ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်ဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်လို့ လက်မခံတဲ့အကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဌာနက ဒီဇင်ဘာ ၂၃ ရက်မှာ ကြေညာပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ပါအချက်တွေဟာ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်း ရေးအတွက် အပြုသဘော အကျိုးဖြစ်ထွန်းမှုမရှိစေဘဲ၊ နိုင်ငံရေးသွတ်သွင်းရန် ရည်ရွယ်ထားတဲ့ အချက်တွေကိုသာ ဦးစားပေးထားတယ်လို့ လည်းဆိုပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ တောင်းဆိုထားတာပါဝင်တဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်မှာ ကန့်ကွက်သူမရှိ အတည်ပြုချက်မှတ်လိုက်တဲ့အပေါ် အာဏာသိမ်း စစ်ကောင်စီက တုံ့ပြန်လိုက်တာပါ။
မြန်မာနိုင်ငံအခြေအနေဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ထိခိုက်သက်ရောက်မှုမရှိဘဲ ပြည်တွင်းရေးသာဖြစ်လို့ အခုလို ဆုံးဖြတ်ချက်ချတာဟာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနဲ့ မညီညွတ်ဘဲ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ အချက်များစွာ ပါဝင်တယ်လို့ ဆိုပါတယ်။
ကုလဆုံးဖြတ်ချက်မှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ တောင်းဆိုထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တည်ဆဲဥပဒေနဲ့ အညီဆောင်ရွက်နေကြောင်းနဲ့ NUG နဲ့ PDFs တို့ရဲ့ လုပ်ရပ်တွေကိုသာ ရှုတ်ချတားဆီးဖို့လိုကြောင်း စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
မြန်မာနိုင်ငံအကြောင့် မြန်မာနိုင်ငံကသာ အသိရှိဆုံးဖြစ်ပြီး ဖြေရှင်းနိုင်စွမ်းရှိကြောင်း၊ ပြည်ပနိုင်ငံတွေရဲ့ စွက်ဖက်မှုတွေနဲ့ ဖိအားတွေ ကြားဝင်ဆောင်ရွက်မှုတွေဟာ နိုင်ငံအများအပြားမှာ အောင်မြင်မှုမရရှိကြောင်း၊ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အားပေးထောက်ခံရမယ့်အစား၊ ပြည်တွင်းတည်ငြိမ်မှုကို ထိခိုက်ပျက်ပြားစေမယ့် ဖိအားပေးမှုတွေဟာ ဘယ်လိုမှအထောက်အကူမပြု ကြောင်းနဲ့ ဒီဆောင်ရွက်ချက်တွေကို လက်ခံမည်မဟုတ်ဘူးလို့ စစ်ကောင်စီကတုံ့ပြန်လိုက်ပါတယ် ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ပထမဆုံးအကြိမ်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဗီတိုအာဏာအသုံးပြုခွင့်ရှိတဲ့ တရုတ်နဲ့ ရုရှားတို့ကပါ ကန့်ကွက်ခဲ့ခြင်း မရှိပါဘူး။
Photo-MOFA
သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တညီတည်း ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။
မတ်လ ၂၄ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာကျင်းပတဲ့ အစည်းအဝေးမှာ အဖွဲ့ဝင် ၄၇ နိုင်ငံပါတဲ့ လူ့အခွင့်အရေး ကောင်စီအဖွဲ့ဝင်တွေက ကန့်ကွက်သူမရှိ၊ မဲမခွဲဘဲ ဆုံးဖြတ်လိုက်တာဖြစ်ပြီး အဏာသိမ်း စစ်တပ်က အရပ်ဘက် အုပ်ချုပ်ရေး ပြန်ပေးဖို့လည်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လက်နက်မဲ့ ပြည်သူတွေပေါ် စစ်တပ်နဲ့ရဲက အချိုးအစားမမျှအောင် အင်အားသုံးနေတဲ့အပေါ် စိုးရိမ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက မတ်လ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှု ရပ်ဖို့၊ ဥပဒေမဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်ပေးဖို့ စစ်တပ်ကို တိုက်တွန်းတယ်လို့ အမေရိကန်ကိုယ်စားလှယ်က လူ့အခွင့်အရေးကောင်စီမှာ ပြောပါတယ်။
လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံတမန်ရဲ့ လုပ်ပိုင်ခွင့်ကို နောက်ထပ် ၁ နှစ် သက်တမ်းထပ်တိုးပေးခဲ့ပြီး မြန်မာနိုင်ငံအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်ကို ဆက်လက် ထောက်ခံခဲ့တယ်လို့ ကြေညာချက် ထဲမှာ ဖော်ပြ ထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂက အဆိုတင်သွင်းပြီး မဲမပေးဘဲ ချမှတ်ခဲ့တာပါ။
ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေး အကွက်ရွှေ့တာဖြစ်ပြီး တဖက်သတ်ဆန်တယ်၊ ဘက်မလိုက်မှု ကင်းမဲ့ပြီး လွတ်လပ်မှုမရှိဘူးသလို ယုံကြည်လက်ခံနိုင်စရာမဟုတ်ဘူးလို့ မြန်မာစစ်ကောင်စီရဲ့ ဘက်က ဝေဖန်ပါတယ်။ ဆုံးဖြတ်ချက်မှာပါတဲ့ အချက်တွေဟာ ဘောင်ကျော်ပြီး အချက်အလက် အားဖြင့်လဲ မမှန်ဘူးလို့လည်း မြန်မာစစ်ကောင်စီရဲ့ ဒုနိုင်ငံခြားရေး ဝန်ကြီးကပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာရာဇဝတ်မှုခုံရုံးကနေ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူမယ့် ဖြစ်နိုင်ချေကို ရည်ညွှန်းထားတဲ့ ကိစ္စကိုလည်း နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာကို ခြိမ်းခြောက် ပြီး တိုက်ရိုက်စိန်ခေါ်တဲ့ လုပ်ရပ်လို့ သူက ပြောပါတယ်။
Photo- Reuters