close

မြန်မာအသင်း

close

May 12, 2023

ထိုင်းကိုအနိုင်ရပြီး မြန်မာအမျိုးသမီးအသင်း ဆီးဂိမ်းဗိုလ်လုပွဲတက်

ဒီနေ့ညနေယှဉ်ပြိုင်ကစားသွားတဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအမျိုးသမီး အသင်းဟာ ထိုင်းအမျိုးသမီးအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အ နိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။

မြန်မာအသင်းဟာ ပွဲအစ မိနစ် ၂၀ အတွင်း ၂ဂိုးပေးလိုက်ရပေမဲ့ နောက်ကလိုက်ကစားပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။ 

ပထမပိုင်း ပြီးခါနီးမှာ ရူပါခိုင်းက ပထမချေပဂိုးသွင်းခဲ့ပြီး ဒုတိယပိုင်းစစချင်းမှာလဲ ဝင်းသိင်္ဂီထွန်း က ဒုတိယချေပဂိုးသွင်းပါတယ်။ ၂ ဂိုးပေးလိုက်ရပြီးကတည်းက ကစားပုံပိုကောင်းလာတဲ့ မြန်မာအသင်းဟာ ချေပဂိုး ၂ ဂိုးရခဲ့သလို ပွဲချိန် ၅၃ မိနစ်မှာ စန်းသော်သော်က အနိုင်ဂိုးထပ်သွင်းခဲ့ပါတယ်။ အဲဒီနောက်အနိုင်ရလဒ်ကို ထိန်းကစားခဲ့ပြီး ပွဲပြီးခါနီးမှာ လူစားဝင်တိုက်စစ်မှူး မြတ်နိုးခင်က စတုတ္ထဂိုး သွင်းခဲ့တာဖြစ်ပါတယ်။ 

မြန်မာအသင်းဟာ ၂၀၀၅ ဖိလစ်ပိုင်ဆီးဂိမ်းနောက်ပိုင်း ဆီးဂိမ်းဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာဖြစ်ပါတယ်။ 

အခုနှစ် ဆီးဂိမ်းပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတာဖြစ်ပြီး မြန်မာအသင်းနဲ့ ဗီယက်နမ် အမျိုးသမီးအသင်းတို့ရဲ့ ဗိုလ်လုပွဲကိုတော့ မေ ၁၅ ရက်နေ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

10 hours Ago

May 9, 2023

အကြိုဗိုလ်လုပွဲတွင် မြန်မာအမျိုးသမီးအသင်း ထိုင်းနှင့် တွေ့ဆုံဖွယ်ရှိ

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) အမျိုးသမီး ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတက်ခဲ့တဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ တဖက်အုပ်စုက အုပ်စုပထမရနိုင်တဲ့ ထိုင်းနဲ့တွေ့ဖို့ရှိပါတယ်။ 

မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ မလေးရှားကို ၅ ဂိုး ၁ ဂိုးနဲ့ ပြတ်ပြတ်သားသားအနိုင်ရခဲ့ပြီး ဂိုးကွာခြားချက်အရ အုပ်စုဒုတိယနဲ့ အကြိုဗိုလ်လုပွဲတက်ခဲ့တာပါ။ 

အုပ်စု A မှာ ဗီယက်နမ်၊ မြန်မာ နဲ့ ဖိလစ်ပိုင်တို့က ၂ ပွဲနိုင် ၁ ပွဲရူံးရလဒ်တွေနဲ့ ရမှတ် ၆ မှတ်စီ တူညီခဲ့ပေမဲ့ ဂိုးကွာခြားချက်အသာရတဲ့ ဗီယက်နမ် နဲ့ မြန်မာတို့က အကြိုဗိုလ်လုပွဲတက်ခဲ့တာပါ။ 

အုပ်စု B မှာ ထိုင်းအသင်း နဲ့ ကမ္ဘောဒီးယားတို့ အကြိုဗိုလ်လုပွဲတက်ခဲ့ပြီး အုပ်စု နောက်ဆုံးပွဲစဉ်မှာ သူတို့အချင်းချင်းထိပ်တိုက်တွေ့နေပြီး ထိုင်းကသရေကစားရုံနဲ့ အုပ်စုပထမနေရာရမှာပါ။ 

ဒါပေမဲ့ ထိုင်းအသင်းရဲ့ ခြေစွမ်းအဆင့်တန်းက ကမ္ဘောဒီးယားထက် များစွာသာလွန်နေလို့ ထိုင်းအသင်းပဲ အုပ်စုပထမနေရာ ရနိုင်လို့ မြန်မာနဲ့ အကြိုဗိုလ်လုပွဲမှာ တွေ့ဆုံဖို့ သေချာသလောက်ရှိပါတယ်။ အကြိုဗိုလ်လုပွဲတွေကို မေ ၁၂ ရက်နေ့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

3 days Ago
Up