close

မြန်မာအလုပ်သမားများ

close

February 13, 2023

စမွတ်ပရကန်တွင် မြန်မာအလုပ်သမားပွဲစား ၁ ဦး အသတ်ခံရ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်မှာ  ဖေဖော်ဝါရီ ၁၂ ရက်က  မြန်မာအလုပ်သမားပွဲစား ၁ ဦး အသတ်ခံရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မနေ့ မနက် ၉ နာရီကျော်လောက်က စမွတ်ပရကန်မြို့၊ ဘန်ပူရပ်ကွက်၊ ဘန်ပူနခွန်း တိုက်ခန်းအိမ်ရာမှာ လူသေမှုဖြစ်ပွါးကြောင်း သတင်းရတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်လို့ ဘန်ပူနယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

အခင်းဖြစ်ပွါးတဲ့နေရာဟာ ၅ ထပ်တိုက်ရဲ့ ဒုတိယထပ်တိုက်ခန်း ၁ ခန်းထဲမှာဖြစ်ပြီး ပွင့်နေတဲ့တံခါးထဲ ဝင်သွားရာမှာ အခန်းလယ်မှာ မှောက်လျက်အနေအထားနဲ့ သေဆုံးနေတဲ့ တီရှပ်အင်္ကျီနဲ့ ဘောင်းဘီတိုဝတ်ထားတဲ့ အမျိုးသား ၁ ဦးတွေ့ရကြောင်း၊  လက်ပြန်ကြိုးတုပ်ထားသလို လည်ပင်းကိုလည်း အမျိုးသမီးဝတ် ဘရာဇီယာနဲ့ ပတ်ချည်ထားတယ်လို့ ဆိုပါတယ်။ အခန်းထဲမှာလည်း တစုံတရာ မွှေနှောက်ရှာဖွေထားလို့ ပစ္စည်းတွေ ပြန့်ကျဲနေတယ်လို့ ဆိုပါတယ်။  

ရှေ့ရင်ဘတ်မှာ ချွန်ထက်တဲ့အရာနဲ့ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ နောက်ကျောမှာ ၁ ချက်ရှိပြီး သွေးတွေအိုင်ထွက်နေကြောင်း၊ လွန်ခဲ့တဲ့ ၁၀ နာရီလောက်က သေဆုံးခဲ့တယ်လို့ ရဲတွေကယူဆ ပါတယ်။

သေဆုံးသူဟာ အသက် ၃၆ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ဘိုမိုးဟိန်းဆိုဖြစ်ပြီး သူဟာထိုင်းမှာ အနေ ကြာပြီဖြစ်ကာ မြန်မာနဲ့ ကမ္ဘောဒီးယားအလုပ်သမားတွေအတွက် အလုပ်အကိုင်ရှာဖွေပေးနေတဲ့ ပွဲစား ၁ ဦးဖြစ်ကြောင်း၊ ဝင်ငွေကောင်းပြီး ရွှေဆွဲကြိုး၊ ဟန်းချိန်း၊ လက်စွပ်တွေ ဝတ်ဆင်တတ်သူလို့   အသိဖြစ်သူမြန်မာအလုပ်သမား ဒေးဗစ်က ပြောပါတယ်။

တိုက်ခန်းအိမ်ရာလုံခြုံရေးအစောင့်က အဲဒီနေ့မနက် ၃ နာရီလောက်မှာ အမျိုးသား ၃ ယောက် တိုက်ပေါ်ကဆင်းလာတာတွေ့ကြောင်း၊ လူသေမှုနဲ့ ပတ်သက်ခြင်းရှိမရှိတော့ မသိရကြောင်း ပြောတယ်။

မနက် ၉ နာရီလောက်မှာ သူတို့အခန်းချင်းကပ်လျက် နေထိုင်သူက မနေ့ညက အဲဒီအခန်းထဲမှာ ရုန်းရင်းဆန်ခတ်အသံတွေကြားပြီး ဒီမနက် တံခါးပွင့်နေလို့ အထဲဝင်ကြည့်တာမှာ ဘိုမိုးဟိန်းလဲ ကျနေတာတွေ့တယ်လို့ လာပြောတာကြောင့်  သူလည်းသွားကြည့်ပြီး ရဲကိုအကြောင်းကြားလိုက် တာလို့ ဆိုပါတယ်။

သူ့ဇနီးကတော့ သူဟာ မဟာချိုင်သွားနေတုန်း ခုလိုဖြစ်ရတာဖြစ်ကြောင်းနဲ့ သေဆုံးသူရဲ့ ရွှေဆွဲကြိုးနဲ့ လက်စွပ်လည်းပျောက်ဆုံးသွားတယ်လို့ ပြောပါတယ်။

ရဲတွေက အလုပ်အကိုင်အကျိုးအမြတ်တွေနဲ့လည်း ပတ်သက်နိုင်တယ်လို့ ယူဆပြီး လောလောဆယ် အနီးနားတဝိုက် စီစီကင်မရာတွေ ပြန်စစ်ဆေးနေပါတယ်။

12 mins Ago

April 27, 2020

မြန်မာအလုပ်သမားများ ကိုဗစ် ၁၉ ကူးစက်ခံရမှု ထိုင်းကျန်းမာရေးက အကြောင်းမကြားသေးဟု သံအရာရှိပြော

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ၅၀ ကျော် ကိုဗစ် ၁၉ ကူးစက်ခံရတဲ့ အကြောင်းကို သတင်းတွေကနေတဆင့်သာ သိရှိရပြီး ထိုင်းကျန်းမာရေးဌာနက မြန်မာသံရုံးကို သီးသန့် အကြောင်းကြားလာတာ မရှိသေးဘူးလို့ မြန်မာသံအရာရှိ မြန်မာအလုပ်သမား သံအရာရှိ ဦးဝေလင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။ ထိုင်းနိုင်ငံမှာ တရားဝင်အနေနဲ့ရော တရားမဝင်အနေနဲ့ပါ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၂ ဦး COVID-19 ပြင်းထန်းအဆုတ်ရောင်ရောဂါ ကူးစက်ခံနေရတယ်လို့  ထိုင်းပီဘီအက်စ် တီဗွီသတင်းမှာ ဖော်ပြထားတာပါ။ အဆိုပါ ၅၂ ဦးမှာ ဘန်ကောက်ခရိုင် နယ်မြေ ၆ ခုထဲမှာ အလုပ်လုပ်နေသူ  ၁၈ ဦးနဲ့ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်အကျဉ်းထောင်ထဲရောက်နေသူ  ၃၄ ဦးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်ခံရသူအားလုံးကို ထိုင်းအစိုးရက အခမဲ့ကုသပေးနေလို့ အထူးကူညီစရာမလိုဘဲ ကိုဗစ် ၁၉ လူနာဖြစ်တာကြောင့် သွားရောက်ကြည့်ရှုအားပေးလို့လည်း မရဘူးလို့ သံအရာရှိက ပြောပါတယ်။ “ဒီကိုဗစ်ဖြစ်နေတဲ့အနေအထားကျတော့ ဒီထိုင်းနိုင်ငံရဲ့  ကျန်းမာရေး စောင့်ရှောက်မှုနဲ့ဆိုတော့ သူတို့က စပါယ်ရှယ်ကေ့စ်ဖြစ်တဲ့အတွက် တော်ရုံတန်ရုံဝင်ဖို့ ထွက်ဖို့ဆိုတာ မလွယ်ပါဘူး၊ မြန်မာသံရုံးကို သီးသန့်အကြောင်းကြားတာမျိုးမရှိပါဘူး။ ကျနော်တို့ တဖက်နဲ့တဖက်စုံစမ်းတာပဲရှိပါတယ်။ အိုင်ဒီစီထဲမှာ ဖြစ်သွားတဲ့ကိစ္စကို မေးကြည့်တာ သူတို့ကအဲ ဒီလူတွေကို ကျန်းမာရေးဌာနဘက်ကို လွှဲပြောင်းပေးထားတယ်လို့ ပြောတယ်။  သူတို့ကလည်း အခမဲ့ကူညီပေးနေတာ။ အိုင်ဒီစီထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာလည်း ရှိပါတယ်။ ဘန်ကောက်ထဲမှာ ဖြစ်နေတာတွေက  ကျနော်တို့မှာက အခက်အခဲလေးတွေက ဘာရှိနေလဲဆိုတော့   ဒီကိုဗစ်က ပုံမှန်ရောဂါမဟုတ်တော့  တော်ရုံတန်ရုံ  သွားတွေ့ဖို့က မလွယ်ဘူး။ ကျနော်တို့လည်း သွားရတာခက်ခဲတယ်။ သူတို့ကျန်းမာရေးဌာနက ထုတ်ပြန်မှသာ ကျနော်တို့သိနိုင်တာပါ။” ဒါ့အပြင် ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်ကာလအတွင်း အစိုးရက အရေးပေါ်ကြေညာချက်၊ ကာဖျူးအမိန့်တွေ ထုတ်ပြီး ခရီးသွားလာတာ၊ လူစုလူဝေးနေထိုင်တာ၊ အိမ်ပြင်ထွက်တာ၊ အများပြည်သူဆိုင်ရာ နေရာဌာနတွေ ပိတ်ပင်ထားတာကြောင့် အလုပ်လက်မဲ့ဖြစ်နေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်သမား သံအရာရှိရုံးက လူမှုဖူလှုံရေး အာမခံကြေးရအောင် လိုက်လံဆောင်ရွက်ပေးနေသလို ဒေသထဲက အလုပ်သမား ကူညီရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အခြေခံစားနပ်ရိက္ခာတွေ လိုက်လံ ဝေငှပေးနေတယ်လို့ ဆိုပါတယ်။  ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံပြန်ဖို့ အမည်စာရင်းပေးတဲ့ အလုပ်သမား ၅၃၀၀ ကျော်ရှိပြီလို့ မြန်မာအလုပ်သမား သံအရာရှိ ဦးဝေလင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၉၂၂ ဦး၊ သေဆုံးသူ ၅၁ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၂၅၉၄ ဦးရှိတယ်လို့ worldometers ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
3 years Ago
Up