close

မြန်မာ့စီးပွားရေး

close

February 1, 2023

မြန်မာ့စီးပွားရေး စစ်တပ်အာဏာမသိမ်းခင်ကာလထက် ၁၀ ရာခိုင်နှုန်းကျော် ဆက်လက်ကျဆင်း

လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ လွန်ခဲ့တဲ့ ၂ နှစ်  စစ်တပ်အာဏာမသိမ်းမီ ကာလနဲ့ နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်းကျော် ဆက်လက်ကျဆင်းမှု ရှိနေသေးတယ်လို့ စီးပွားရေးသုတေသီတွေက သုံးသပ်ပြောပါတယ်။

မြန်မာ့စီးပွားရေးဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် ပြည်တွင်းမှာ နိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ အာဏာသိမ်းစစ်ကောင်စီအပေါ် အယုံအကြည်မရှိတဲ့အတွက် ဘဏ်လုပ်ငန်းတွေပါ ယိုင်နဲ့ခဲ့ရပြီး တိုင်းပြည်စီးပွားရေးကလည်း ၂၀၂၁ ခုနှစ်မှာ အနုတ် ၁၈ အထိ ကျဆင်းခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ မြန်မာ့စီးပွားရေးဟာ အနည်းငယ်တည်ငြိမ်စရှိလာတဲ့အတွက် ၁ ရာခိုင်နှုန်း တိုးတက်မှုရှိလာပြီး ၂၀၂၃ ဘဏ္ဍာနှစ်မှာ ၃ ရာခိုင်နှုန်းအထိ တိုးတက်မှု ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

ဒါပေမဲ့ ဒီတိုးတက်မှုက စစ်တပ်မှ အာဏာမသိမ်းမီ ကာလနဲ့နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်းကျော် ဆက်လက် ကျဆင်းမှု ရှိနေသေးတယ်လို့ သုတေသီတွေက ထောက်ပြထားပါတယ်။

စီးပွားရေးသုတေသီတဦးက “အခု ၃ ရာခိုင်နှုန်းဆိုတော့ မဆိုးဘူးလို့ ပြောရမယ်။ ဘာကြောင့်လဲဆို ၂၀၂၁ တုန်းက ကျနော်တို့က အနုတ် ၁၈ အထိ ဖြစ်ခဲ့တာနော်။ ပြီးတော့ ၂၀၂၂ မှာ ၁ ရာခိုင်နှုန်း ပြန်တက်လာတယ်။ အခု ၂၀၂၃ မှာ ၃ ရာခိုင်နှုန်း တက်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားတယ်ပေါ့။ ဆိုတော့ ကျနော်တို့ဆီမှာ စစ်တပ်က အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေး ကျဆင်းခဲ့တာကို ပြန်ကြည့်ရင် ၈၈ ကာလတုန်းကလည်း တိုင်းပြည်စီးပွားရေးက ဘယ်လောက်ကျခဲ့လဲဆိုရင် အနုတ် ၁၁ အထိကျခဲ့ရတယ်။ စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၀ မှာ တိုင်းပြည်စီးပွားရေးက အခြေအနေ တော်တော်လေးကောင်းခဲ့ တယ်နော်။ အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာ ကျနော်တို့က စံချိန်တင်နိုင်ခဲ့တယ်။ ကိုဗစ်ကိုလည်း ထိန်းချုပ်နိုင်ခဲ့တယ်။ စီးပွားရေးကလည်း အနုတ်လက္ခဏာအထိ မဆင်းသွားဘူး။ ဒါပေမဲ့ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်မှ ဆင်းသွားတာ။ ဆင်းသွားတဲ့နှုန်းကလည်း အနုတ် ၁၈ ဆိုတော့ အရမ်းကျသွားတယ်။ ဒါက စစ်တပ် အာဏာမသိမ်းမီနဲ့ အာဏာသိမ်းပြီးနောက် ခြားနားချက်ပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီ့အပြင် စိုးရိမ်စရာအချက်က နိုင်ငံတွင်းမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ စစ်ကောင်စီက တင်းကျပ်ထားတဲ့ မူဝါဒတွေကြောင့် မြန်မာ့စီးပွားရေးဟာ တိုးတက်စရာ လမ်းမမြင်ဘူးလို့ စီးပွားရေး ပညာရှင်တဦးကလည်း အခုလို မှတ်ချက်ပေးပါတယ်။

“စစ်ကောင်စီရဲ့ စီးပွားရေးပေါ်လစီပေါ့။ သူက သွင်းကုန်တွေကို အရမ်းထိန်းချုပ်ထားတယ်။ ထိန်းချုပ်ရတဲ့ အကြောင်းရင်းက ဒေါ်လာတွေ စီးထွက်မှာ စိုးရိမ်လို့လေ။ အရမ်းတင်းကျပ်လိုက်တော့ လုပ်ငန်းရှင်တွေက လိုအပ်တဲ့ သွင်းကုန်တွေသွင်းလို့ မရတော့ဘူး။ လုပ်ငန်းရှင်တွေ သွင်းချင်တဲ့ ပစ္စည်းတွေက ဦးစားပေး စာရင်းထဲမှာ မပါဘူးဆိုရင် သွင်းလို့ မရဘူး။ ဒါက ပေါ်လစီကြောင့် ဖြစ်ရတာ။ နောက်တခု အကျပ်အတည်းက ဒေါ်လာဈေးမြင့်တဲ့အတွက် သူတို့ သွင်းကုန်ဈေးတွေကလည်း မြင့်ကုန်ပြီး အဲ့ဒီ့အတွက် အကျပ်အတည်း ထပ်ဖြစ်ရတယ်။ နောက်ဆုံးအချက်က လုံခြုံရေးအခြေအနေ မကောင်းဘူး။ အဲ့တော့ စီးပွားရေးလုပ်ရတာ ခက်တယ်။ ကုန်ဈေးနှုန်းတွေ တက်လာတဲ့အတွက် အလုပ်သမားတွေကလည်း လုပ်ခလစာ တိုးတောင်းလာရတယ်။ ဒီတော့ စီးပွားရေးလုပ်တဲ့သူ ဘက်က ကြည့်ရင်လည်း အခက်အခဲ ပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်။ ဒီအချက်တွေကြောင့် တိုင်းပြည်စီးပွားရေးက တိုးတက်လာစရာ အကြောင်း မရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာ့စီးပွားရေးက မသေချာ မရေရာမှုတွေနဲ့ ကြုံတွေ့နေရဆဲဖြစ်ပြီး ပဋိပက္ခတွေဟာ စီးပွားရေးလုပ်ငန်းတွေကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ကမ္ဘာ့ဘဏ်က ဇန်နဝါရီ ၃၀ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးဟာ ၂၀၂၃ ဘဏ္ဍာနှစ်မှာ တိုင်းပြည်ရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP)  တိုးတက်မှုနှုန်း  က ၃ ရာခိုင်နှုန်းခန့် တိုးတက်လာဖို့ ရှိတယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

တဖက်မှာလည်း ငွေကြေးဖောင်းပွမှုနှုန်း အပါအဝင် အလုပ်အကိုင် ဖန်တီးပေးနိုင်မှု စတဲ့ စီးပွားဆိုင်ရာ အချက်တွေနဲ့ ချိန်ထိုး ကြည့်ပါက အဆိုပါ တိုးတက်မှု ရာခိုင်နှုန်းဟာ ဘာမှ မဟုတ်ဘူးလို့ စီးပွားရေးပညာရှင် တဦးက အခုလို သုံးသပ်ပြောပါ တယ်။

“ကျနော်တို့က တိုင်းပြည်စီးပွားရေး တိုးတက်မှု ရှိ မရှိကို GDP growth rate နဲ့ ကြည့်ကြတယ်။ ဒါပေမဲ့ တဖက်မှာ ဘာလိုလဲဆိုတော့ အဓိက အချက်  ၂ ချက်ကို ထပ်ကြည့်ကြရတယ်။ အဲ့ဒါက ငွေကြေးဖောင်းပွမှုနှုန်း မြှင့်လား နိမ့်လား ကြည့်ရသေးတယ်။ တခါတလေကျရင် စီးပွားရေးတိုးတက်မှုနှုန်းက ၃ ရာခိုင်နှုန်း ဆိုပေမဲ့ ငွေကြေးဖောင်းပွမှုနှုန်းက အနည်းဆုံး ၅ ရာခိုင်နှုန်း ရှိနေတယ်ဆိုရင် သူက စီးပွားရေးတိုးတက်မှုနှုန်းကို သွားစားလိုက်တယ်။ ဒါဆိုရင် စီးပွားရေးတိုး တက်မှုနှုန်းက ဘာမှ မရှိဘူးလို့ ပြောလို့ရတယ်နော်။ ငွေကြေးဖောင်းပွမှုနှုန်းက ကျနော်တို့ အပြင်မှာ ခန့်မှန်းနေတာက ၂၀ နဲ့ ၃၀ ရာခိုင်နှုန်း ပြောနေကြတာ ရှိတယ်။ နောက်တချက်က အလုပ်အကိုင်ဖန်တီးပေးနိုင်မှုကို ကြည့်ရတယ်။ ဒါပေမဲ့ ပြဿနာက အလုပ်အကိုင်ဖန်တီးပေးနိုင်တဲ့ data အချက်အလက်တွေက မြန်မာပြည်မှာ မရတာများတယ်။ အဲ့ဒီ့ အဓိက အချက် ၂ ချက် ကြည့်ပြီးသွားရင် နောက်ထက်ကြည့်ရတာက အစိုးရဘတ်ဂျက်ရဲ့ လိုငွေ ပိုငွေတို့။ ကုန်သွယ်မှုနဲ့ ပတ်သတ်တဲ့ လိုငွေ ပိုငွေ ဒါတွေ ထပ်ကြည့်ကြရသေးတယ်။ ဆိုတော့ ၃ ရာခိုင်နှုန်းဆိုတာက ခုနအချက်တွေနဲ့ ချိန်ထိုးကြည့် လိုက်ရင် ဘာမှ မဟုတ်ဘူးနော်။ တခါ အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ကျတော်တို့ နည်းတယ်။ ထိုင်းနဲ့ ဗီယက်နမ် ဆိုရင် ၅ ရာခိုင်နှုန်း နဲ့ ၆ ရာခိုင်နှုန်း ရှိတယ်။ သူတို့ကတော့ အရှိန် ရနေပြီ။ မြန်မာကတော့ နောက်တကြိမ် နောက်ကျကျန်ရစ်နေရပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာ့စီးပွားရေးဟာ ကိုဗစ် ပထမလှိုင်း နဲ့ ဒုတိယလှိုင်း ကြုံတွေ့စဉ်ကာလက အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်ရင်သိသာစွာ ကျဆင်းမှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကိုဗစ် တတိယလှိုင်းနဲ့အတူ စစ်တပ်မှ အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေးဟာ လက်ရှိမှာတော့ ရေတိမ်နစ်နေရတယ်လို့ စီးပွားရေးသုတေသီတဦးကလဲ အခုလို မှတ်ချက်ပေးပါတယ်။

“နိုင်ငံတကာက လေ့လာထားတာ ရှိပါတယ်။ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလမှာ အာဆီယံဒေသတွင်း နိုင်ငံတွေမှာ စီးပွားရေးက တော်တော်ကျသွားတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက အဲ့လောက် မကျခဲ့ဘူး။ မကျဘူးဆိုတာက အနုတ်လက္ခဏာ ဆင်းမသွားဘူးပြောတာ။ အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာ တချို့နိုင်ငံတွေက အနုတ်လက္ခာ ဆင်းသွားကြတယ်။ ကျနော် တို့က အဲ့ဒီကာလမှာ ထိန်းချုပ်နိုင်ခဲ့တယ်။ မထိန်းချုပ်နိုင်တာက ကိုဗစ် တတိယလှိုင်း အတိအကျပြောရရင် ၂၀၂၁ ဇူလိုင် သြဂုတ် ဖြစ်တာ။ အဲ့ကာလက စစ်တပ်က အာဏာသိမ်းပြီး ကာလပေါ့နော်။ အဲ့ဒီ့မှာ အဓိက အကျပ်အတည်းကြီး ၂ ခု သွားကြုံခဲ့ရတယ်။ ၂၀၂၁ ဖေဖော်ဝါရီမှာ စစ်အာဏာသိမ်းခဲ့တဲ့ အကျပ်အတည်း နဲ့ ၂၀၂၁ ဇူလိုင် သြဂုတ်မှာ ကိုဗစ် တတိယလှိုင်း ဖြစ်ခဲ့တာ။ ဒီအကျပ်အတည်းက အရမ်းကြီးခဲ့တဲ့အတွက် တိုင်းပြည်စီးပွားရေးက အနုတ် ၁၈ ဖြစ်သွားခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံတွေဆိုင်ရာ ကမ္ဘာ့ဘဏ်ရဲ့ ညွှန်ကြားရေးမှူး မာရီအမ်ရှားမန်းကက “၂၀၂၂ ခုနှစ် ကုန်ခါနီးမှာ စီးပွားရေးအခြေအနေတွေ တိုးတက်လာပေမဲ့ မကြာသေးမီက စီးပွားရေးညွှန်းကိန်းတွေက ရောထွေးနေတယ်လို့ ပြောဆိုထားပါတယ်။ ဒီ့အပြင် ပဋိပက္ခတွေ ဆက်ဖြစ်နေချိန်မှာ မိသားစုတွေဟာ မလုံခြုံမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ အထူးသဖြင့် စိုက်ပျိုးရေး ကဏ္ဍမှ ကုမ္ပဏီတွေဟာ စရိတ်စက မြင့်မားမှုနဲ့နှောင့်နှေးမှုတွေ ကြုံတွေ့နေရပါတယ်။ အရေးကြီးတဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ဆောင်မှုတွေအတွက်  ရန်ပုံငွေ ထောက်ပံ့မှုက ကျဆင်းနေပြီး ပြည်သူ့ ဝန်ဆောင်မှုအပေါ် ယုံကြည်မှုက ကင်းမဲ့လို့ နေပါတယ်။ ဒီပြဿနာတွေက မြန်မာ့စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေတယ်လို့” ဆိုပါတယ်။

ဒါ့ကြောင့် နိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ဆိုးရွားတဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ မူဝါဒ အပြောင်းအလဲတွေဟာ မြန်မာ့စီးပွားရေးအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဆက်ရှိနေဦးမှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့ အန်အယ်လ်ဒီ အစိုးရက သက်တမ်းကာလမှာ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေအပေါ် အားပေးမှု မရှိခဲ့လို့ တိုင်းပြည်စီးပွားရေးဟာ ကျဆင်းခဲ့ရပြီး သူ့လက်ထက်မှာတော့ တိုင်းပြည်စီးပွားရေးဟာ ရာခိုင်နှုန်း တိုးတက်မှုရှိလာတယ်လို့  မိန့်ခွန်းတွေမှာ အမြဲလိုလို ပြစ်တင်ဝေဖန်လေ့ရှိပါတယ်။

5 mins Ago

June 15, 2022

မြန်မာ့စီးပွားရေးကို ကမ္ဘာဘဏ်က ခန့်မှန်းတွက်ချက်မလုပ်နိုင်တော့သဖြင့် နိုင်ငံအတွက် ဆုံးရှုံးမှု များနိုင်

စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာ မြန်မာ့စီးပွားရေးနဲ့ ပတ်သက်ပြီး တိုးတက်၊ ဆုတ်ယုတ်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေကို ကမ္ဘာ့ဘဏ်က မခန့်မှန်းနိုင်တဲ့အတွက် ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အစီရင်ခံစာမှာ မြန်မာနိုင်ငံအား ကွက်လပ်ထားပြီး ချန်လှပ်ထားပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ နှစ်စဉ် ဇွန်လမှာ ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးအစီရင်ခံစာကို ထုတ်ပြန်လေ့ရှိပါတယ်။ ဒီအစီရင်ခံစာမှာ နိုင်ငံပေါင်း ၁၅၀ ကျော်ရဲ့ စီးပွားရေးအခြေအနေအပေါ် ခန့်မှန်းတွက်ချက်ထားပေမယ့် မြန်မာနိုင်ငံနဲ့စပ်လျဉ်းပြီး ခန့်မှန်းတွက်ချက်နိုင်မှု မရှိတာကြောင့် ကွက်လပ်ထားပြီး ချန်လှပ်ထားခဲ့တာပါ။

အခုလို ချန်လှပ်ထားရတဲ့အကြောင်းရင်းက အာဏာရှင်တွေ အုပ်ချုပ်တဲ့ တိုင်းပြည်မှ အချက်အလက်တွေဟာ ယုံကြည်စိတ်ချရမှု မရှိတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေက မခန့်မှန်းနိုင်တော့တဲ့အတွက် ချန်လှပ်ထားခဲ့တာလို့ စီးပွားရေးသုတေသီတွေက ဆိုပါတယ်။

ပြည်ပရောက် စီးပွားရေးပညာရှင်တဦးက “ယခင် စစ်အစိုးရလက်ထက်မှာလည်း အဲ့လိုအခြေအနေတွေ ရှိခဲ့ဖူးတယ်။ ဒါက ကမ္ဘာ့ဘဏ် တခုတည်းတင်မဟုတ်ဘူး။ အာရှဖွံ့ဖြိုးရေးဘဏ်တို့လို နိုင်ငံတကာကထုတ်တဲ့ အစီရင်ခံစာတွေမှာ မြန်မာပြည်နဲ့ပတ်သတ်တာ မပါတော့ဘူး။ မပါရတဲ့ အကြောင်းရင်က ယုံကြည်မှု မရှိလို့ဘဲ။ နောက်တချက်က စစ်အစိုးရက ဒီလိုကာလမျိုးမှာ သူတို့ သုံးချင်တဲ့ ကာကွယ်ရေးအသုံးစရိတ်နဲ့ လုံခြုံရေးအသုံးစရိတ်တွေကို အများကြီးသုံးတာရှိတယ်။ အဲဒါတွေကို ကမ္ဘာကို မသိစေချင်ဘူး။ ဒီ့အတွက်ကြောင့် အချက်အလက်တွေ မပို့တာလည်း ဖြစ်နိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထုတ်တဲ့ အစီရင်ခံစာတွေဟာ သက်ဆိုင်ရာနိုင်ငံမှ အုပ်ချုပ်သူတွေက တာဝန်ခံပြီး ပို့ပေးရတာ။ အခုကတော့ အာဏာရှင်အစိုးရ ဆိုတော့ ထုံးစံအတိုင်း သူတို့ လုပ်ချင်တာ လုပ်ကြတာပေါ့။ ဒါကြောင့်လည်း မယုံကြည်လို့ ချန်လှပ်ထားခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီမိုကရေစီအစိုးရလက်ထက်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ပွင့်လင်းမြင်သာမှုလည်း ရှိတာကြောင့် အုပ်ချုပ်သူ အစိုးရမှ ပေးပို့တဲ့အချက်အလက်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက ယုံကြည်မှု ရှိတဲ့အတွက် မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို ထုတ်ပြန်ပေးခဲ့တာရှိပါတယ်။

မြန်မာနိုင်ငံနည်းတူ အာဖဂန်နစ္စတန်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်နဲ့ လက်ဘနွန် နိုင်ငံတို့ရဲ့ စီးပွားရေးအခြေအနေကိုလည်း ကမ္ဘာ့ဘဏ်က ထည့်သွင်းမတွက်ချက်ဘဲ ချန်လှပ်ထားပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေက ထည့်သွင်းမတွက်ချက်ဘဲ ချန်လှပ်ထားခဲ့တဲ့ အကျိုးသက်ရောက်မှုက အဆိုပါနိုင်ငံအတွက် ဆုံးရှုံးမှု များစွာ ရှိတဲ့အကြောင်း စီးပွားရေးသုတေသီတဦးက အခုလို သုံးသပ်ပြောပါတယ်။

“အချက်အလက်ကိန်းဂဏန်း ဆိုတာမျိုးက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ကုန်သွယ်ရေးအပေါ်မှာ အရမ်း အဓိကကျတယ်။ သူတို့က တိုင်းပြည်တပြည်ရဲ့ စီးပွားရေးကိုကြည့်တဲ့အခါမှာ အဲဒီကိန်းဂဏန်းတွေကို စစ်ဆေးကြတာ။ ဒီတိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေက တိုးတက်လား၊ ကျနေလား။ ပြီးတော့ ဒီတိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ အခြေအနေကောင်းရဲ့လား ဆိုတာက အချက်အလက်တွေကို ကြည့်ပြီး ဆုံးဖြတ်ကြတာလေ။ အခုတော့ အဲဒီအချက်အလက်တွေ မရတော့ဘူးဆိုတော့ ရင်းနှီးမြှုပ်နှံသူတွေက ဒီနိုင်ငံအပေါ် စိတ်ဝင်စားမှု လျော့ကျစေတယ်။ ဒီအကျိုးဆက်က နိုင်ငံတကာအကူအညီနဲ့ နိုင်ငံတကာအထောက်အပံ့တွေ မလာနိုင်တော့ဘူး။ ဘာကြောင့်လဲဆို ဒီခေတ်မှာက သတင်းအချက်အလက် စီးဆင်းမှုက အရမ်းအရေးကြီးတယ်လေ။ အခုဆိုရင် အရေးကြီးတဲ့ စီးပွားရေးသတင်းတွေက ပျောက်သွားပြီဆိုရင် နိုင်ငံတကာမှ အကူအညီတွေလည်း မျှော်မှန်းလို့ မရတော့ဘူး။ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုလည်း မလာနိုင်တော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီး ၆ လတာအကြာ ဇူလိုင်လမှာ ကမ္ဘာ့ဘဏ် က မြန်မာ့စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ဒီ့အပြင် အခုနှစ် အစောပိုင်းထုတ်ပြန်ချက်မှာ မြန်မာ့စီးပွားရေးဟာ ၁ ရာခိုင်နှုန်းသာ တိုးတက်ဖို့ ရှိပြီး အလွန်စိုးရိမ်စရာ အခြေအနေလည်း ရှိတယ်လို့ မြန်မာ၊ကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ညွှန်ကြားရေးမှူး မာရီယန်ရှာမန်က ပြောဆိုထားပါတယ်။

“ပဋိပက္ခတွေ လတ်တလောမှာ ဆက်တိုက်ဖြစ်လာတာကြောင့် ပထမတချက်က လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ရှုထောင့်က စိုးရိမ်စရာ ရှိပြီး စီးပွားရေးလုပ်ငန်းတွေအပေါ် နောက်ဆက်တွဲ သက်ရောက်မှုတွေ ရှိလာနိုင်တယ်” လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာပါ ဖော်ပြချက်အရ အာဆီယံဒေသတွင်းနိုင်ငံတွေမှာ ကမ္ဘောဒီးယားက ၄ ဒသမ ၅ ရာခိုင်နှုန်း၊ လာအိုက ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ထိုင်းက ၂ ဒသမ ၉  ရာခိုင်နှုန်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့က ၅ ရာခိုင်နှုန်းအထက် တိုးတက်မယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

8 months Ago
Up