ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကနေ ၂၈ ရက်အထိ ၁ လနီးပါးအတွင်း စစ်ကောင်စီတပ်က အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီးဦးရေ ၅၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူ ၄၃ ယောက်ထိ ရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ပါတယ်။
အဆိုပါ သေဆုံးအမျိုးသမီး ၅၅ ယောက်ထဲမှာတော့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီ ကြီးကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်က အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံး ကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး ၄၅ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။
BWU က ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာကတော့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ အချက်အလက်တွေကို အဓိက ကိုးကားထားတဲ့အပြင် ခိုင်လုံတဲ့ သတင်းမီဒီယာတွေကနေရတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး စုစည်းတင်ပြထားကာ လက်တွေ့မြေပြင် အခြေအနေမှာ သတင်းအချက်အလက် လက်လှမ်းမီနိုင်ဖို့ အခက်အခဲတွေ ရှိတာကြောင့် ကိန်းဂဏန်းတွေဟာ အခုထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဧပြီ တလနီးပါးအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးဦးရေ ၄၃ ယောက်ထဲမှာတော့ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတွေက အများဆုံးပါဝင်ခဲ့ပြီး တိုင်းနဲ့ ပြည်နယ်အနှံ့က မြို့တွေ အတော်များများ ပါဝင်နေတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက အခုနှစ် ဧပြီ ၂၈ ရက်အထိ ကာလတွေအတွင်းမှာတော့ အကြမ်းဖက်စစ်တပ်သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီးဦး ရေ ၅၁၃ ယောက် ရှိလာခဲ့ကာ ဖမ်းဆီးခံရသူပေါင်း ၃၃၉၀ နဲ့ ပြစ်ဒဏ်ချမှတ်ခံရတဲ့ အမျိုးသမီးဦးရေ ၈၁၉ ယောက်ထိ ရှိလာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၂ နှစ်ကျော်ကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။
နိုင်ငံတဝန်းမှာလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပြီး စစ်အုပ်စုကတော့ ခုချိန်ထိတိုင် သူတို့ကို ဆန့်ကျင်တဲ့ အမျိုးသမီး၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုတွေကအစ မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကို မင်းမဲ့စရိုက်ဆန်ဆန် ကျူးလွန်နေကြတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ ထိခိုက်ဆုံးရှုံးခဲ့ကြရတဲ့ ပြည်သူတဦးချင်းစီအတွက် တရားမျှတမှု ပြန်လည်ဖော်ဆောင်ပေးသွားမယ်လို့ ကြေညာထားပါတယ်။
“မှေးမှိန်နေသော ဉပဒေလမ်းကြောင်းနှင့် အမျိုးသမီးအရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ စကားဝိုင်းကို ဩဂုတ် ၂၄ ရက် ထိုင်းစံတော်ချိန် မနက် ၁၀ နာရီကနေ ၁၁ နာရီခွဲအထိ ကျင်းပခဲ့ပါတယ်။
အဆိုပါစကားဝိုင်းကို မြန်မာ့အမျိုးသမီးသမဂ္ဂ- BURMESE WOMEN'S UNION က ဦးဆောင်ကျင်းပခဲ့ပြီး တိုက်ရိုက် Live ထုတ်လွှင့် ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဒေါ်နိုးနိုးစံက ဦးဆောင်ခဲ့ပြီး အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ဒေါ်မေစံပယ်ဖြူနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးကွန်ရက် တည်ထောင်သူ မဝေဝေနုတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
‘နိုင်ငံတခုအပေါ်မှာ ဥပဒေဟာ နိုင်ငံသားအားလုံးအတွက် သာတူညီမျှမှုရှိအောင်၊ ငြိမ်းငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်အောင်၊ တဦးချင်းဆီရဲ့ အခွင့်အရေးနဲ့ အများဆိုင်ရာ အခွင့်အရေးတွေကို တရားဝင်ရရှိအောင်၊ လူ့အသိုင်းအဝိုင်းရဲ့ လူမှုတန်ဖိုးကို ဖော်ထုတ်ပေးထားတာဖြစ်တယ်’ ဆိုတဲ့ အချက်အလက်တွေအောက်က မတူညီတဲ့ မေးခွန်းတွေနဲ့ ပဋိပက္ခကာလအလွန် မြန်မာနိုင်ငံရဲ့ ဥပဒေမူတွေ ပြန်လည်ပြန်ဆင်ရေးဆွဲမှုမှာ အမျိုးသမီးတွေအတွက် ကာကွယ်ပေးမယ့် ဥပဒေမူကြမ်းတွေနဲ့ အမျိုးသမီးဆိုင်ရာ အခွင့်အလမ်းတွေ ဘယ်လိုတင်သွင်းနိုင်မလဲဆိုတဲ့ ခေါင်းစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူညီမျှ လူ့အခွင့်အရေး ရရှိဖို့ကို ဆယ်စုနှစ်တခုကြာ ကြိုးပမ်းခဲ့ကြပါတယ်။
၁၉၉၇ ခုနှစ်က ဆီဒေါလို့ခေါ်တဲ့ အမျိုးသမီးတွေကို နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ရေး နိုင်ငံတကာ သဘောတူညီမှုစာချုပ်မှာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်အတွင်း အလုံးစုံခွဲခြားဆက်ဆံမှုပပျောက်ရေး၊ တန်းတူညီမျှရေး၊ အစိုးရတွေရဲ့ လုပ်ငန်းတာဝန်ဆိုတဲ့ သဘောတူညီချက် ၃ ခုကို ထားရှိခဲ့ပါတယ်။
အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာအမျိုးသမီးတွေဟာ ဆယ်စုနှစ်တခုကြာ ကြိုးပမ်းခဲ့ရတဲ့ အမျိုးသမီးအခွင့်အရေးတွေနဲ့ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရတာကြောင့် ပဋိပက္ခအလွန် မြန်မာ့ဥပဒေမူကြမ်းကို ပြန်လည်ပြင်ဆင်တဲ့အခါမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေနဲ့ ဥပဒေအကာအကွယ်ရရှိဖို့လည်း ဆွေးနွေးပွဲ စကားဝိုင်းတွေနဲ့ လူထုကမ်ပိန်းတွေကဆင့် ကြိုးပမ်းနေကြပါတယ်။
“ကောင်းမွန်တဲ့ ဥပဒေနဲ့ လူ့အခွင့်ရေးဆိုင်ရာ အချက်တွေ ရှိနေပေမဲ့ ဥပဒေရဲ့အထက်မှာ တခုခုခံနေမယ်ဆိုရင် နိုင်ငံတခုရဲ့ တရားဥပဒေစိုးမိုးမှုဆိုတာဟာ ရှိလာမှာမဟုတ်ပါဘူး။ ဒါကြောင့် ဥပဒေရဲ့အထက်မှာ ဘယ်သူမှရှိမနေဖို့ဟာ အရေးကြီးတဲ့ကိစ္စရပ်တခုဖြစ်တယ်” လို့ အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ဒေါ်မေစံပယ်ဖြူက ဆွေးနွေးပွဲအတွင်း ပြောကြားခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာအမျိုးသမီးတွေဟာ လူ့အခွင့်အရေးနဲ့ အမျိုးသမီးဆိုင်ရာ ရပိုင်ခွင့် အခွင့်အရေးတွေ အများဆုံး ချိုးဖောက်ခံနေရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ဒီနေ့အထိ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၃,၁၀၄ ယောက် အပါအဝင် လက်ရှိအချိန်ထိ အဖမ်းခံထားရဆဲ စုစုပေါင်း ၂,၃၅၁ ယောက်နဲ့ ပြည်လည်လွတ်မြောက်လာသူ အမျိုးသမီး စုစုပေါင်း ၇၄၄ ဦး ရှိထားပါတယ်။