close

မြန်မာအမျိုးသမီး "စု"

close

July 24, 2021

Master Chef US ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး "စု" Top 9 အဆင့်ကို တက်လှမ်း

အမေရိကန်ပြည်ထောင်စုမှာ လက်ရှိပြသနေတဲ့ တီဗွီရှိုး နာမည်ကြီး စားဖိုမှူးပြိုင်ပွဲ Master Chef US ပြိုင်ပွဲမှာ မြန်မာအမျိုးသမီး "စု"က Season 11 Episode 8 မှာ ပထမရရှိပြီး Top 9 အဆင့်ကို တက်လှမ်းသွားပါတယ်။

ဒီတပတ်ရဲ့ Episode 8 ပြိုင်ပွဲမှာ အမျိုးအစား ၅ ခု ပါဝင်တဲ့ ကယ်လီဖိုးနီးယား ဟင်းလျာတစ်မျိုးကို ချက်ပြရတာဖြစ်ပြီး စုဟာ ပုဇွန်ကင် စတိုင်တမျိုးချက်ပြခဲ့ပါတယ်။ 

ချက်ပြုတ်ချိန် တစ်နာရီ ရတဲ့အထဲမှာ ၅၈ မိနစ်ရောက်မှ အဓိကအမယ်ဖြစ်တဲ့ ပုဇွန်ကို စုက စကင်တာမို့ အကဲဖြတ်ဒိုင်တွေ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရပါသေးတယ်။ သူ့ရဲ့ဟင်းလျာကို ရွေးချယ်မြည်းစမ်းခဲ့ရာမှာတော့ ဒိုင်အားလုံးရဲ့ ချီးကျူးမှုကို စုရရှိခဲ့ပါတယ်။

မြန်မာပြည်မှာလည်း Master chef ပြိုင်ပွဲကို ထုတ်လုပ်ပြသဖူးတာမို့ ပရိသတ်ရင်းနှီးပြီးသား တီဗွီရှိုးတစ်ခုဖြစ်ပြီး နိုင်ငံတကာမှာတော့ လူအများစိတ်ဝင်စားအာပေးတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ 

ဒီနှစ် Master Chef US ပြိုင်ပွဲမှာ ထူးခြားချက်က ပုံမှန်ဒိုင်တွေနဲ့အတူ legends လို့ဆိုတဲ့ ဂန္တဝင်စားဖိုမှူးတွေ အပတ်တိုင်း အလှည့်ကျ ပါဝင်အကဲဖြတ်တာဖြစ်ပြီး ဒီနှစ် ပြိုင်ပွဲဝင် ၁၅ ဦးသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဟူစတန်၊တက္ကဆက်မှာ နေတဲ့ အသက်(၃၀)အရွယ် Food Blogger စုဟာ မြန်မာမှာ မွေး၊ မြန်မာမှာ ကြီးပြင်းခဲ့တာပါလို့ ဖြေကြားခဲ့ပြီး အရည်အချင်းစစ်ပြိုင်ပွဲမှာ မြန်မာ့အစားအစာ အုန်းနို့ခေါက်ဆွဲကို ပုဇွန်နဲ့ ထည့်ချက်ပြကာ အကဲဖြတ်ဒိုင်တွေရဲ့ နှစ်သက်ချီးမွမ်းမှုကို ခံရသလို Master Chef US မှာ ပါဝင်ယှဉ်ပြိုင် ရွေးချယ်ခံရတဲ့ ပထမဆုံး မြန်မာအမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

5 mins Ago
Up