close

မြန်မာ့ကျောက်မျက်ရတနာ

close

February 17, 2023

မြန်မာ့ကျောက်မျက်ရတနာတွေကို သပိတ်မှောက်ရန် အဆိုတော် ရီဟားနားကို တောင်းဆို

အဆိုတော် ရီဟားနားအနေနဲ့  မြန်မာ့ကျောက်မျက်ရတနာတွေအပေါ် သပိတ်မှောက် ဒဏ်ခတ်ပိတ်ဆို့မှုမှာ ပူးပေါင်းပါဝင်ဖို့  မြန်မာစစ်အာဏာရှင် ဆန့်ကျင်သူတွေက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ရီဟားနားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်က ကျင်းပတဲ့ အမေရိကန် Super Bowl 2023 ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ ပထမပိုင်းအပြီး ပြုလုပ်တဲ့ ဖျော်ဖြေပွဲမှာ သူဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတွေထဲက ပတ္တမြားလက်စွပ်ဟာ မြန်မာပြည်ကလာတဲ့ တွင်းထွက် ပတ္တမြားကျောက်မျက်နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

အဲဒီလက်စွပ်ကို မြန်မာနိုင်ငံက ကျောက်မျက်ရတနာ အများအပြားကို ရောင်းချနေတဲ့ နယူးယောက်မြို့က ကျောက်မျက်ရတနာဆိုင်ဖြစ်တဲ့ Bayco Jewels ကုမ္ပဏီက ဖန်တီးထားတာဖြစ်ပြီး လက်စွပ်တန်ဖိုးက အမေရိကန် ဒေါ်လာ ၁ သန်း တန်ကြေးရှိတယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

အဆိုတော် ရီဟားနားရဲ့ လက်စွပ်ဟာ အပူပေးပြုပြင်ထားခြင်းမရှိတဲ့ ၁၉ ဒသမ ၄၇ ကာရက်ရှိ ရှားပါးတွင်းထွက် သကြားလုံးပုံဖြတ် မြန်မာ့ပတ္တမြားအပါအဝင် ပလက်တီနမ်မှာ တွဲစပ်ထားတဲ့ ၅ ဒသမ ၆၆ ကာရက်ရှိ တြိဂံပုံနဲ့ အရောင်မဲ့အနားလုံးစိန်တွေနဲ့ ၁၈ ကာရက် ရွှေဝါတွေကို ပေါင်းစပ်ပြုလုပ်ထားတယ်လို့ ကုမ္ပဏီပိုင် အင်စတာဂရမ် စာမျက်နှာကနေ ဖော်ပြထားပါတယ်။

ကျောက်မျက်တူးဖော် ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းဟာ အကြမ်းဖက်စစ်ဆင်ရေးတွေနဲ့ လက်နက်ဝယ်ယူရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ စစ်ကောင်စီအတွက် အဓိက ဘဏ္ဍာရှာဖွေပေးနေတဲ့ လုပ်ငန်းတွေ ဖြစ်တယ်လို့ JFM က ထောက်ပြထားပါတယ်။

ပေါ့ပ်အဆိုတော် ရီဟားနားဟာ မြန်မာနိုင်ငံ အာဏာသိမ်းဖြစ်စဥ် အစောပိုင်းကာလမှာ ကမ္ဘာကသိအောင် ဒီဖြစ်စဥ်ကို ကူညီမီးမောင်းထိုးပြခဲ့တဲ့ အနုပညာရှင်တယောက် ဖြစ်ပါတယ်။

ဒါပေမဲ့ ကမ္ဘာကျော်ပေါ့စတား ရီဟားနားတယောက် သူဝတ်ဆင်ခဲ့တဲ့ မြန်မာ့ပတ္တမြားကြောင့် ရက်စက်ကြမ်းကြုတ်တဲ့မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်သူတွေရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုကို ကြုံခဲ့ရပါတယ်။

သူ့လိုပဲ တတ်ကြွလှုပ်ရှားကြတဲ့ မြန်မာနိုင်ငံက အနုပညာရှင်တွေ အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူတွေကိုတော့ အကြမ်းဖက်စစ်အုပ်စုက ဥပဒေမဲ့ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာတွေ ကျူးလွန်ထားပြီး ဒီသွေးထွက်သံယိုမှုတွေအတွက် ကျောက်မျက်ကဏ္ဍကရတဲ့ ဝင်ငွေတွေဟာ ဒေါက်တိုင်တခုအနေနဲ့ စစ်အုပ်စုအတွက် အရေးပါနေတယ်လို့ JFM က ပြောဆိုထားပါတယ်။

အမေရိကန်ပြည်ထောင်စုက မြန်မာ့ကျောက်မျက်လုပ်ငန်းကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ပေမဲ့ မြန်မာ့ကျောက်မျက်တင်သွင်းမှုကို ပိတ်ပင်တာမျိုး မရှိခဲ့ဘဲ ရောင်းဝယ်မှုတွေ ဆက်လုပ်ကိုင်ခွင့် ပေးထားပါတယ်။

Bayco Jewels ဝက်ဘ်ဆိုက်မှာ လက်ရှိ ကြော်ငြာထားတဲ့ အနည်းဆုံးပစ္စည်း ၉ မျိုးဟာ မြန်မာနိုင်ငံကရတဲ့ ပတ္တမြားနဲ့ နီလာတွေ ပါဝင်နေသလို ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ လူ့အခွင့်အရေးမူဝါဒ ဒါမှမဟုတ် ကျောက်မျက်ရင်းမြစ်နဲ့ဆိုင်တဲ့ တာဝန်ယူမှုရှိတဲ့မူဝါဒတွေ ပါဝင်တာမျိုး မရှိတဲ့အပြင် ပတ္တမြားတူးဖော်ထုတ်လုပ်ရေးမှာ နာမည်ကျော်တဲ့ မိုးကုတ်မြို့က ပတ္တမြားနဲ့ နီလာတူးဖော်မှု အသေးစားလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ Bayco ကုမ္ပဏီက ဖော်ပြထားပါတယ်။

ဒါကြောင့် Justice For Myanmar အပါအဝင် မြန်မာ့လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက နာမည်ကျော် ပေါ့ပ်စတား ရီဟားနားအနေနဲ့ မြန်မာ့ကျောက်မျက်တွေကို သပိတ်မှောက်ပြီး ကျောက်မျက်တင်သွင်းမှုကို ပိတ်ပင်ကာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ တောင်းဆိုနေကြတာပဲ ဖြစ်ပါတယ်။

မြန်မာ့ကျောက်မျက်ရတနာရောင်းချမှုတွေတဆင့် စစ်အာဏာရှင်တွေကို အထောက်အပံ့ဖြစ်စေတဲ့ မြန်မာ့ရတနာတွေ ရောင်းဝယ်ဖောက်ကားတာကို ကန့်သတ်တားဆီးဖို့ Justice for Myanmar က တောင်းဆိုလိုက်ပါတယ်။ 

5 mins Ago

November 24, 2021

မြန်မာ့ကျောက်မျက်ရတနာများကို အိန္ဒိယနိုင်ငံဇာစ်မြစ်အမည်တပ်ပြီး ရောင်းချနေမှု ကန့်ကွက်

အိန္ဒိယနိုင်ငံ အခြေစိုက် Vaibhav Global ကျောက်မျက်ရတနာကုမ္ပဏီဟာ မြန်မာနိုင်ငံကထွက်တဲ့ မိုးကုတ်၊ မိုင်းရှုးပတ္တမြားတွေနဲ့ မြန်မာ့ကျောက်မျက်တွေကို အိန္ဒိယနိုင်ငံ ဇာစ်မြစ်အမည်တပ်ပြီး Amazon၊ Overstock စတဲ့အွန်လိုင်းကုမ္ပဏီတွေအပြင် ဝက်ဘ်ဆိုက်တွေ ရုပ်သံချန်နယ်တွေကတဆင့် ဆက်လက်ရောင်းချနေတာဟာ လက်ခံနိုင်စရာ မရှိတဲ့အကြောင်း Justice for Myanmar အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

အခုလို အမေရိကန်နိုင်ငံရဲ့ အထင်ကရ အွန်လိုင်းအရောင်းဆိုင်တွေက မြန်မာ့ကျောက်စိမ်းနဲ့ ပတ္တမြားတွေကို ဆက်လက်ရောင်းချနေခြင်းဟာ မြန်မာပြည်သူလူထုကို အကြမ်းဖက်ချေမှုန်းနေတဲ့ စစ်ကောင်စီအတွက် အကျိုးအမြတ်ဖြစ်စေတယ်လို့လည်း ဝေဖန်ကန့်ကွက်ထားပါတယ်။ 

စစ်အစိုးရကို တိုက်ရိုက်အကျိုးပြုနေတဲ့  MGE မြန်မာ့ကျောက်မျက်လုပ်ငန်းဟာ အမေရိကန်အစိုးရက အရေးယူပိတ်ဆို့တဲ့စာရင်းထဲမှာ ပါဝင်နေပေမယ့် မြန်မာ့ကျောက်မျက်တွေကို အမေရိကန်နိုင်ငံတွင်း တင်သွင်းခွင့် ပိတ်ပင်မှုမရှိသေးတဲ့အတွက် ဆက်လက် ကုန်သွယ်ရောင်းဝယ်နေနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ကျောက်စိမ်းနဲ့ ပတ္တမြား စီးပွားရေးလုပ်ငန်းလိုင်စင်တွေအတော်များများကို ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီပိုင် မြန်မာ့စီးပွားရေးဉီးပိုင်လီမိတက်ကို အမေရိကန် ဗြိတိန်နဲ့ ဉရောပသမဂ္ဂက ပြီးခဲ့တဲ့မတ်လနဲ့ ဧပြီလတွေကတည်းက အရေးယူပိတ်ဆို့ခဲ့ပါတယ်။

မြန်မာ့ကျောက်မျက်လုပ်ငန်း MEG ကိုလည်း အမေရိကန် ဘဏ္ဍာရေးဌာန ဗြိတိန် ဉရောပသမဂ္ဂတွေက ပိတ်ဆို့အရေးယူထားပါတယ်။

Amazon အွန်လိုင်းရောင်းဝယ်ရေးမှာ မြန်မာ့ပတ္တမြားလက်စွပ် လက်ကောက်နဲ့ ဆွဲသီးတွေ တင်ပြရောင်းချနေပြီး မူရင်းဇာစ်မြစ်နိုင်ငံကိုတော့ အိန္ဒိယလို့ စာရင်းသွင်းထားပါတယ်။ မိုးကုတ် မိုင်းရှုး ပတ္တမြားတွေလို့ ဖေါ်ပြရောင်းချမှုတွေလည်းရှိနေပြီး မူရင်း ဇာစ်မြစ်နိုင်ငံကို အိန္ဒိယလို့ပဲ ဖေါ်ပြထားပါတယ်။

Overstock အရောင်းဝက်ဘ်ဆိုက်မှာလည်း အိန္ဒိယပိုင် Vaibhav Global ကထုတ်လုပ်တယ်ဆိုတဲ့ ကျောက်စိမ်းနဲ့ ပတ္တမြားတွေကို Burmese Jade ၊ Burmese Ruby လို့ အမည်တပ်ထားပေမယ့် မူရင်း ဇာစ်မြစ်နိုင်ငံ အိန္ဒိယလို့ပဲ စာရင်းသွင်းထားပါတယ်။ 

Walmart အွန်လိုင်းအရောင်းဆိုင်ကတော့ ပြီးခဲ့တဲ့အောက်တိုဘာလကတည်းက မြန်မာ့ ကျောက်စိမ်းနဲ့ ပတ္တမြားတွေကို အရောင်းစာရင်းကနေ ဖယ်ရှားခဲ့တယ်လို့ Justice for Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက တင်သွင်းခဲ့ပြီး အမေရိကန် ကွန်ဂယက်လွှတ်တော်က ကြားနာဖို့ရှိတဲ့ Burma Act 2021 ရဲ့ Section 203  (ပုဒ်မ ၂၀၃)  အရ မြန်မာနိုင်ငံက ကျောက်မျက်တွေ အမေရိကန်နိုင်ငံတွင်း တင်ပို့ခွင့်ကို ကန့်သတ်နိုင်မှာဖြစ်တဲ့အတွက် Burma Act 2021ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး  အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မြန်မာ ပြည်သူလူထုနဲ့ အတူရပ်တည်ဖို့လည်း Justice for Myanmar က တိုက်တွန်းထားပါတယ်။ 

1 year Ago
Up