်တည်မှုအရ အိမ်ရှင်ဗီယက်နမ်နိုင်ငံက ရွှေ ၈၈ ခုနဲ့ အဆင့် ၁ နေရာမှာရပ်တည်နေပြီး ထိုင်းက ရွှေ ၃၆ ခုနဲ့ ဒုတိယ၊ ဖိလစ်ပိုင်က ရွှေ အခု ၃၀ နဲ့ တတိယ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။ 

ဒီနောက်  စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ဘရူနိုင်း၊ လာအိုနဲ့ အရှေ့တီမောနိုင်ငံတွေက အစဉ်လိုက်ရပ်တည်နေပါတယ်။

Photo-MFF

7 hours Ago

October 16, 2019

ဆီးဂိမ်းစ် ဗိုလ်လုပွဲတက်ရန် ကြိုးပမ်းမည်ဟု မြန်မာအမျိုးသမီးဘောလုံးအသင်း နည်းပြပြော

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်  အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်းစ်)  အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်အောင် ကြိုးပမ်းသွားမယ်လို့  မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ် ဦးဝင်းသူမိုးက ပြောပါတယ်။  "အုပ်စုအနေအထားက ကျေနပ်စရာပါ။ ဖိလစ်ပိုင်နဲ့ အရင်ကစားရမယ် အဲဒီပွဲက အုပ်စုဗိုလ်၊ ဒုတိယလုရမှာပါပဲ။ မလေးရှားနဲ့ ကစားပြီး ဆီမီးဖိုင်နယ် မကန်ခင် ငါးရက် ပြင်ဆင်ချိန်ရတာ တော်တော်ကောင်းပါတယ်။ ဗိုလ်လုပွဲတက်ဖို့ ကြိုးစားသွားပါမယ်"လို့ နည်းပြချုပ် ဦးဝင်းသူမိုးက မြန်မာဘောလုံးအဖွဲ့ချုပ် လူမှုကွန်ရက်မှာ ပြောပါတယ်။  မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ အုပ်စု(က)မှာ အိမ်ရှင် ဖိလစ်ပိုင်၊ မလေးရှား၊ အသင်းတို့နဲ့ တအုပ်စုထဲ ယှဉ်ပြိုင်ကစားရမှာပါ။  တဖက် အုပ်စု (ခ) မှာတော့ ဗီယက်နမ်၊ ထိုင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာပါ။  မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ လာမယ့် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံသို့သွားရောက် လေ့ကျင့်ခြေစမ်းပွဲတွေ ကစားဖို့ရှိနေတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။  ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မလေးရှားနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၂၉ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာတော့ မြန်မာအမျိုးသမီးအသင်းက တတိယ ကြေးတံဆိပ်ဆု ရရှိခဲ့ပြီး  ဝင်းသိင်္ဂီထွန်းက ၆ ဂိုး သွင်းယူပေးခဲ့ကာ ပွဲစဉ်တလျောက် ဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
3 years Ago
Up