ထိုင်းနိုင်ငံတောင်ပိုင်း၊ နာရာသီဝပ်ခရိုင်ထဲမှာ တရားမဝင်မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ ကား ၁ စီး စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်းထွက်ပြေးစဉ် မတော်တဆတိမ်းမှောက်သွားလို့ သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ The Poligens News ထိုင်းရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြပါတယ်။
မေလ ၅ ရက် ညနေ ၄ နာရီခွဲလောက်က နာရာသီဝပ်ခရိုင် ယိငေါ့မြို့နယ် တပေါယောအုပ်စု ပူကေ့ပါကုန်းရပ်ကွက် ဗလီရှေ့မှာ အဖြူရောင် SUV ကားတစ်စီး လမ်းဘေးက မြောင်းထဲထိုးကျသွားကြောင်းသတင်းရတဲ့အတွက် အရေးပေါ်လူနာတင်ကားနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါကားပေါ်မှာ တရားမဝင်မြန်မာလုပ်သား ၁၃ ဦး လိုက်ပါလာပြီး မတော်တဆထိခိုက်မှုကြောင့် ၂ ဦးသေဆုံးကာ ကျန်သူတွေ ဒဏ်ရာရခဲ့ကြောင်း၊ ထိ ခိုက်ဒဏ်ရာရသူတွေကို ရှေးဦးသူနာပြုစုပြီး ယိငေါ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒေသခံလူမှုကွန်ရက်တွေမှာတော့ ရဲကားက အဆိုပါ ကားနောက် လိုက်ဖမ်းရင်း အနောက်ကနေ ဝင်တိုက်ကာ တိမ်းမှောက်သွားတဲ့အခါ ဆင်းမကြည့်ဘဲ ဆက်မောင်းသွားတယ်လို့လည်း ပြောဆိုနေကြပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဘူရီမြို့မှာ မြန်မာအလုပ်သမားတယောက်ဟာ တော်လှန်ရေးအတွက် အလှူငွေ ဘတ် ၁၁၀၀၀ ကို အလွဲသုံးစားလုပ်တယ်ဆိုကာ ဧပြီလ ၂၃ ရက်က လူပုံအလယ်မှာ ကြိမ်ဒဏ်နဲ့ အပြစ်ပေးရိုက်နှက်ခံခဲ့ရပါတယ်။
ဒီဖြစ်စဉ်ကို ထိုင်းရောက် မြန်မာအလုပ်သမားအရေးတွေကို ကူညီ ဆောင်ရွက်ပေးနေတဲ့ MHAC (Myanmar Humanitarian Action Center) အဖွဲ့ကနေ သွားရောက် ကူညီဖြေရှင်းပေးခဲ့ပြီး အရိုက်ခံရသူ ကာယကံရှင်နဲ့ တဖက် ရိုက်တဲ့သူတို့က အချင်းချင်း ကျေအေးကာ အမှုမဖွင့်လိုတဲ့ အတွက် အမှုမဖွင့်ဘဲ အလှူငွေကို ပြန်လည် လျော်ကြေးပေး ပြီးဆုံးသွားတယ်လို့ သိရပါတယ်။
MHAC အဖွဲ့ ဦးဆောင်သူ ကိုရဲမင်းက “အရိုက်ခံရတဲ့သူက ထောက်ပို့လုပ်တယ်။ အဲဒီမှာ ငွေစာရင်း အလွဲသုံးစား လုပ်တယ်ဆိုပြီး ပေါ်ပေါက်တယ်။ သူ နေထိုင်ခွင့်အထောက်အထား စာအုပ်လုပ်ဖို့ ယာယီ ယူသုံးထားတယ်။ ဒါကို သူ့အနေနဲ့ လိမ်တာမဟုတ်ဘူး။ ပိုက်ဆံထွက်တာနဲ့ ပြန်ထည့်ပေးမယ်။ ကြားကာလမှာ လိမ်တယ်ဆိုပြီး ဖြစ်တယ်။ သူက ငွေကြေး အလွဲသုံးစား လုပ်တယ်ဆိုပြီး ဖြစ်သွားတယ်။ အဲဒီမှာ NUG က တာဝန်ပေးတယ်ဆိုပြီး အလွဲသုံးစား လုပ်တယ်ဆိုပြီး ကျောတရာ ရင်တရာ ကြိမ်ဒဏ်ပေးတယ်ဆိုပြီး ကြိမ်နဲ့ ရိုက်တာပေါ့။ အားလုံး ဝိုင်းတားလို့ ရပ်လိုက်တာပေါ့။ အချက် ၂၀ ရိုက်မယ်ဆိုပြီး ၉ ချက် ရိုက်တာ။ ငွေကြေး အလွဲသုံးစား လုပ်တာ လိမ်တာ တပိုင်းပေါ့။ ကိုယ့်နိုင်ငံသားအချင်းချင်း ထိုင်းနိုင်ငံ လူမြင်ကွင်းမှာ ရိုက်တာ အမြင်မတော်ဘူးပေါ့။ အဲ့ဖြစ်စဉ်ကို ဝင်ဖြေရှင်းတာပေါ့။ မြန်မာလုပ်သား အချင်းချင်းပေါ့။ ရိုက်တဲ့သူကလည်း ထောက်ပို့လုပ်တာ။ ရိုက်ခံရတဲ့သူကလည်း ထောက်ပို့လုပ်တာ မြန်မာပြည်သား အချင်းချင်းပဲ။ အရိုက်ခံရတဲ့သူက လုံခြုံမှု မရှိဘူးဆိုပြီး ကိုရဲမင်းတို့အဖွဲ့ကို အကူအညီ တောင်းလာလို့ ဒါကို ဖြေရှင်းပေးတာပေါ့”လို့ ဒီဗွီဘီကို ပြောပါတယ်။
အရိုက်ခံရသူ ကိုသုခက “ကျနော့် အရေးပေါ် ကိစ္စအတွက် စီအိုင်စာအုပ် လုပ်ရန်အတွက် ခဏတဖြုတ် ယူသုံးတယ်။ လကုန်ရင် ပြန်လှူမယ်ဆိုပြီး ရည်ရွယ်ထားတဲ့အချိန်မှာ အဲဒါကို ရှင်းပြတယ် လက်မခံဘူး။ ပြည်သူ့ရဲ့ ချွေးနဲစာတွေကို ခဏတဖြုတ် ယူသုံးတယ် အလွဲသုံးစား လုပ်တယ်ဆိုပြီး ကျနော့်ကို ရိုက်တာပေါ့”လို့ ဖြစ်စဉ်ကို ပြောပါတယ်။
ရိုက်နှက်ခံရသူနဲ့ ရိုက်နှက်ခဲ့သူ နှစ်ယောက်လုံးက ပြည်သူကို မှားယွင်းကြောင်း ပြန်လည် တောင်းပန်ထားပြီး ထိုင်းရောက် မြန်မာတွေကတော့ အခုလို လူမြင်ကွင်းမှာ အာဏာရှင်ဆန်ဆန် ရိုက်နှက်တာဟာ အမြင်မသင့်တော်ဘူးလို့လည်း ဝေဖန်ပြောဆိုကြတာတွေ ရှိနေပါတယ်။
ကာယကံရှင်ဘက်က အမှုဖွင့်ချင်တဲ့ ဆန္ဒမရှိတာကြောင့် အမှု မဖွင့်ပေးခဲ့ပေမဲ့ NUG အစိုးရကို သတင်းပို့ မှတ်တမ်းတင်ထားပြီး ရိုက်နှက်ခဲ့သူက NUG အစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ပေးလို့ ရိုက်နှက်ခဲ့တာလို့ ပြောဆိုခဲ့တာကြောင့် NUG အစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ကို တော်လှန်ရေးမှာ ပုံမှားရိုက်တဲ့ ကိစ္စဖြစ်တဲ့အတွက် NUG ပြည်ထဲရေးမှာ အမှုဖွင့် တိုင်ကြားထားတယ်လို့ ကိုရဲမင်းက ပြောပါတယ်။
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်က ဆောက်လုပ်ရေးခွင်ထဲမှာ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၃ ဦးကို ဧပြီ ၂၈ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ဒေသတွင်းသတင်းဌာနက ဖော်ပြထားပါတယ်။
စမွတ်ပရာကန်ခရိုင်၊ ဘန်ဖလီဒေသကတံတားအနီးမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ တရားမဝင် မြန်မာနိုင်ငံသားတွေ အလုပ်လုပ်ကိုင်နေတယ်လို့ သတင်းရရှိခဲ့တဲ့အတွက် ထိုင်းလဝကနဲ့ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ မြန်မာနိုင်ငံသား အထောက်အထားမဲ့ ၂၃ ဦးကို တွေ့ရှိဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဘန်ဖလီဒေသလဝက ရဲမှူးကြီးကိုယ်တိုင်ဦးဆောင် စစ်ဆေးရာမှာ အလုပ်သမားအများအပြား ထွက်ပြေးသွားခဲ့ကြပြီး ဖမ်းဆီးမိသူတွေမှာ အလုပ်လုပ်ကိုင်ခွင့်အထောက်အထား တစုံတရာမတွေ့ရှိခဲ့ဘူးလို့ ဒေသတွင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
စစ်ဆေးချက်အရ အဲဒီလုပ်ငန်းခွင်က အလုပ်သမားခေါင်းဆောင်ဟာ တရုတ်နိုင်ငံသား အလည်အပတ်ဗီဇာနဲ့ လာရောက်ခဲ့ပြီး ထိုင်းနိုင်ငံသားအယောက်ဆောင်က အလုပ်လုပ်ကိုင်နေတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင်မြန်မာနိုင်ငံသား ၂၃ ဦးနဲ့ အလုပ်သမားခေါင်းဆောင် တရုတ်နိုင်ငံသားတို့ကို ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးဥပဒေအရအရေးယူနိုင်ဖို့ ဘန်ဖလီရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်ကလည်း ဖက်တလုန်းခရိုင်နဲ့ ကန်ချနာပူရီခရိုင်ထဲမှာ တရားမဝင် မြန်မာနိုင်ငံသားအယောက် ၇၀ ကို ဖမ်းဆီးရမိခဲ့ပြီး တပတ်အတွင်း တရားမဝင် မြန်မာနိုင်ငံသား ၁၀၀ လောက်ကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။