close

မြန်မာ့အရေး

close

May 10, 2023

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေး

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာတို့ဟာ မေ ၉ ရက်က ဒေလီမြို့မှာ တွေ့ဆုံခဲ့ကြပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သည်တယ်လီဂရပ်ဖ် အိန္ဒိယသတင်းမှာ ဖော်ပြပါတယ်။

နိုလင်းဟေဇာနဲ့ တွေ့ဆုံဆွေးနွေးရတဲ့အပေါ် မစ္စတာ ဂျိုင်ရှန်ကာက ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်းနဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေအပေါ် အားပေးထောက်ခံပြီးတော့ အမြင်ရှုထောင့်တွေကိုလည်း အသိအမှတ်ပြု ကြိုဆိုတယ်လို့ သူ့ရဲ့ တွစ်တာလူမှုကွန်ရက်ပေါ်ကတဆင့် ရေးသားခဲ့ပါတယ်။

ဒေါက်တာနိုလင်းဟေဇာဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ကြားဝင်ဖြေရှင်းနိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၇ ရက်က နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပေမယ့် ထူးခြားတဲ့ရလဒ် မရရှိခဲ့ပါဘူး။

ဒါ့အပြင် အခုမေလဆန်းတုန်းက မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းနဲ့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါသေးတယ်။

အဆိုပါ တွေ့ဆုံမှုမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ပြန်လည်တည်ဆောက်ဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းက မြန်မာ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာသင့်တယ်လို့ ပြောလိုက်ပြီး တရုတ်နိုင်ငံဟာ တခြားနိုင်ငံတွေထက် မြန်မာနဲ့ ပိုမိုရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုရရှိဖို့ ပိုပြီးတော့ မျှော်လင့်တဲ့အကြောင်းလည်း ပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နောက်ခံအခြေအနေဟာ ရှုပ်ထွေးပြီးတော့ ဒါကို အမြန်ဆုံး ပြုပြင်ပြောင်းလဲနိုင်ဖို့တော့ ခက်ခဲမှာဖြစ်ကာ နိုင်ငံတကာအနေနဲ့ ဖွဲ့စည်းပုံနဲ့ ဥပဒေမူဘောင်တွေအောက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေကတဆင့် မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းနိုင်ဖို့အတွက် သက်ဆိုင်တဲ့ ပါတီတွေအားလုံးကို ပေါင်းကူးတံတားလုပ်ပေးပြီး ကူညီဆောင်ရွက်သင့်တယ်လို့လည်း မစ္စတာချင်ဂန်းက ပြောပါတယ်။

ဒေါက်တာနိုလင်းဟေဇာကတော့ မြန်မာနိုင်ငံရဲ့ ပြဿနာဖြေရှင်းရေးကို မြန်မာကပဲ ဦးဆောင်သင့်ပြီး ပြည်သူတွေရဲ့ ဆန္ဒကိုလေးစားသင့်တယ်လို့ ပြောလိုက်ပြီးတော့ ခုလို တွေ့ဆုံဆွေးနွေးမှုက အတိတ်ကို မပြောင်းလဲနိုင်ပေမဲ့ အနာဂတ်မှာတော့ ခြားနားမှုတခုကို ဖန်တီးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအရေး ပြေလည်အောင် မြှင့်တင်ရာမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကို ကျေးဇူးတင်ရှိကြောင်းနဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အပြုသဘောဆောင်တဲ့ ပံ့ပိုးမှုတွေ ဆက်လက် လုပ်ဆောင်သွားနိုင်ဖို့လည်း မျှော်လင့်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ကာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး တောင်းဆိုဆန္ဒပြပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်နေရပြီး မြန်မာစစ်တပ်ဟာ အတိုက်အခံတွေနဲ့ အာဏာရ အစိုးရကို ဆန့်ကျင်တဲ့ လက်နက်ကိုင် တော်လှန်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းကနေ တိုက်ခိုက်တာတွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကတော့ မြန်မာစစ်အုပ်စုက စစ်ကိုင်းတိုင်းကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပြီး ရက်ပိုင်းမှာပဲ မြန်မာနိုင်ငံမှာ ဘက်ပေါင်းစုံက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ပြီးခဲ့တဲ့လတုန်းက တောင်းဆိုထားခဲ့တာ ပါ။

မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ မဟာဗျူဟာကျတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နာဂမြေနဲ့ မဏိပူရ ပြည်နယ်တွေ အပါအဝင် အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေနဲ့ ကီလိုမီတာ ၁,၆၄၀ ရှည်လျားတဲ့ နယ်နိမိတ်ချင်းဆက်နေတာ ဖြစ်ပါတယ်။

10 mins Ago

May 8, 2023

မြန်မာ့အရေး တရုတ် ငါတကောဒီပလိုမေစီ ဘယ်လဲ

ဧပြီလလယ်ပိုင်းကစလို့ နေပြည်တော်ကို အရေးပါတဲ့ နိုင်ငံခြားသံတမန်တွေ ရောက်လာပြီး အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေနဲ့ မျက်နှာချင်းလာဆိုင်ခဲ့ကြကာ မြန်မာ့အရေးကို သူ့ရှုထောင့်နဲ့သူ တံခါးလာခေါက်ကြည့်ကြပါတယ်။

ပထမ တရုတ်ကွန်မြူနစ်ပါတီ (CPC) နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် ပင်ရှိုဘင်၊ ဧပြီ ၁၆ ရက်ကနေ ၁၉ ရက်နေ့အထိ ၄ ရက်ကြာ နေပြည်တော်မှာ စိတ်ကြိုက်နေထိုင်ကာ ဒုတိယအာဏာရှင် သန်းရွှေနဲ့လည်းတွေ့၊ သန်းရွှေခန့်လို့ သမ္မတဖြစ်လာတဲ့ သိန်းစိန်နဲ့လည်းတွေ့။ ပြီးတော့ ကြံ့ဖွတ်ဥက္ကဋ္ဌနဲ့လည်းတွေ့၊ ဒေါက်တာအေးမောင်နဲ့လည်းတွေ့။

စိတ်ဝင်စားစရာကောင်းတာက ရန်ကုန်မြို့ပေါ်မှာ NLD ဗဟိုအလုပ်အမှုဆောင်တွေ ရှိနေလျက် သူတို့နဲ့ကျ မတွေ့ဘဲ NLD ကနေ ဖယ်ရှားခံထားရတဲ့ စန္ဒာမင်းနဲ့ တွေ့ခဲ့တယ် ဆိုတာပါပဲ။ NLD နဲ့ တွေ့ချင်တယ်ဆိုရင် စန္ဒာမင်းနဲ့တွေ့ပါလို့ စစ်အုပ်စုရဲ့ လက်ညှိုးညွှန်မှုအရ တွေ့ခဲ့တာများလား။ ဒါမှမဟုတ် စစ်အုပ်စုကို မဆန့်ကျင်တဲ့သူမို့ တွေ့ခဲ့တာများလား မပြောတတ်ပါဘူး။

NLD ကနေ အဖြုတ်ခံထားရတဲ့ စန္ဒာမင်းနဲ့ တွေ့ဆုံခန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့တုန်းက အခြေအနေနဲ့ NLD ပါတီ ပြန်လည်မှတ်ပုံတင်ခွင့် ရှိ၊ မရှိ အခြေအနေတွေကို မေးမြန်းသွားကြောင်းနဲ့ NLD ပါတီအပေါ် သံယောဇဉ်ရှိကြောင်း တရုတ်သံတမန်က ပြောကြားသွားတယ်လို့  သိရပါတယ်။ NLD ပါတီကို သံယောဇဉ်ရှိတယ်ဆိုတဲ့ တရုတ်သံတမန်က NLD က အဖြုတ်ခံထားရသူတဦးကို NLD ပါတီအကြောင်း တကူးတကန့် သွားမေးခဲ့တာဆိုတော့ သံတမန်တဦးရဲ့ ကျင့်ဝတ်သိက္ခာ ဘာလဲလို့ မေးခွန်းထုတ်စရာပါပဲ။

ပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့တချက်က အဲဒီတရုတ်သံတမန်ဟာ NLD ပါတီကို ဆက်လက်ရှင်သန်စေလိုပြီး အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် ထောက်ခံမှုရှိတယ်လို့ စန္ဒာမင်းက မီဒီယာကို ပြောကြားခဲ့ခြင်းပါပဲ။

တရုတ်အစိုးရက အဲဒီတွေ့ဆုံမှုတွေနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ဖော်ပြောကြားတာမျိုး မရှိလို့ တရုတ်သံတမန်က အကြမ်းဖက်စစ်အုပ်စု ရွေးကောက်ပွဲအပေါ် ထောက်ခံမှုရှိတယ်ဆိုတဲ့ စကားအပေါ် အတည်ပြုရခက်ပေမဲ့ အရင့်အရင် မှတ်တမ်းတွေအရ စန္ဒာမင်းရဲ့စကားဟာ မှန်လောက်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

ပြောရရင် အရင့်အရင်တုန်းက စစ်အုပ်စုပြောကြားခဲ့တဲ့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ဆက်စပ်ဖော်ဆောင်ရေးဆိုတဲ့ လိုင်းပါပဲ။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် နေပြည်တော်ခရီးစဉ်ကနေ ပြန်လာပြီးနောက် အာဆီယံမူ ၅ ရပ်နဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ဆက်စပ်ဖော်ဆောင်ရေးဆိုတဲ့ လိုင်းကို သယ်ဆောင်လာခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီလိုင်းကို စစ်အုပ်စုက ဟွန်ဆန်ကနေတဆင့် နိုင်ငံတကာသိအောင် ဟွန်ဆန် ပါးစပ်ပေါက်ထဲ ထိုးထည့်ပေးခဲ့တာလို့ ထင်ရပါတယ်။

နေပြည်တော်ကနေ ဖနွမ်းပင် ပြန်ရောက်ရောက်ချင်းမှာပဲ ဟွန်ဆန်က အဲဒီလိုင်းကို မရဲတရဲ စပြောလိုက်တဲ့အခါ တရုတ်ကပါ ဟုတ်နိုးနိုး အလုပ်ဖြစ်နိုးနိုး သံယောင်လိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံရဲ့ အဓိကနိုင်ငံကြီးတွေက ခပ်ပြတ်ပြတ်ပဲ ပယ်ချလိုက်တာကြောင့် ဟွန်ဆန်ရော တရုတ်ကပါ အသံတိတ်သွားခဲ့ပါတယ်။

ဘာကြောင့် မူ ၅ ရပ်နဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ဆက်စပ်ဖော်ဆောင်ရေးကို ပယ်ချလိုက်ရပါသလဲ။ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ဆိုတာ ဘယ်လိုမှ ဆက်စပ်ဖော်ဆောင်လို့ မရအောင်ကို ပြဒါးတလမ်း သံတလမ်း ဖြစ်နေလို့ပါပဲ။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ရဲ့ အခြေခံဟာ အကြမ်းဖက်စစ်တပ်ရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုကို လက်မခံဘူး ဆိုတာကနေ မြစ်ဖျားခံခဲ့ခြင်း ဖြစ်ပါတယ်။ အာဆီယံမူ ၅ ရပ်ရဲ့ ရည်မှန်းချက်က အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ပြီး မြန်မာ့အရေး သက်ဆိုင်သူအားလုံး စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးကြကာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဆီ ပြန်သွားဖို့ပဲ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ဆိုတာက ရွေးကောက်ပွဲ ကျင်းပ၊ အဲဒီရွေးကောက်ပွဲမှာ NLD ပါတီ အပါအဝင် သူတို့ရဲ့အာဏာသိမ်းမှုကို လက်မခံတဲ့ပါတီ မှန်သမျှ မပါစေရ၊ ရွေးကောက်ပွဲလမ်းကြောင်းကနေတဆင့် တရားဝင်အာဏာသိမ်းပွဲကြီး အဖြစ် ဒီမိုကရေစီ ရွှေမှုန်ကြဲထားတဲ့ စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးဆီ ဦးတည်နေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

စစ်တပိုင်းဒီမိုကရေစီကို ဖော်စပ်ခဲ့တဲ့ သန်းရွှေတုန်းကလည်း စစ်တပိုင်းဒီမိုကရေစီ လမ်းကြောင်းပေါ် NLD တက်လာခဲ့ရင် သူတို့စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာ အချိန်မရွေး ပြာကျသွားနိုင်မယ်မှန်းသိလို့ NLD မပါတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ နောက်ပိုင်း သိန်းစိန် ကြုံတွေ့ခဲ့တဲ့ နိုင်ငံရေးအကျပ်ဆိုက်မှုနဲ့ ကြံ့ဖွတ်ကို ဟုတ်လှပြီထင်တဲ့ ဘဝင်အရ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေ NLD ပါတီ လွှတ်တော်ထဲ ရောက်လာကာ အဲဒီကနေတဆင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူထိုးလိုက်လို့ စစ်အုပ်စုမေးရိုး ဆတ်ခနဲ ကျိုးခဲ့ရပါတယ်။

မင်းအောင်လှိုင်က ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲကို အကြီးအကျယ် သင်ခန်းစာယူခဲ့တယ်။ အဲဒီသင်ခန်းစာတွေရဲ့ ပို့ချချက်ကြောင့်ပဲ သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ သူတို့စစ်ဗိုလ်ချုပ်တွေ နောင်ဘဝ ၁၀ ခါတောင် ယှဉ်နိုင်စရာမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ လုံးဝမပါစေရေးမူကို ကျစ်ကျစ်ပါ ဆုပ်ကိုင်ခဲ့ရုံတင်မက မြန်မာ့နိုင်ငံရေး မျက်နှာစာကနေပါ အပြီးတိုင် ဖယ်ရှားဖို့ အားထုတ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်ပထမပတ်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပုဂံကို လာစဉ်တုန်းက မင်းအောင်လှိုင်က သူ ကျစ်ကျစ်ပါဆုပ်ထားတဲ့မူကို လုံးဝမလျှော့စတမ်း ရပ်ခံခဲ့တာကြောင့် တရုတ်ရဲ့ အဖက်မလုပ်ခြင်းဒဏ်ကို အရှက်တကွဲ ခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက အပက်စက်ဆုံး အကြမ်းဖက်ခြင်းနည်းနဲ့ ပြည်သူကို ချေမှုန်းနိုင်မယ်လို့ မင်းအောင်လှိုင် တွက်ထားခဲ့ပုံကြောင့်လည်း မာကျောခဲ့ပုံရပါတယ်။

အခုအခါမှာတော့ တနေ့တခြား တိုက်လို့မနိုင်ဖြစ်လာတဲ့ PDF အင်အား၊ တဖြည်းဖြည်း လက်နက်တပ်ဆင်လာနိုင်တဲ့ အခြေအနေနဲ့ လေကြောင်းမကူရင် မြေပြင်မှာ ရူးခါနေတဲ့ မင်းအောင်လှိုင်တပ်ရဲ့ ဖြစ်စဉ်တွေတင်မက နိုင်ငံတကာဖိအားတွေအရပါ ဆုပ်ထားတဲ့လက်ကို တရုတ်အလိုအရ နည်းနည်းဖြည်လိုက်ပုံပါပဲ။

အဲဒါကြောင့်လည်း မေလ ၂ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း နေပြည်တော်ကို ရောက်ရှိလာတယ်လို့ သုံးသပ်ရပါတယ်။ မစ္စတာချင်ကန်းရဲ့ နေပြည်တော် ခရီးစဉ်ဟာ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာစာမျက်နှာမှာ မြန်မာနိုင်ငံဘက်က ရပ်တည်နေမှုကို ပြသခြင်းဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း စစ်အုပ်စုဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံအရေးဟာ တရုတ်က စစ်အုပ်စုဘက်က ရပ်ခံပေးလိုက်ရုံနဲ့ ပြေလည်သွားမှာ မဟုတ်သလို တရုတ်ထောက်ခံမှုကြောင့် စစ်အုပ်စုရွေးကောက်ပွဲ အထမြောက်သွားစရာ အကြောင်းမရှိပါဘူး။ မကြာသေးမီက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနဲ့ မစ္စတာချင်ကန်းတို့ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ တွေ့ဆုံပြီးနောက် တရုတ်အစိုးရသတင်းမှာ ဖော်ပြခဲ့တာ ရှိပါတယ်။ အဲဒါကတော့ မြန်မာ့အရေးကို မြန်မာနိုင်ငံကသာ ဦးဆောင်ဖြေရှင်းသင့်ပြီး ပြည်သူတွေရဲ့ဆန္ဒကို လေးစားသင့်တယ်ဆိုတဲ့ အချက်အပေါ် မစ္စနိုလင်းဟေဇာကလည်း သဘောတူတယ်လို့ ဖော်ပြခဲ့ခြင်းပါပဲ။ အဲဒီဖော်ပြချက်အပေါ်  တရုတ်အစိုးရအနေနဲ့ လက်တွေ့ အလေးထားဖို့လိုပါတယ်။

မြန်မာပြည်သူတွေရဲ့ ဆန္ဒဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းမှုကို အသက်တွေ ဘဝတွေ ရင်းပြီး တွန်းလှန်နေခြင်းဖြစ်ပြီး စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲဆိုတာ ပြည်သူတို့ရဲ့ အိပ်မက်ထဲမှာတောင် မရှိပါဘူး။ ပြည်သူတွေရဲ့ အဲဒီဆန္ဒအမှန်ကို မမြင်ချင်ယောင်ဆောင်ပြီး စစ်အုပ်စုအကြိုက်အပေါ် အခြေခံကာ မြန်မာ့အရေးကို ဖြေရှင်းဖို့ ကြိုးစားမယ်ဆိုရင်တော့ တချိန် သန်းရွှေလက်ထက်တုန်းက မြန်မာပြည်သူတို့ကြား အားကောင်းခဲ့တဲ့ တရုတ်မုန်းတီးရေးအခံဟာ ပြင်းပြင်းထန်ထန် ရုန်းကန်ထကြွလာမှာ သေချာပါတယ်။

တရုတ်အစိုးရအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ထောက်ခံကြောင်း မကြာခဏ ပြောခဲ့တဲ့ ကိုယ့်ကတိကိုယ် တန်ဖိုးထားဖို့ လိုပါတယ်။ မိမိရဲ့အင်အားကြီးမှုအပေါ် အခြေခံကာ မြန်မာ့အရေး ငါတကောဒီပလိုမေစီကို ရပ်ကာ အာဆီယံ၊ နိုင်ငံတကာအသိုင်းအဝိုင်းတို့နဲ့ ပူးပေါင်းပြီး မြန်မာ့အရေးကို ဝိုင်းဝန်းအဖြေရှာဖို့ လိုပါမယ်။

အကြမ်းဖက်စစ်အုပ်စုနဲ့ တရုတ်အစိုးရတို့ကြား လမ်းကြောင်းတခုပေါ် အတူရပ်တည်လိုက်ခြင်းဟာ မြန်မာ့အရေး ဖြေရှင်းနိုင်စွမ်းတဲ့ လမ်းစမဟုတ်ပါဘူး။ မြန်မာပြည်သူတို့ရဲ့ ဆန္ဒကို ဗိုလ်ကျစိုးမိုးဖို့ ကြိုးစားခြင်းသာ ဖြစ်ပါလိမ့်မယ်။

ထွန်းလင်း

2 days Ago
Up