close

မြန်မာအမြဲတမ်းကိုယ်စားလှယ်

close

August 4, 2022

လုံခြုံရေးကောင်စီအနေဖြင့် R2P သုံးပြီး အမြန်ဆုံးအရေးယူဆောင်ရွက်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်က တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီအင်အားစုတွေဆီ စစ်ရေးထောက်ပံ့တာတွေပါတဲ့ R2P မူဝါဒကိုသုံးပြီး ဖြစ်နိုင်တဲ့ အရေးယူတာတွေ အမြန်ဆုံးချမှတ်လုပ်ဆောင်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက  တောင်းဆိုလိုက်ပါတယ်။

ဩဂုတ် ၃  ရက်က Asia Society Policy Institute က ဦးစီးကျင်းပတဲ့ “မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော ရက်စက်ဆိုးဝါးသည့် ပဋိပက္ခအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်း” ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲမှာ ပြောခဲ့တာဖြစ်ပြီး တရားမဝင်စစ်တပ်အုပ်ချုပ်မှုရှိနေသရွေ့ ဘယ်သောအခါမှ ပဋိပက္ခဖြစ်တာတွေ ပြီးမှာ မဟုတ်ဘဲ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်တပ်ရဲ့ ရက်စက်ယုတ်မာတာတွေကို တားဆီးပေးဖို့ကိုလည်း တောင်းဆိုပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံဟာ အလုံးစုံပျက်သုဉ်းတဲ့နိုင်ငံ ဖြစ်လာဖို့ ဦးတည်နေတဲ့အပေါ် အင်မတန် စိုးရိမ်နေတယ်လို့ ပြောပြီး နိုင်ငံတကာ အသိုက်အဝန်းကို အချက် ၆ ချက် တောင်းဆိုခဲ့ပါတယ်။

ဒါတွေကတော့ စစ်အာဏာရှင်ရဲ့ နိုင်ငံတကာ ကိုယ်စားပြုမှုတွေအားလုံးကို ဆိုင်းငံ့ရပ်ဆိုင်းဖို့၊ လူသားမဆန်တဲ့ စစ်တပ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေရဲ့ ငွေစီးဆင်းမှုလမ်းကြောင်းအားလုံးကို ဖြတ်တောက်ဖို့၊ အာဆီယံအစည်းအဝေးတွေမှာ စစ်တပ်အာဏာရှင်ကို ကိုယ်စားပြုခွင့်မပေးဖို့၊ စစ်တပ်အုပ်ချုပ်မှုရပ်တန့်ရေးအတွက် နောက်ထပ်အရေးယူဆောင်ရွက်ရန်ဖို့နဲ့ အာဆီယံ သဘောတူညီချက် ၅ ချက်ကို ပြန်သုံးသပ်ဖို့၊ ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေနဲ့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအင်အားစုတွေဆီ တပ်ဖွဲ့တွေစေလွှတ်ဖို့နဲ့ စစ်ရေးထောက်ပံ့တာတို့ ပါဝင်တဲ့ R2P မူဝါဒကို သုံးပြီး ဖြစ်နိုင်တဲ့ အရေးယူတာတွေ အမြန်ဆုံးချမှတ်ဖို့၊ ယူကရိန်းနိုင်ငံကို ကူညီပေးသလို မြန်မာပြည်သူတွေကိုလည်း ကူညီစောင့်ရှောက်ဖို့၊ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုဖို့တို့ ဖြစ်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာစစ်တပ်ရဲ့ အဆိုးဝါးဆုံး ရက်စက်ယုတ်မာမှုနဲ့ လူသားမဆန်မှုတို့ကို တကမ္ဘာလုံးအနေနဲ့ မြင်ခဲ့ပြီးဖြစ်လို့ မြန်မာပြည်သူတွေ ပြင်းပြင်းထန်ထန် အကူအညီတောင်းဆိုနေတာကို ဆက်ပြီး လျစ်လျူမရှုသင့်ဘူးလို့ ပြောပါတယ်။

စစ်တပ်က နိုင်ငံတော် သစ္စာဖောက်ဖျက်ပြီး အာဏာသိမ်းဖို့ အကြောင်းပြခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတယ်ဆိုတာဟာလည်း မဟုတ်ဘဲ ကြီးမားတဲ့ ရွေးကောက်ပွဲ မူမမှန်တာ တစုံတရာမတွေ့ဘူးလို့ လွတ်လပ်တဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေက ထုတ်ဖော်အတည်ပြုထားတယ်လို့ ပြောပါတယ်။

စစ်တပ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တည်ငြိမ်ရေး အကြောင်းပြချက်နဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေသတ်မှတ်ထားတာ နောက်ထပ် ၆ လ သက်တမ်းတိုးတယ်လို့ ကြေညာတာဟာလည်း လုံးဝအဓိပ္ပါယ်မရှိဘဲ ပြည်သူတွေရဲ့ မွေးရာပါအခွင့်အရေးတွေကို လုယူခဲ့တာပဲ လို့ ပြောပါတယ်။

ပြီးတော့ တရားမဝင်စစ်တပ်အုပ်ချုပ်မှုရှိနေသရွေ့ ဘယ်သောအခါမှ ပဋိပက္ခဖြစ်ပွားတာတွေ အဆုံးမသတ်ဘူးဆိုတာကို အလေးထား ပြောလိုပြီး စစ်တပ်ရဲ့ ရက်စက်မှုနဲ့ ကြမ်းကြုတ်မှု သရဖူဆောင်းတဲ့ကာလဟာ တည်ငြိမ်မှုကို လုံးဝ ယူဆောင်နိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

နိုင်ငံတကာအသိုက်အဝန်းက မေတ္တာရပ်ခံတောင်းဆိုနေတဲ့ကြားကပဲ ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်သူ ၄ ယောက်ကို မကြာခင်က  ဥပဒေမဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဟာ  လူ့အသက်တွေကို စစ်တပ်က စိတ်ထင်တိုင်း စီရင်သတ်ဖြတ်တာနဲ့ လူ့အခွင့်အရေးချိုးဖောက်တာရဲ့ နောက်ထပ်သာဓကဖြစ်ပြီး စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကြားက တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေအပါအဝင် ဒီမိုကရေစီအင်အားစုတွေအကြား အရင်ကမကြုံဖူးတဲ့  စည်းလုံးညီညွတ်မှုနဲ့ စစ်တပ်အာဏာရှင်အုပ်ချုပ်မှု အဆုံးသတ်ရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် ပူးပေါင်းဆောင်နေကြတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း မစ္စတာ စကော့ မာဆီရယ် လည်း တက်ရောက်ခဲ့ပြီး မြန်မာပြည်သူတွေဟာ စစ်တပ်အုပ်ချုပ်မှုအောက်မှာ နေထိုင်ဖို့ လုံးဝဆန္ဒမရှိတာ အထင်အရှားဖြစ်ပြီး မြန်မာပြည်သူအားလုံးဟာ တညီတညွတ်တည်း စစ်တပ်အာဏာရှင်ဆန့်ကျင်နေကြကြောင်း၊ မြန်မာစစ်တပ်ဟာ အာရှမှာ Khmer Rouge အာဏာရှင်လက်ထက်နောက်ပိုင်း အဆိုးဝါးဆုံးနဲ့ အရက်စက်ဆုံးအာဏာရှင်လို့ သတ်မှတ်နိုင်ကြောင်းပြောပါတယ်။

ဒါ့အပြင် အာဆီယံသဘောတူညီချက် ၅ ရပ် ဟာ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘဲ ပြန်လည်သုံးသပ်သင့်ကြောင်း၊ အာဏာရှင် မြန်မာစစ်တပ်ဟာ ဘယ်သူ့စကားကိုမှ နားထောင်မှာမဟုတ်ဘဲ သင့်တင့်မှန်ကန်တဲ့ နိုင်ငံရေးဆွေးနွေးမှုကိုလည်း မြန်မာစစ်တပ်ဆီက ရဖို့ မဖြစ်နိုင်ကြောင်း၊ စစ်ကောင်စီကို ဖိအားအများဆုံးပေးပြီး တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တခြားမိတ်ဖက်အဖွဲ့တွေကို ငွေကြေးထောက်ပံ့သင့်တယ်လို့လည်း အမေရိကန်သံအမတ်ဟောင်းက ပြောဆိုခဲ့ပါတယ်။

6 mins Ago

September 16, 2020

ရခိုင်ပြည်နယ် ပြဿနာကို မီးလောင်ရာလေပင့်မလုပ်ရန် မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြော

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အပြုသဘောမဆောင် ချဲ့ကားပြောကြားမှု ပြုလုပ်တာဟာ ပြဿနာကို ပိုမိုဆိုးရွားစေဖို့ မီးလောင်ရာလေပင့်ပြုလုပ်ခြင်းဖြစ်တယ်လို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။  စက်တင်ဘာ ၁၄ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပတဲ့  (၄၅) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာအပေါ် အပြန်အလှန် ဆွေးနွေးရာမှာ မြန်မာကိုယ်စားလှယ်က ပြောကြားခဲ့တာပါ။ ဒီဆွေးနွေးပွဲမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် မကြုံစဖူး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အစိုးရအနေနဲ့ ကပ်ရောဂါကို တုံ့ပြန်ရာမှာ မည်သူတစ်ဦး တစ်ယောက်မျှ ကျန်ရစ်မှုမရှိစေရေး မူအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေ တယ်လို့ ပြောပါတယ်။  ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီးလည်း  အမြဲတမ်းကိုယ်စားလှယ်က ၂၀၁၆ နဲ့ ၂၀၁၇မှာ ဖြစ်ပွားခဲ့တဲ့ အာဆာအကြမ်းဖက်တိုက်ခိုက်မှုတွေဟာ နိုင်ငံတော်မှ ရေရှည်တည်မြဲတဲ့ အဖြေရရှိရေး ဆောင်ရွက်နေတဲ့အပေါ် လမ်းကြောင်းလွဲသွားစေဖို့ သိသာထင်ရှားတဲ့ ကြိုးပမ်းမှုတွေဖြစ်ကြောင်း၊ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လက်ရှိ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ် စေခဲ့ကြောင်း၊ တပ်မတော်နဲ့ အေအေအကြား တိုက်ပွဲတွေဆက်လက် ဖြစ်ပွားတာကြောင့် အခြေအနေ ပိုမိုဆိုးရွားနေကြောင်းနဲ့ WFP၊ ICRCနဲ့ ဒေသခံ NGOs တွေရဲ့ကူညီပံ့ပိုးမှုနဲ့ ထိခိုက်ခံစားရတဲ့ ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ ပေးနေကြောင်းလည်း ပြောပါတယ်။ နေရပ်စွန့်ခွာတွေ ပြန်လည်လက်ခံရေးကိစ္စနဲ့ပတ်သက်ပြီးလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူစာချုပ်ကို အကောင်အထည်ဖော်ရမှာ ပိုမိုလွယ်ကူစေဖို့ UNHCR ၊ UNDP နဲ့ အာဆီယံတို့နဲ့  ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအပေါ် လွန်ကဲတဲ့ နိုင်ငံရေးဖိအားပေးမှုတွေကို ရှောင်ရှားရန်လိုကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်မှန်တဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ အပြုသဘောဆောင်တဲ့ ထိတွေ့မှုနဲ့ကူညီဖို့လည်း မြန်မာကိုယ်စားလှယ်က တိုက်တွန်းပြောသွားပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်မင်းကြီး မစ်ရှဲလ်ဘက်ချလက်ကတော့ လက်ရှိ ရခိုင်နဲ့ ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့် ရခိုင်၊ ချင်း၊ မြို၊ ဒိုင်းနက်နဲ့ ရိုဟင်ဂျာ အသိုက်အဝန်းဟာ ပိုမိုထိခိုက်နေရပြီး အရပ်သား သေဆုံးဒဏ်ရာမှုတွေကလည်း ပိုတိုးလာတဲ့ အကြောင်း၊ မကြာသေးခင်လတွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မီးလောင်တဲ့ နေရာတွေကို ဂြိုဟ်တုကနေရော မျက်မြင်တွေထံကပါ သိရှိရတဲ့အကြောင်းနဲ့ ရိုဟင်ဂျာတွေ နေခဲ့တဲ့ကျေးရွာတွေ ရဲ့ အမည်ကို တရားဝင် မြေပုံကနေ ဖယ်ရှားတာ ရှိနေတယ်လို့  ပြောပါတယ်။ မြန်မာအစိုးရအနေနဲ့ နေရပ်စွန့်သွားသူတွေ ဂုဏ်ရှိရှိနဲ့ လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေးအတွက် လက်တွေ့လုပ်ဖို့နဲ့ နိုင်ငံတကာတရားစီရင်ရေး အဖွဲ့အစည်းတွေ၊ စုံစမ်းရေးအဖွဲ့တွေနဲ့အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် ခရီးသွားလာမှုနဲ့ ပတ်သက်တဲ့ ရှုပ်ထွေးတဲ့ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေဟာ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ အတားအဆီးဖြစ်နေကြောင်းနဲ့ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲဟာ ကတိပြုထားတဲ့ ဒီမိုကရေစီစံနှုန်းတွေကို ပြသဖို့ သက်ဆိုင်သူအားလုံးအတွက် အရေးပါတဲ့ အခွင့်အလမ်းဖြစ်တယ်လို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်မင်းကြီးက ပြောပါတယ်။ အစည်းအဝေးတက်ရောက်ခဲ့တဲ့ Progressive Voice အဖွဲ့က ဒေါ်ခင်ဥမ္မာကတော့ ကိုဗစ် ကပ်ဘေးနဲ့  တမ္ဘာလုံးမှာ အပစ်ရပ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က တောင်းဆိုထားပေမဲ့ မြန်မာနိုင်ငံမှာတော့ ပြည်တွင်းစစ် အပြင်းအထန်  ဆက်ဖြစ်နေလို့ အကျိုးဆက်ကို ဒေသခံ တိုင်းရင်းသားတွေခံစားနေရကြောင်း၊ ဩဂုတ်လမှာ အစိုးရက ငြိမ်းချမ်းရေးညီလာခံကျင်းပခဲ့ပေမဲ့  အားလုံးပါဝင်မှုမရှိသလို  ငြိမ်းချမ်းရေး အတွက် စစ်မှန်တဲ့ ခြေလှမ်းတွေ မရခဲ့ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မအောင်မြင်တဲ့အတွက်  မြန်မာနိုင်ငံ  အနှံ့အပြားမှာ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ ရာဇဝတ်မှုတွေ ဆက်ဖြစ်နေတဲ့ အကြောင်းပြောပါတယ်။  ဒါ့အပြင် ခွဲခြားဆက်ဆံတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကြောင့် ရိုဟင်ဂျာတွေဟာ မဲပေးခွင့် မရသလို ရွေးကောက်ပွဲမှာ အရွေးခံခွင့် မရကြောင်းနဲ့ အလားတူ  မွတ်ဆင်လင်တွေ၊ ဒုက္ခသည်တွေ၊ ရခိုင်၊ ချင်းနဲ့ ရှမ်းပြည်နယ်က အိုင်ဒီပီတွေ လူဦးရေ အများကြီးဟာလည်း  ဆန္ဒမဲပေးနိုင်ဖို့ မရှိဘူးလို့ လည်း ဒေါ်ခင်ဥမ္မာက အစည်းအဝေးမှာ ပြောပါတယ်။ ဓာတ်ပုံ- MOFA
2 years Ago
Up